Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်(၂၂-၉-၂၀၂၆)

Tuesday, September 22, 2026 - 16:58
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်

(၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)

[အင်္ဂါနေ့]

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦးရှိပြီး (၁၉၇)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၁ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၄။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ (၁၂)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

နှုတ်ခွန်းဆက်စကား ပြောကြားခြင်း

၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၆။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ၏ ပညာရေးဝန်ထမ်းများအား ရာထူးတိုး/ပြောင်းရွှေ့နေရာချထားပေးရာတွင် ဝန်ထမ်းများ မူလနေရပ်ဒေသရှိ အခြေခံကျောင်းများ၌ ဦးစားပေးနေရာချထားရန် အစီအစဉ် ရှိ/မရှိနှင့် ဆရာ/ဆရာမများ လစ်လပ်မှုများပြားသော ကျေးလက်ကျောင်းများတွင် ဒေသခံ ဆရာ/ဆရာမများဖြင့် အစားထိုးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရာထူးတိုး သို့မဟုတ် အပြောင်းအရွှေ့လျှောက်ထားသော ပညာရေးဝန်ထမ်း၏ ဦးစားပေးအလိုက် ဆန္ဒပြုကျောင်းနှင့် ဒေသအား လုပ်သက်ရမှတ်၊ တန်းစီဇယားတို့နှင့် လစ်လပ်နေရာတို့အပေါ်မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ/ဆရာမများ လစ်လပ်လျက်ရှိသောကျောင်းများတွင် ပညာရေးဒီဂရီကောလိပ်သင်တန်းဆင်းများအား လျာထားပြီး ခန့်ထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လတ်တလော လစ်လပ်မှုရှိနေသည့်ကျောင်းများတွင် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၏ အစီအစဉ်ဖြင့် ပြည်နယ်တွင်း အစားထိုးဖြည့်ဆည်း၍ သင်ကြားရေးအောင်မြင်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

(ခ) ဦးစိုးကြည်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်၊ သုခ(၃)လမ်းရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးလျက်ရှိသော မြေသားလမ်း (၈၂၀)ပေအား ကွန်ကရစ်လမ်းခင်းပေးရန်၊ ပြိုကျပျက်စီးနေပြီဖြစ်သော ကျောင်းခြံစည်းရိုး အုတ်တံတိုင်းနှင့် အသစ်ပြုလုပ်ရန် ကျန်ရှိသော ကျောင်းခြံစည်းရိုးအုတ်တံတိုင်း (၈၁၉)ပေအား ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလအတွင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က လိုအပ်သည့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်း(၈၁၉)ပေအား အုတ်တံတိုင်းကာရံပေးနိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်တွင်လည်းကောင်း၊ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးနေသော ကျောင်းအဝင်လမ်း (၈၂၀ ပေx ၄ ပေx ၃ လက်မထု)အား ကွန်ကရစ်လမ်းခင်းပေးနိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ဖြင့်လည်းကောင်း၊ ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဂ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂၀x၃၀x၁၂)ပေရှိ အန္တရာယ်ရှိသော တစ်ထပ်(ငုဝါဆောင်)အား ဖျက်သိမ်း၍ (၁၄၀x၃၀)ပေ RCC (၃)ထပ် ကျောင်းဆောင်သစ်တစ်ဆောင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှု အပေါ် တိုင်းဒေသကြီး၏တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဃ)ဦးစိုးမင်းစမ်း၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာရှိ ကင်းရွာ အခြေခံပညာအထက်တန်းကျောင်းမှ မြနန္ဒာကျောင်းဆောင်သည် သက်တမ်း(၂၉)နှစ်ရှိပြီး အလွန်ဆိုးရွားစွာ ပျက်စီးနေပြီဖြစ်ပါသောကြောင့် ၎င်း ကျောင်းဆောင်အား ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက အစောဆုံးဘတ်ဂျက်တွင် ထည့်သွင်းဆောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အဆိုပါကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းသားဦးရေအရ လိုအပ်နိုင်သည့်အပေါ်တွင် စိစစ်၍ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောက်လုပ်ပေးနိုင်ရေး တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(င) ဒေါ်ကျော့ယဉ်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ တစ်ထပ်ကျောင်းဆောင်(၂)ဆောင်နှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲအတွင်းရှိ နှစ်ထပ်ကျောင်းဆောင်(၁)ဆောင်တို့မှာ ကျောင်းဥပဓိရုပ် မကောင်းတော့ဘဲ ယိုယွင်းပျက်စီး ဆွေးမြည့်နေပြီဖြစ်ပါသဖြင့် ဖျက်သိမ်းခွင့်ပြုရန်နှင့် ၎င်းနေရာများတွင် အစားထိုးလျက် (၁၇၀x၃၀x၂၅)ပေ RCC နှစ်ထပ်ကျောင်းဆောင်(၁)ဆောင်နှင့် (၁၀၀x၃၀x၂၂)ပေ RCC နှစ်ထပ် ကျောင်းဆောင်(၁)ဆောင်တို့အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က အဆိုပါ ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အန္တရာယ်ရှိနေသော ကျောင်းဆောင်(၂)ဆောင်နှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင်ရှိနေသော အန္တရာယ်ဆောင်အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းခွင့်များ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားဦးရေ တိုးတက်လာသည့်အပေါ်မူတည်ပြီး ဖျက်သိမ်းသည့် မြေနေရာတွင် ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး ဦးစားပေးအစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(စ) ဦးဇော်ဝင်းသန့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကျောင်းသားလူငယ်များ မိုဘိုင်းဖုန်းအသုံးပြုမှုအန္တရာယ်မှ ကင်းရှင်းနိုင်စေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲခွင့်နှင့်ပတ်သက်၍ အမိန့်နှင့် ညွှန်ကြားချက်များ တင်းတင်း ကြပ်ကြပ်ထုတ်ပြန်၍ တားမြစ်ထားခြင်း ရှိ/မရှိ၊ ထုတ်ပြန်တားမြစ်ထားချက်အပေါ် မလိုက်နာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်ကို တိကျသော ညွှန်ကြားချက်များ ချမှတ်ပေးထားခြင်း ရှိ/မရှိ နှင့် ကလေးသူငယ်ဆိုင်ရာ အွန်လိုင်းဥပဒေရေးဆွဲ၍ ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ကျောင်းသား/ကျောင်းသူများအား ကျောင်းချိန်အတွင်း Mobile Phone ယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းတို့ကို တင်းတင်းကြပ်ကြပ် တားမြစ်သည့် စည်းကမ်းချက်များ ထုတ်ပြန်၍ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်လျက်ရှိပါကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ကျောင်းစည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်ပါက အဆင့်ဆင့်ကြပ်မတ်၍ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ Website ဖြစ်သော www.mmcertorg.mm တွင် ကျယ်ပြန့်စွာ မျှဝေဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသားလူငယ်များအား ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဟောပြောပွဲများကို ကျင်းပပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များ ကျောင်းချိန်အတွင်း Mobile Phone သုံးစွဲမှုကို ထိထိရောက်ရောက် တားဆီးနိုင်သော်လည်း ကျောင်းချိန်ပြင်ပအချိန်များတွင် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

၇။ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းများမှ လှူဒါန်းခြင်းအား အမျိုးသားလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။

၈။ အစည်းအဝေးကို ၁၁:၀၇ နာရီအချိန်တွင် ရပ်နားပြီး ဒုတိယနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်