တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
မွန်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးစိုးမင်းစမ်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။
ကျွန်တော်ကတော့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း ဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်အနေနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာရှိ ကင်းရွာ-အထက မြနန္ဒာကျောင်းဆောင်အား ဖျက်သစ်ဆောက်လုပ်ပေးရန်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ကင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပင်မစာသင်ဆောင်(၆)ဆောင်ရှိသည့်အနက် မြနန္ဒာကျောင်းဆောင်သည် စာသင်ခန်း(၅)ခန်းပါဝင်ကာ ၁၉၉၉ ခုနှစ်တွင် ဌာနရန်ပုံငွေ (၂၂) သိန်း (၅) သောင်းကျပ်နှင့် စမ်းအေးမြိုင်ဆရာတော်ကြီးအမှူးပြုသည့် ဒါယိကာ၊ ဒါယိကာမများမှ အလှူငွေ (၅၆) သိန်း (၅) သောင်း ထပ်မံထည့်ဝင်ကာ စုစုပေါင်း (၇၉) သိန်းဖြင့် တည်ဆောက်ခဲ့သည့် စာသင်ဆောင်တစ်ခုဖြစ်ပါတယ်။ အဆိုပါ ကျောင်းဆောင်တွင် အလယ်တန်းကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း (၂၁၀)ဦးအား စာသင်ကြားပို့ချလျက်ရှိပါတယ်။
ကင်းရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ မြနန္ဒာစာသင်ဆောင်သည် သက်တမ်း (၂၉) နှစ်ရှိပြီး အလွန်ဆိုးဝါးစွာပျက်စီးနေပြီဖြစ်ပါတယ်။ အဆိုပါအထက်တန်းကျောင်းသည် ကျေးရွာ၏တောင်ဘက်အစွန်တွင်တည်ရှိပြီး ရွာ၏မြေနိမ့်ပိုင်းဖြစ်သည့် လယ်မြေအတွင်း တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ကျေးရွာ၏တည်ရှိနေပုံမှာ အရှေ့ဘက်တွင် ကေလာသတောင်တန်း၊ အနောက်ဘက်တွင် လယ်ကွင်းပြင်များနှင့် ထိုလယ်ကွင်းပြင်များ၏ အဆုံးတစ်ဖက်တွင် ပင်လယ်သာရှိတော့သည့်အတွက် လေပြင်းတိုက်ခတ်မှုဒါဏ်အား နှစ်စဉ်မိုးရာသီကာလရောက်တိုင်း ပြင်းထန်စွာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
မြနန္ဒာစာသင်ဆောင်အား ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖျက်သစ်ပြန်လည်ဆောက်လုပ်ရန်အတွက် ဘီးလင်းမြို့နယ် ပညာရေးမှူးထံတင်ပြထားပြီးဖြစ်သော်လည်း စာသင်ဆောင်၏အနေအထားမှာ အလွန်အမင်း ဆိုးရွားနေပြီဖြစ်သည့်အတွက် အစောဆုံးဘတ်ဂျက်တွင်ပါဝင်၍ ဖျက်သစ်ဆောက်လုပ်ရန်လိုအပ်နေသည်ကိုမျက်မြင်တွေ့ရှိရပါတယ်ခင်ဗျာ။
Slide အသုံးပြုခွင့်ပြုပါခင်ဗျာ -
ကျွန်တော်သည် အဆိုပါစာသင်ဆောင်သို့ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့်အတူ မြနန္ဒာစာသင်ဆောင်အား သွားရောက်စစ်ဆေးခဲ့ရာ လေပြင်းတိုက်ခတ်မှုဒါဏ်နှင့် ကြုံတွေ့ရပါက စာသင်ဆောင်မှာ ပြိုကျပျက်စီးနိုင်သည့်အခြေအနေအား မြင်တွေ့ခဲ့ရသည့်အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမများအား ကျောင်းသား၊ ကျောင်းသူများအား အသက်ဘေးအန္တရာယ်ထိခိုက်မှုမရှိစေရန် ကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ထားရန် မှာကြားခဲ့ပါတယ်။
သို့ဖြစ်ပါ၍ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာရှိ ကင်းရွာ-အထကမှ မြနန္ဒာကျောင်းဆောင်အား ဖျက်သစ်ဆောက်လုပ်ပေးရန်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက အစောဆုံးဘတ်ဂျက်တွင်ထည့်သွင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
မွန်ပြည်နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးစိုးမင်းစမ်း
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
မွန်ပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း၏ “မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာကျေးရွာရှိ ကင်းရွာ- အခြေခံပညာအထက်တန်းကျောင်းမှ မြနန္ဒာကျောင်းဆောင်သည် သက်တမ်း(၂၉)နှစ်ရှိပြီး အလွန်ဆိုးရွားစွာ ပျက်စီးနေပြီဖြစ်ပါသောကြောင့် ၎င်းကျောင်းဆောင်အား ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/ မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက အစောဆုံးဘတ်ဂျက်တွင် ထည့်သွင်းဆောက်လုပ်ပေးနိုင်ခြင်း ရှိ/ မရှိ” မေးမြန်းထားတဲ့ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဖြေဆိုတင်ပြသွားမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေကျပ် (၂၄၂၄၅.၁၅၆)သန်းဖြင့် ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၂)ခု၊ အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁၉)ခု၊ သဘာဝဘေးကြောင့် ပျက်စီးသွားသောကျောင်းဆောင်အစား အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၂)ခု၊ တိုးတက်လာသောကျောင်းသား ၊ ဦးရေအရ တိုးချဲ့ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်း(၁၅)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း(၃)ခု၊ ဆရာ/ဆရာမ၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း(၃)ခု၊ ကျောင်းများလုံခြုံမှုရှိစေရေးအတွက် အုတ်တံတိုင်းများဆောင်ရွက်ခြင်းလုပ်ငန်း(၁၅)ခု၊ သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၅)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၈)ခု၊ စုစုပေါင်းလုပ်ငန်း(၇၂)ခုအား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများတွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၃)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၂)ခု၊ ကျောင်းများလုံခြုံမှုရှိစေရေးအတွက် အုတ်တံတိုင်းများ ဆောင်ရွက်ခြင်းလုပ်ငန်း(၃)ခု၊ သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၂)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၂)ခု၊ စုစုပေါင်းလုပ်ငန်း(၁၂)ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၆၆၆.၆၇၀)သန်း ပါဝင်ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကင်းရွာ-အခြေခံပညာအထက်တန်းကျောင်းတွင် KG (၄၂)ဦး၊ Grade 1 (၅၄)ဦး၊ Grade 2 (၅၄)ဦး၊ Grade 3 (၇၀)ဦး၊ Grade 4 (၈၂)ဦး၊ Grade 5 (၈၇)ဦး၊ စုစုပေါင်း မူလတန်းအဆင့်ကျောင်းသား (၃၈၉)ဦး၊ Grade 6 (၂၀၅)ဦး၊ Grade 7 (၁၆၁)ဦး၊ Grade 8 (၁၁၀)ဦး၊ Grade 9 (၇၀)ဦး၊ စုစုပေါင်း အလယ်တန်းအဆင့်ကျောင်းသား (၅၄၆)ဦး၊ Grade 10 (၄၂)ဦး၊ Grade 11 (၆၃)ဦး၊ Grade 12 (၃၀)ဦး၊ စုစုပေါင်း အထက်တန်းအဆင့် ကျောင်းသား(၁၃၅)ဦး၊ ကျောင်းသားပေါင်း (၁၀၇၀)ဦးရှိပြီး ဝန်ထမ်းအင်အားအနေဖြင့် ကျောင်းအုပ်(၁)ဦး၊ ထက်ဆင့်သင်ဆရာ (၁၂)ဦး၊ လယ်ဆင့်သင်ဆရာ (၁၁)ဦး၊ မူဆင့်သင်ဆရာ (၁၁)ဦး၊ စုစုပေါင်းဝန်ထမ်း (၃၅)ဦးရှိပါတယ်။
အဆိုပါ ကျောင်းတွင် မြနန္ဒာဆောင် (၁၅၀ x ၃၀)ပေ အုတ်ညှပ်(၁)ထပ်၊ အလင်္ကာဝတ်ရည်ဆောင် (၁၅၀ x ၃၀)ပေ အုတ်ညှပ်(၁)ထပ်၊ ပျားရည်ဘဏ်တိုက်ဆောင် (၁၅၀ x ၃၀)ပေ အုတ်ညှပ် (၁)ထပ်၊ တိမ်တမာန်ဆောင် (၉၀ x ၃၀)ပေ SS (Steel Structure) (၁)ထပ်၊ ပညာဘဏ်တိုက်ဆောင် (၁၂၀ x ၃၀)ပေ SS (Steel Structure) (၁)ထပ်၊ အင်ကြင်းဆောင် (၁၃၀ x ၃၀)ပေ RC (၂)ထပ်၊ မူလတန်းဆောင် (၇၀ x ၄၀)ပေ သစ်သားဆောင် (၁)ထပ်၊ စုစုပေါင်း ကျောင်းဆောင် (၇)ဆောင်တွင် စာသင်ခန်း (၃၁)ခန်း ရှိပါတယ်။
အဆိုပါကျောင်းဆောင်များအနက် မြနန္ဒာဆောင် (၁၅၀ x ၃၀)ပေ အုတ်ညှပ် (၁)ထပ်ဆောင်မှာ ဘီးလင်းမြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းဆောင်စိစစ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးချက်အရသက်တမ်း (၂၇)နှစ်ရှိပြီး ကျောင်းဆောက်လုပ်စဉ်က လယ်ယာမြေဖြစ်သောကြောင့် ယခုအခါ ကျောင်းဆောင်၏ အောက်ခြေကြမ်းခင်းများနှင့် အုတ်နံရံများ ကွဲအက်နေခြင်း၊ အမိုးနှင့် မျက်နှာကြက်မှာ မိုးယိုမှုများဖြစ်ပေါ်နေသည့်အတွက် အဆိုပါ ကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းသားဦးရေအရ လိုအပ်နိုင်သည့်အပေါ်တွင် စိစစ်၍ နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောက်လုပ်ပေးနိုင်ရေး တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။