တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးဇော်ဝင်းသန့်၊
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
မိုဘိုင်းဖုန်းများသည် လူသားတို့အတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သော်လည်း ကျောင်းသူ၊ ကျောင်းသားများအတွက် ကျန်းမာရေးနှင့် လူမှုရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ခြင်း၊ စာသင်ခန်းများအတွင်း စာသင်ကြားခြင်းကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခံရမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ Online ခြိမ်းခြောက် အကြပ်ကိုင်ခံရမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ကလေးသူငယ်နှင့် မသင့်လျှော်သည့် အကြောင်းအရာများကို ကြည့်ရှုလာနိုင်ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာစောင့်ကြည့်လေ့လာရေး အချက်အလက်များအရ ကမ္ဘာ့နိုင်ငံများအားလုံး၏ ၅၈% ဖြစ်သော ၁၁၄ နိုင်ငံရှိ စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းအသုံးပြုခြင်းအား ပိတ်ပင်ထားကြောင်း လေ့လာသိရှိရပါသည်။ ဩစတြေးလျနိုင်ငံတွင် e-Safety Commissioner နှင့် အွန်လိုင်းဘေးကင်းရေးဥပဒေ (Online Safety Act 2021)အား ပြဋ္ဌာန်းပြီး စာသင်ကျောင်းများတွင် မိုဘိုင်းဖုန်းအသုံးပြုခြင်းကို တားမြစ်ထားခြင်း၊ ထိုင်းနိုင်ငံတွင် စာသင်ကျောင်းပေါင်း (၄၃၃) ကျောင်းတို့တွင် ပညာသင်ကြားရေးဆိုင်ရာပတ်ဝန်းကျင် တိုးတက်စေရန် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲခွင့်မပြုရေး တားမြစ်ထားခြင်း၊ တောင်ကိုရီးယားနိုင်ငံတွင် မူလတန်း၊ အလယ်တန်းပညာရေးဥပဒေ The Elementary and Secondary Education Act တို့ကို ပြဋ္ဌာန်းပြီး အသက်(၁၆)နှစ်အောက် ကလေးသူငယ်များအား မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လတွင် ဥပဒေပြဋ္ဌာန်း၍ တားမြစ်ခဲ့ပါသည်။
UK နိုင်ငံတွင် အစိုးရက ကျောင်းသားများ ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုခြင်းကို တင်းကြပ်သော လမ်းညွှန်ချက်များထုတ်ပြန်၍ တားမြစ်လျက်ရှိပါသည်။ အမေရိကန်နိုင်ငံရှိ ပြည်နယ်(၅၀)အနက် ပြည်နယ် (၁၅)ခုတွင် ပြည်နယ်အဆင့်အမိန့်ထုတ်ပြန်၍ စာသင်ကျောင်းများ ကျောင်းချိန်အတွင်း ဖုန်းအသုံးပြုခွင့် တားမြစ်ချက်များ သတ်မှတ်ပြီး ပြည်နယ် (၂၄)ခုတွင် ကျောင်းများ၌ ဖုန်းအသုံးပြုမှုအား တားမြစ်ရန် မူဝါဒနှင့် စည်းကမ်းချက်များချမှတ်၍ လုပ်ဆောင်လျက်ရှိပါသည်။
ဂျာမနီ၊မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း အသက်(၁၆)နှစ်အောက် ကလေးများအတွက် Online ပလက်ဖောင်းမှတစ်ဆင့် ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်သွားမည့်အစီအစဉ်များကိုလည်း ထုတ်ပြန်ကြေငြာပြီး စတင်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များ မိုဘိုင်းဖုန်းအသုံးပြုမှုမှ အန္တရာယ်ကင်းရှင်းနိုင်စေရေးအတွက် အောက်ဖော်ပြပါ မေးခွန်းအချို့အား မေးမြန်းလိုပါတယ်ခင်ဗျာ -
(၁) အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲခွင့်နှင့်ပတ်သက်၍ အမိန့်နှင့်ညွှန်ကြားချက်များ တင်းတင်းကြပ်ကြပ်ထုတ်ပြန်၍ တားမြစ်ထားခြင်း ရှိ/မရှိ။ ထုတ်ပြန်ထားချက်အပေါ် မလိုက်နာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်ကို တိကျသော ညွှန်ကြားချက်များ ချမှတ်ပေးထားခြင်း ရှိ/မရှိ။
(၂) ကျောင်းသားကလေးသူငယ်များအား Online ပလက်ဖောင်းမှတစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုခံရခြင်း၊ အမြတ်ထုတ်ခံရခြင်းများနှင့်ပတ်သက်၍ တိုင်ကြားရန်၊အရေးယူရန်တို့အတွက် ကလေးသူငယ်ဆိုင်ရာ Online ဥပဒေရေးဆွဲ၍ ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ။ အကယ်၍ ဆောင်ရွက်ထားခြင်းမရှိပါက မည်သို့ဆောလျှင်စွာ ဆောင်ရွက်သွားမည်နှင့် အရေးကြီးအစီအမံများ ချမှတ်၍ ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိ/မရှိတို့အား လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျာ။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
ရန်ကုန်တိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးဇော်ဝင်းသန့်၊
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးဇော်ဝင်းသန့်၏ “ကျောင်းသားလူငယ်များ မိုဘိုင်းဖုန်းအသုံးပြုမှုအန္တရာယ်မှ ကင်းရှင်းနိုင်စေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲခွင့်နှင့်ပတ်သက်၍ အမိန့်နှင့် ညွှန်ကြားချက်များ တင်းတင်းကြပ်ကြပ်ထုတ်ပြန်၍ တားမြစ်ထားခြင်း ရှိ/ မရှိ၊ ထုတ်ပြန်တားမြစ်ထားချက်အပေါ် မလိုက်နာပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်ကို တိကျသောညွှန်ကြားချက်များ ချမှတ်ထားပေးခြင်း ရှိ/မရှိနှင့် ကလေးသူငယ်ဆိုင်ရာ အွန်လိုင်းဥပဒေရေးဆွဲ၍ ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်ထားခြင်း ရှိ/ မရှိ၊ ရှိပါက မည်သို့ဆောင်ရွက်ပေးသွားမည်နှင့် အရေးကြီးအစီအမံများချမှတ်၍ ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/ မရှိ” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ဖြေကြားသွားမှာ ဖြစ်ပါတယ်။
အခြေခံပညာကျောင်းများတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများကို အနှောင့်အယှက်မဖြစ်စေရန်၊ သင်ယူမှုအရည်အသွေးမြှင့်တင်စေရန်နှင့် ကျောင်းစည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးတို့၏ အဆင့်ဆင့်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများအား ကျောင်းချိန်အတွင်း Mobile Phone ယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းတို့ကို တင်းတင်းကြပ်ကြပ်တားမြစ်သည့် စည်းကမ်းချက်များ ထုတ်ပြန်၍ ကျောင်းသားကျောင်းသူများ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်လျက်ရှိပါကြောင်း တင်ပြလိုပါတယ်။
အခြေခံပညာကျောင်းသားတစ်ဦးအနေဖြင့် သတ်မှတ်ထုတ်ပြန်ထားသည့် ကျောင်းစည်းကမ်းများအား ဖောက်ဖျက်ကျူးလွန်ပါက
(က) ပထမအကြိမ်သတိပေးခြင်း(ဖုန်းကို ကျောင်းအုပ်ကြီး သို့မဟုတ် သက်ဆိုင်ရာအတန်းပိုင်ဆရာက သိမ်းဆည်းပြီး ကျောင်းဆင်းချိန်တွင် ပြန်ပေးပြီး နောက်နောင် မကျူးလွန်ရန် သတိပေးဆုံးမခြင်း)
(ခ) ဒုတိယအကြိမ်သတိပေးခြင်း(ဖုန်းကို သိမ်းဆည်းထားပြီး ကျောင်းသား၏ မိဘ/အုပ်ထိန်းသူကို ကျောင်းသို့ ကိုယ်တိုင်လာရောက်စေကာ ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းပြီးမှ ဖုန်းကို မိဘ/ အုပ်ထိန်းသူ လက်ထဲသို့ ပြန်လည်အပ်နှံပေးခြင်း)
(ဂ) နောက်ဆုံးကြိမ်အဖြစ် ဆက်လက်ဖောက်ဖျက်ပါက မိဘ၊ ဆရာအသင်း(PTA) နှင့်ညှိနှိုင်း၍ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း (ကျောင်းသားအား ကျောင်းခေတ္တရပ်နားခြင်း၊ ဖုန်းကို တစ်နှစ်ပတ်လုံး သိမ်းဆည်းထားခြင်း)တို့ အဆင့်ဆင့်ကြပ်မတ်၍ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။
နည်းပညာခေတ်တွင် Mobile Phone ကဲ့သို့ Tablet, iPad, Computer(Desktop, Laptop) စသည့် Digital Device များအသုံးပြုခြင်းဖြင့် အထွေထွေဗဟုသုတများ၊ ကျောင်းသင်ခန်းစာနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ ဘာသာစကား ကျွမ်းကျင်မှုဆိုင်ရာ သင်ကြားမှုများအပြင် အခြားနည်းပညာဆိုင်ရာ အကြောင်းအရာမျိုးစုံကို လေ့လာဆည်းပူးနိုင်ပါကြောင်း၊ ၂၁ ရာစုကျွမ်းကျင်မှုများအား လေ့လာသင်ယူနေသည့် မျိုးဆက်သစ်များအနေဖြင့် နည်းပညာလေ့လာလိုက်စားပြီး ကျွမ်းကျင်ရန်လည်း လိုအပ်ပါကြောင်းနှင့် Mobile Phone ကန့်သတ်ခြင်း၏ ရည်ရွယ်ချက်မှာ ကလေးငယ်များ ဖုန်းအလွန်အကျွံ သုံးစွဲခြင်း (ဥပမာ-ဂိမ်းကစားခြင်း၊ ကျောင်းသားလူငယ်နှင့် မသင့်လျော်သည့် Social Media များ အသုံးပြုခြင်း- စသည်)မှကာကွယ်ရန်၊ အတုမြင်အတတ်သင် မကောင်းသည့် အကျင့်စရိုက်များ ကူးစက်နိုင်ခြင်း၊ အတုယူမှားခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်း စသည့် ဆိုးကျိုးများအား တားမြစ်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
ထိုကဲ့သို့ ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲလျက်ရှိရာ မိမိတို့မျိုးဆက်သစ်များ လမ်းမှားမရောက်စေရေး ထိန်းညှိပဲ့ကိုင်ပေးရန် အဓိကတာဝန်ရှိသူများမှာ မိဘအုပ်ထိန်းသူများဖြစ်ပြီး Digital Device များ အသုံးပြုခြင်းဆိုင်ရာ ကောင်းကျိုးဆိုးကျိုး ဝေဖန်သုံးသပ်နိုင်ရေး၊ ဆိုက်ဘာလုံခြုံရေး (Cyber Security)၊ ဆိုက်ဘာအနိုင်ကျင့်မှု (Cyberbullying) တို့နှင့် သက်ဆိုင်သည့် ဗဟုသုတများကို ပြည်သူလူထု (မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားအရွယ်လူငယ်များ)အား ဗဟုသုတ (Awareness)များပေးရန် လိုအပ်လျက်ရှိပါကြောင်းတင်ပြလိုပါတယ်။
အခြေခံပညာကျောင်းများတွင် ဗလငါးတန်(ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ) နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရေး အလေးပေးပြုစုပျိုးထောင်ပေးလျက်ရှိရာ မိဘ၊ ဆရာ၊ ရပ်ရွာပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ ဝိုင်းဝန်းကြိုးပမ်းမှသာ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် စာရိတ္တကောင်းမွန်သော၊ နည်းပညာကို အကျိုးရှိရှိအသုံးချတတ်သော မျိုးဆက်သစ်များကို ထိရောက်အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။
ယနေ့ခေတ်ဟာ ဒီဂျစ်တယ်နည်းပညာခေတ်ဖြစ်တဲ့အတွက် ဒီဂျစ်တယ် နည်းပညာသည် လူနေမှုဘဝ၏ ကဏ္ဍတိုင်းတွင် အရေးပါလာသည့် ခေတ်တစ်ခေတ် ဖြစ်လာပါတယ်။ မိုဘိုင်းဖုန်းသည် ဆက်သွယ်ရေး၊ ပညာရေး၊ သုတေသနနှင့် အသိပညာရရှိရေးတို့အတွက် အကျိုးကျေးဇူးများစွာရှိသကဲ့သို့ မသင့်လျော်သော အသုံးပြုမှုကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ယူမှု လျော့နည်းခြင်း၊ အာရုံပျံ့လွင့်ခြင်း၊ အွန်လိုင်းအနိုင်ကျင့်မှုနှင့် သတင်းမှားများ၏ သက်ရောက်မှုတို့ကြောင့် လမ်းမှားရောက်သွားမှု တို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
နိုင်ငံအချို့တွင် စာသင်ချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုခြင်းကို ကန့်သတ်ထားရှိသော်လည်း သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များရှိသည့်အခါ မိုဘိုင်းဖုန်း အသုံးပြုခွင့်ပေးသည့်စနစ်များကို ကျင့်သုံးလျက်ရှိတဲ့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ မိဘ၊ ဆရာ၊ ကျောင်း၊ လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများအား မိုဘိုင်းဖုန်း အသုံးပြုခြင်းဆိုင်ရာ ဒီဂျစ်တယ် အသိပညာပေး အစီအစဉ်များဖြင့် မိုဘိုင်းဖုန်း၏ ဆိုးကျိုးဘေးမှ ကင်းဝေးရန် စနစ်တကျ စီမံဆောင်ရွက်သွားမှာဖြစ်ပါကြောင်း လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အကြံပြုပေါင်းစပ်ဖြေကြားထားပါတယ်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ကျောင်းသားကလေးသူငယ်များ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်ကန့်သတ်သည့် ဥပဒေပြဋ္ဌာန်းချက် မရှိသော်လည်း ကျောင်းသား ကလေးသူငယ်များအား အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုခြင်း၊ အမြတ်ထုတ်ခြင်းတို့နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အကာအကွယ် ပေးခြင်း၊ အရေးယူခြင်းပြုနိုင်သည့် အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း တင်ပြလိုပါတယ်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သည် ကလေးသူငယ်များအား ကြည့်ရှုစောင့်ရှောက်ရန် နိုင်ငံတော်အခြေခံမူအဖြစ် ပြဋ္ဌာန်းထားကြောင်း၊
(ခ) ကလေးသူငယ်တိုင်းသည် ကာကွယ်စောင့်ရှောက်မှုရရှိရေးအတွက် အခွင့်အရေးရှိကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၁၈ တွင် အသိအမှတ်ပြုထားပြီး ကလေးသူငယ်တိုင်း၏ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကြောင်းမဲ့ထိပါးခြင်းမခံရစေရန် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိကြောင်း ယင်းဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (ဍ) တွင် ပြဋ္ဌာန်းထားပါကြောင်း၊
(ဂ) ကလေးသူငယ်၏ အခွင့်အရေးတစ်ရပ်ရပ် ဆုံးရှုံးနစ်နာခြင်းနှင့်စပ်လျဉ်း၍ နစ်နာသူ ကလေးသူငယ်ကိုယ်တိုင်ဖြစ်စေ၊ ယင်း၏ ကိုယ်စား မိဘ၊ အုပ်ထိန်းသူ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ သက်ဆိုင်ရာမြို့နယ်ရှိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီသို့လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်ရပ်သို့ လည်းကောင်း၊ သက်ဆိုင်ရာတရားရုံးသို့လည်းကောင်း တင်ပြတိုင်တန်းခွင့်ရှိကြောင်း ယင်းဥပဒေ ပုဒ်မ ၂၀ တွင် ပြဋ္ဌာန်းထားပါကြောင်း၊
(ဃ) ကလေးသူငယ်ကို စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် မကြာခဏ မတရားဆက်ဆံခြင်း၊ စော်ကားခြင်း၊ အလွဲသုံးခြင်း၊ စိတ်တွင် ကြိတ်မှိတ်ခံစားစေအောင် ပြုမူခြင်းသည် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ပြီး ကလေးသူငယ်ကို ကြောက်လန့်စေခြင်း၊ ထိတ်လန့်စေခြင်း၊ ခြိမ်းခြောက်ခြင်းနှင့်ဆိုင်သည့် ပြုလုပ်မှုလည်း ပါဝင်ကြောင်း ကလေးသူငယ်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (ဗ) တွင် ပြဋ္ဌာန်းထားပါကြောင်း၊
(င) ကလေးသူငယ်ကို အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုပါက ကလေးသူငယ်အပေါ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်၍ ယင်းဥပဒေ ပုဒ်မ ၁၀၀ (က) (၃) အရ အရေးယူနိုင်ပြီး ပြစ်ဒဏ်မှာအနည်းဆုံးတစ်လမှ အများဆုံး (၆)လထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ် သုံးသိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊
(စ) ကလေးသူငယ်ကို လောင်းကစားရန် အွန်လိုင်းမှတစ်ဆင့် သွေးဆောင်တိုက်တွန်းပါက ယင်းဥပဒေပုဒ်မ ၁၀၀ (ခ) (၁) အရ အရေးယူနိုင်ပါကြောင်း၊
(ဆ) ကလေးသူငယ်ကို မိဘအုပ်ထိန်းသူထံမှ ထွက်ပြေးလွတ်မြောက်ရန် သွေးဆောင်လျှင်လည်း ယင်းဥပဒေပုဒ်မ ၁၀၀ (ဂ)(၁)အရ အရေးယူနိုင်ပါကြောင်း၊
(ဇ) ကလေးသူငယ်ညစ်ညမ်းပုံပြုလုပ်ဖြန့်ဖြူးခြင်း၊ ယင်းကိစ္စအလို့ငှာ ကမ်းလှမ်းခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်းပြုပါက ယင်းဥပဒေပုဒ်မ ၁၀၅ (က) (၄) အရ အရေးယူနိုင်ပါကြောင်း၊ ပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်နှစ်မှ ခုနှစ်နှစ်ထိ ချမှတ်ရမည့်ပြင် ငွေဒဏ် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၂၀ ထိ ဖြစ်ပါကြောင်း၊
(ဈ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ကလေးသူငယ်ကို ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းပြုလျှင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အရ အရေးယူနိုင်ပြီး ပြစ်ဒဏ်မှာ နှစ်နှစ်ထိ ထောင်ဒဏ် သို့မဟုတ် ၁၀သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်ပါကြောင်း၊
(ည) ကလေးသူငယ်ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် အီလက်ထရောနစ်နည်းပညာဖြင့် သတင်းအချက်အလက်ပြုလုပ်ဖြန့်ဝေပါက ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ ၆၈ (စ) အရလည်းကောင်း၊ အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်ထံ မလိုလားအပ်သော စာတို၊ အီးမေးလ်၊ အချက်အလက်တို့ပေးပို့ပါက ယင်းဥပဒေ ပုဒ်မ ၆၈ (ဆ) အရလည်းကောင်း အရေးယူနိုင်ပြီး ပြစ်ဒဏ်မှာ အနည်းဆုံး တစ်နှစ်မှ အများဆုံး နှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး သိန်း ၅၀ မှ အများဆုံး သိန်း ၂၀၀ ထိ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း၊
(ဋ) အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်အား ခြိမ်းခြောက်အန္တရာယ်ပြုခြင်း၊ အမြတ်ထုတ်ခြင်းနှင့် သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်သူကို အရေးယူရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄ အရသက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း သို့မဟုတ် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ သက်ဆိုင်ရာ တရားရုံးတွင် ဦးတိုက်လျှောက်ထား စွဲဆိုခြင်းပြုနိုင်ပါကြောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီကို ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဖွဲ့စည်းထားရှိပြီး ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ ၇ (ဃ) အရ ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာမှုခင်းတားဆီးကာကွယ်ရေးတို့အတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်း၊ ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ ၇ (င) အရ တရားဥပဒေစိုးမိုးရေးနှင့်တရားစီရင်ရေးအား အထောက်အကူဖြစ်စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများအကြား ပေါင်းစပ်ပေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာဦးစီးကော်မတီကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း ဖွဲ့စည်းထားရှိပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၉ (ဇ) အရ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အကြံပြုချက်များနှင့် ဆိုက်ဘာခြိမ်းခြောက်မှုဖြစ်စဉ်တို့ကို အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ခြင်း၊ အသိပေးကြေညာခြင်း၊ ကြိုတင်ကာကွယ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆိုက်ဘာလုံခြုံရေး ဥပဒေပုဒ်မ ၁၀ အရ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆိုက်ဘာမှုခင်းဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းထားရှိပြီး ဆိုက်ဘာလုံခြုံရေး ဥပဒေပုဒ်မ ၃၇ အရ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်ခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခြင်း သို့မဟုတ် ဆိုက်ဘာအလွဲအသုံးပြုခြင်းဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အန္တရာယ်များ မဖြစ်ပေါ်စေရန် ကာကွယ်တားဆီးခြင်း၊ စိစစ်ဖော်ထုတ် အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။
ကျောင်းသား လူငယ်များအား ဆိုက်ဘာလုံခြုံရေး ပညာပေးအစီအစဉ်များအဖြစ် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် ပြခန်းများ ပါဝင်ပြသခြင်းနှင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ မျှဝေခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား လူငယ်များအတွက် ဆိုက်ဘာခြိမ်းခြောက်မှုအန္တရာယ်များနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲများကို ၂၀၂၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။
ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ Website ဖြစ်သော www.mmcertorg.mm တွင် ကျယ်ပြန့်စွာ မျှဝေဆောင်ရွက်လျက်ရှိပါကြောင်း ယခုဘဏ္ဍာရေးနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသားလူငယ်များအား ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဟောပြောပွဲများကို ကျင်းပသွားရန် ဆောင်ရွက်လျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ ကျောင်းသားလူငယ်များ ကျောင်းချိန်အတွင်း MobilePhone သုံးစွဲမှုကို ထိထိရောက်ရောက် တားမြစ်နိုင်သော်လည်း ကျောင်းချိန်ပြင်ပအချိန်များတွင် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အထက်ဖော်ပြပါအတိုင်း ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုလျှင် ပိုမိုအကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ