Share this

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဂျဲန်ဖန်နော်တောင် ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များညီလာခံသို့ တက်ရောက်

ပြည်တွင်း ပြည်ပခရီးစဉ်
သတင်းနှင့် ပြန်ကြားရေး

ရန်ကုန်၊ ဩဂုတ် ၂၉ 

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဂျဲန်ဖန်နော်တောင်နှင့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဒေါက်တာကျော်ထွန်းတို့သည် ဒုတိယအကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များညီလာခံသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့သို့ ဩဂုတ်လ (၂၅) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ (၂၅) ရက်နေ့ ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၊ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံ ဆီးနိတ်လွှတ်တော်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများတို့က နွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

ဒုတိယဥက္ကဋ္ဌဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ် အတွင်း ဩဂုတ်လ (၂၆) ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr.Ouch Borith နှင့် တာဝန်ရှိသူများတို့နှင့် တွေ့ဆုံခဲ့ကြပါသည်။

ဩဂုတ်လ (၂၇) ရက်နေ့တွင် ဒုတိယအကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့သည် ဩဂုတ်လ(၂၈)ရက်နေ့ ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာခဲ့ရာ ဩဂုတ်လ(၂၈)ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။