နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ အမျိုးသားလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကော်မတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ထမ်းဆောင်ရသည့်တာဝန်များကို ရိုးရှင်းသည့် ဝတ္တရားတစ်ခုအဖြစ် သဘောမထားဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုပြီး စစ်မှန်သည့်စေတနာ၊ မဆုတ်မနစ်သည့် ဝီရိယတို့နှင့် အားသွန်ခွန်စိုက် လုပ်ဆောင်ကြစေလိုကြောင်း၊ ကော်မတီအချင်းချင်း အပြန်အလှန်ပူးပေါင်းညှိနှိုင်းပြီး ရေးရာကော်မတီများ၏ အရေးပါသည့် အခန်းကဏ္ဍကို လက်တွေ့လုပ်ဆောင်ချက်များနှင့် သက်သေပြကာ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ဆောင်ရွက်ပေးသည့် လွှတ်တော်၏ ကော်မတီတစ်ခုအနေဖြင့် သမိုင်းမှတ်တမ်း တင်နိုင်ကြပါစေကြောင်း၊ မိမိတို့ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် တာဝန်ကျေမဟုတ်ဘဲ စေတနာထားပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ရေးရာကော်မတီဥက္ကဋ္ဌများက ကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ကော်မတီအလိုက်လုပ်ငန်းများ စတင်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတာဝန်များ ခွဲဝေဖြန့်ထားမှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ရေးရာကော်မတီဥက္ကဋ္ဌများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အစည်းအဝေးသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)