တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဒေါ်ကျော့ယဉ်ဝင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့တွင် ၁၉၈၀ ပြည့်နှစ် ဧပြီလ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အထက်တန်းကျောင်းမှာ မီးလောင်ဆုံးရှုံးခဲ့ရပါသည်။ ထို့ကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၁၉၈၂-၁၉၈၃ ပညာသင်နှစ်တွင် (၉၆ ပေ၊ ၃၀ ပေ၊ ၁၅ ပေ) (၄)ခန်းတွဲ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်(၃)နှင့် ၁၉၈၃-၁၉၈၄ ပညာသင်နှစ်တွင် (၈၀ ပေ၊ ၃၀ ပေ၊ ၁၅ ပေ) (၃)ခန်းတွဲ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်(၄)၊ တစ်ထပ်ကျောင်းဆောင် (၂)ဆောင်ကို ဆောက်လုပ်ခဲ့၍ ကျောင်းသူ/သား (၇၂၄)ဦး ပညာသင်ကြားပေးလျက်ရှိရာ ယနေ့ထိတိုင် နှစ်ပေါင်း (၄၀) ကျော်ကြာ သက်တမ်းရှိနေပြီဖြစ်ပါသည်။
ထို့အပြင်အလယ်တန်းကျောင်းခွဲ(၁) (၄၅ ပေ၊ ၃၀ ပေ၊ ၂၂ ပေ) (၄)ခန်းတွဲ အုတ်ညှပ်ပျဉ်ကာ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်အား ၁၉၈၄-၁၉၈၅ ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့၍ ယခုအခါကျောင်းသူ/သား (၃၂၇) ဦးပညာသင်ကြားလျက်ရှိရာ နှစ်ပေါင်း (၄၀)နီးပါးကြာ သက်တမ်းရှိနေပြီဖြစ်ပါသည်။
အဆိုပါတစ်ထပ်ကျောင်းဆောင်(၂)ဆောင်နှင့် နှစ်ထပ်ကျောင်းဆောင်(၁)ဆောင်တို့မှာ ကျောင်းဥပတိရုပ်မကောင်းတော့ဘဲ ယိုယွင်းပျက်စီးဆွေးမြေ့နေပြီဖြစ်သဖြင့် ၎င်းကျောင်းဆောင်များအား ဖျက်သိမ်းပြီးနှစ်ထပ်ကျောင်းဆောင်များ ဆောက်လုပ်ပေးရန် ကလေးဝမြို့နယ် မိဘပြည်သူများက လိုလားတောင့်တလျက်ရှိပါသည်။
ကျောင်းဝန်းမှာ တိုးချဲ့ရန် အခက်အခဲရှိပြီး ရေရှည်တွင် တိုးတက်လာသည့် ကျောင်းသားဦးရေကို မျှော်မှန်းလျက် မူလကျောင်းဆောင် တစ်ထပ်ဆောင်(၂) ဆောင်နှင့် နှစ်ထပ် ဆောင်(၁)ဆောင်တို့အားဖျက်သိမ်းခွင့်ပြု၍ ၎င်းနေရာများတွင် အစားထိုးလျက် (၁၇၀ပေ၊ ၃၀ပေ၊ ၂၅ပေ) RCC နှစ်ထပ်ကျောင်းဆောင် (၁) ဆောင်နှင့် (၁၀၀ပေ၊ ၃၀ပေ၊ ၂၂ပေ) RCC နှစ်ထပ်ကျောင်းဆောင်(၁)ဆောင်တို့အား ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဒေါ်ကျော့ယဉ်ဝင်း
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်း၏ “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ တစ်ထပ်ကျောင်းဆောင် (၂)ဆောင်နှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(၁)အတွင်းရှိ နှစ်ထပ်ကျောင်းဆောင် (၁)ဆောင်တို့မှာ ကျောင်းဥပဓိရုပ် မကောင်းတော့ဘဲ ယိုယွင်းပျက်စီးဆွေးမြည့်နေပြီဖြစ်ပါသဖြင့် ဖျက်သိမ်းခွင့်ပြုရန်နှင့် ၎င်းနေရာများတွင် အစားထိုးလျက် (၁၇၀ x ၃၀ × ၂၅)ပေ RCC နှစ်ထပ် ကျောင်းဆောင်(၁)ဆောင်နှင့် (၁၀၀ x ၃၀ x ၂၂) ပေ RCC နှစ်ထပ်ကျောင်းဆောင် (၁)ဆောင်တို့အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဖြေဆိုတင်ပြသွားမှာဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေ ကျပ် (၁၁၅၉၃.၀၈၃)သန်းဖြင့် ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်း(၃)ခု၊ မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ကျောင်းဆောင်အစား အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁၂)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင်များအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း(၉)ခု၊ ကျောင်းများ လုံခြုံမှုရှိစေရေးအတွက် အုတ်တံတိုင်းများ ဆောင်ရွက်ခြင်းလုပ်ငန်း(၂၈)ခု၊ စုစုပေါင်း လုပ်ငန်း(၅၄)ခုကို စစ်ကိုင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ကလေးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့တွင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကလေးဝ- အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်ကျောင်းသား (၆၁၁)ဦး၊ အထက်တန်းအဆင့် ကျောင်းသား (၁၉၇)ဦး၊ စုစုပေါင်း ကျောင်းသား(၈၀၈)ဦးရှိပြီး ဝန်ထမ်းအင်အား အနေဖြင့် အထက်တန်းကျောင်းအုပ် (၁)ဦး၊ ထက်ဆင့်သင်ဆရာ (၁၄)ဦး၊ လယ်ဆင့်သင်ဆရာ (၁၃)ဦးနှင့် ကျောင်းရုံးဝန်ထမ်း (၅)ဦး၊ စုစုပေါင်းဝန်ထမ်း (၃၃)ဦး ရှိပါတယ်။
ကျောင်းဆောင်များအနေဖြင့် အဆိုပါကျောင်းတွင် (၁၉၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ (၁၅၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်၊ (၁၅၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်၊ (၁၀၀ x ၃၀)ပေ RCC (၂)ထပ်၊ (၉၀ x ၃၀)ပေ SS (Steel Structure) (၁)ထပ်၊ အန္တရာယ်ဆောင် (၉၆ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ အန္တရာယ်ဆောင် (၈၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ စုစုပေါင်း ကျောင်းဆောင် (၇)ဆောင်၊ စာသင်ခန်း(၃၅)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့အတွက် ကျောင်းသားအင်အားအရ စာသင်ခန်း လုံလောက်မှု ရှိပါကြောင်း တင်ပြလိုပါတယ်။
အဆိုပါ ကလေးဝ- အခြေခံပညာအထက်တန်းကျောင်းတွင် အန္တရာယ်ရှိနေသော ကျောင်းဆောင် (၂)ဆောင်အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းခွင့်များ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားဦးရေ တိုးတက်လာသည့်အခါမှသာ ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားလိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် မူလတန်းအဆင့်ကျောင်းသား (၂၈၁)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား (၇၃)ဦး၊ စုစုပေါင်းကျောင်းသား (၃၅၄)ဦးရှိပြီး ဝန်ထမ်းအင်အားအနေဖြင့် မူလတန်းကျောင်းအုပ် (၁)ဦး၊ လယ်ဆင့်သင်ဆရာ(၇)ဦး၊ မူဆင့်သင်ဆရာ (၅)ဦး၊ စုစုပေါင်းဝန်ထမ်း(၁၃)ဦး ရှိပါတယ်။
အဆိုပါကျောင်းတွင် အန္တရာယ်ဆောင် (၄၅ × ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်၊ (၆၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်၊ (၇၂ × ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်၊ (၆၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ စုစုပေါင်းကျောင်းဆောင် (၄)ဆောင်၊ စာသင်ခန်း (၁၂)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့အတွက် ကျောင်းသားအင်အားအရ စာသင်ခန်း လုံလောက်မှုရှိပါကြောင်း တင်ပြလိုပါတယ်။
အဆိုပါ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ရှိနေသော အန္တရာယ်ဆောင်အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းခွင့်များ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းနှင့် ကျောင်းသားဦးရေ တိုးတက်လာသည့်အခါမှသာ ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။