တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
တနင်္သာရီတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးဉာဏ်ထွန်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၄၆ ခုနှစ်မှစ၍ အစိုးရမူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၁)ခုအဖြစ် ယနေ့အထိ နှစ်စဉ်စာစစ်ဌာန ဖွင့်လှစ်ဆောင်ရွက်နေသော မြိတ်မြို့၏ အထင်ကရ ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ အ.ထ.က(၂) မြိတ်မြို့ ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ ကျောင်းသူပေါင်း (၃၂၀၈)ဦးရှိပြီး၊ လက်ရှိစာသင်ကျောင်းဆောင်များမှာ
(၁) ချင်းတွင်းဆောင် (၁၀၀ x ၂၀ × ၁၁) ပေ သွပ် + အုတ်(၁)ထပ်ဆောင်
(၂) မလိခဆောင် (၁၀၀ × ၂ဝ x ၁၁ပေ၊ သွပ် + အုတ် (၁) ထပ်ဆောင်၊
(၃) မေခဆောင် (၉၀ × ၃၀ × ၁၂) ပေ၊ သွပ် + အုတ်(၁) ထပ်ဆောင်၊
(၄) ရွှေလီဆောင် (၉၀ x ၂၄ x ၁၁)ပေ၊ သွပ် + အုတ် (၁) ထပ်ဆောင်၊
(၅) တနင်္သာရီဆောင် (၁၃၆ x ၃၀ x ၂၄) ပေ၊ သစ် + သွပ် + အုတ် (၂) ထပ်ဆောင်၊
(၆) သံလွင်ဆောင် (၁၂၀ x ၃၀ × ၁၁) ပေ သွပ် + အုတ် (၁) ထပ်ဆောင်၊
(၇) စစ်တောင်းဆောင်(၁၀၀ x ၃၀ x ၁၁) ပေ ၊ သွပ်+ အုတ် (၁) ထပ်ဆောင်၊
(၈) သိပ္ပံဆောင် (၃၀ x ၃၀ × ၁၁) ပေသွပ် + အုတ် (၁) ထပ်ဆောင်၊
(၉) ရူပ+ ဇီဝဆောင် (၆၀ x ၃၀ × ၁၁) ပေသွပ် + အုတ် (၁)ထပ်ဆောင်၊
(၁၀) စိန်ပန်းဆောင် (၁၄ × ၃၀ x ၁၁) ပေ သွပ် + အုတ် (၁) ထပ် ဆောင်၊
(၁၁)ဒုတ္ထဝတီဆောင် (၂၀၀ x ၃၀ x ၂၄) ပေ အုတ်ကြွပ်+ အုတ် (၂) ထပ်ဆောင်၊
(၁၂) မာလာဆောင် (၁၅၀x ၃၀ x ၁၂) ပေ သံဇကာ+ အုတ် (၁) ထပ်ဆောင်၊
(၁၃) ငုဝါ ဆောင်(၁၂၀ x ၃၀ × ၁၂) ပေ သွပ် + အုတ် (၁) ထပ်ဆောင်၊
(၁၄) ဧရာဝတီဆောင် (၁၂၀ x ၃ဝ x၁၁) ပေ သွပ် + အုတ် (၂) ထပ်ဆောင်၊
(၁၅) မူကြိုဆောင် (၆၀ x ၃၀ × ၁၂) ပေ သွပ် + အုတ် Steel Structure (၁) ထပ်ဆောင်၊
(၁၆) ဝန်ထမ်းအိမ်ရာ (၉၀x ၃၀ x ၁၃) ပေ သွပ် + အုတ် Steel Structure (၁) ထပ်ဆောင်
စသည်ဖြင့် စုစုပေါင်း အဆောင်(၁၆)ဆောင်ရှိပါသည်။ ကျောင်းသားဦးရေ (၃၂၀၈) ဦးရှိ၍ လက်ရှိအသုံးပြုနေသော စာသင်ခန်း (၅၇) ခန်းသာရှိပြီး ကျောင်းသားဦးရေအရ အမှန်တကယ်ရှိရမည့် စာသင်ခန်းမှာ (၇၁)ခန်းရှိသဖြင့် စာသင်ခန်း (၁၄) ခန်း ထပ်မံလိုအပ်နေပါ၍ လက်ရှိစာသင်ခန်း (၁)ခန်းလျှင် ကျောင်းသား/ သူဦးရေ (၆၀) ဦးခန့် ထည့်သွင်းသင်ကြားနေရပါသည်။
အထက်ဖော်ပြပါကျောင်းဆောင်(၁၆)ဆောင်အနက် ချင်းတွင်းဆောင်၊ ရွှေလီဆောင်၊ စစ်တောင်းဆောင်၊ စိန်ပန်းဆောင်တို့မှာ ဥပဓိရုပ်မကောင်းသော ကျောင်းဆောင်များဖြစ်ပြီး၊ ဒုတ္ထဝတီဆောင် (၂၀၀x ၃၀ x ၂၄)ပေ၊ သွပ် + အုတ် (၂) ထပ်ဆောင် အပေါ်ထပ်နှင့် ငုဝါဆောင် (၁၂၀ x ၃၀ x ၁၂) ပေ၊ သွပ် + အုတ် (၁) ထပ်ဆောင်တို့ (၂)ဆောင်မှာ အန္တရာယ်ဆောင်များဖြစ်နေ၍ လက်ရှိစာသင်ကြား၍ မရပါ။ အ.ထ.က (၂) မြိတ်ကျောင်းသည် မြိတ်မြို့၏ အလယ်တွင်တည်ရှိပြီး အနီးပတ်ဝန်းကျင် ရပ်ကွက်များဖြစ်သည့် အလယ်ကျွန်းရပ်ကွက်၊ ကြောင်ငယ်ရပ်ကွက်၊ ပါရမီရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ စက်ဝင်းရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်များမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေသည့်အပြင် ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်များမှ မိဘအလုပ်အကိုင်ပြောင်းရွှေ့လာသူများ လာရောက်ပညာသင်ကြားရာ အားထားရာကျောင်းလည်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အ.ထ.က (၂) မြိတ်ကျောင်းတွင် ကျောင်းသားဦးရေအရ အမှန်တကယ် စာသင်ခန်း(၁၄)ခန်း ထပ်မံလိုအပ်နေခြင်း၊ လက်ရှိတင်ပြထားသော အန္တရာယ်ဆောင် ငုဝါဆောင်သည် စာသင်ကြား၍ လုံးဝမရတော့ခြင်းဖြစ်နေပါ၍ (၁၂၀ x ၃၀ × ၁၂) ပေ (၁)ထပ် ငုဝါဆောင် အန္တရာယ်ဆောင်အား ဖျတ်သိမ်း၍ (၁၄၀ x ၃၀) ပေ RCC (၃) ထပ် ကျောင်းဆောင်သစ် (၁) ဆောင်ကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် (သို့) ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ/မရှိ သိလိုသောကြောင့် လေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်)
တနင်္သာရီတိုင်းဒေသကြီး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးဉာဏ်ထွန်း
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးဉာဏ်ထွန်း၏ “တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂၀ x ၃ဝ x ၁၂) ပေရှိ အန္တရာယ်ရှိသောတစ်ထပ် (ငုဝါဆောင်) အား ဖျက်သိမ်း၍ (၁၄၀ x ၃၀)ပေ RCC (၃)ထပ်ကျောင်းဆောင်သစ် တစ်ဆောင်ကို ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ/ မရှိ” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြ မေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင်က ဖြေဆိုတင်ပြသွားမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ခွင့်ပြုရန်ပုံငွေ ကျပ် (၁၇၈၉၁.၈၅၀)သန်းဖြင့် အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်း(၁၃)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၅)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း (၂)ခု၊ ဆရာ/ဆရာမ၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ ရုံးများ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ တဲသာသာရှိသော ကျောင်းများအတွက် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၃)ခု၊ ကျောင်းများလုံခြုံမှုရှိစေရေးအတွက် အုတ်တံတိုင်းများဆောင်ရွက်ခြင်းလုပ်ငန်း(၂)ခု၊ သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၈)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁၃)ခု၊ စုစုပေါင်း လုပ်ငန်း (၄၈)ခုကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဦးစွာတင်ပြလိုပါတယ်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၃)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၂)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း(၁)ခု၊ ရုံးများ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၄)ခု၊ စုစုပေါင်း လုပ်ငန်း (၁၂)ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၅၄၈၁.၈၀၀)သန်း ပါဝင်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာ မူလတန်းအဆင့်ကျောင်းသား အထက်တန်းကျောင်းတွင်(၁၅၉၃)ဦး၊ အလယ်တန်း အဆင့်ကျောင်းသား (၈၇၀)ဦး၊ အထက်တန်းအဆင့်ကျောင်းသား(၇၇၄)ဦး၊ စုစုပေါင်း ကျောင်းသား (၃၂၃၇)ဦး ရှိပြီး ဝန်ထမ်းအင်အားအနေဖြင့် ကျောင်းအုပ် (၁)ဦး၊ ထက်ဆင့်သင်ဆရာ (၄၀)ဦး၊ လယ်ဆင့်သင်ဆရာ (၂၂)ဦး၊ မူဆင့်သင်ဆရာ (၂၃)ဦးနှင့် ကျောင်း/ ရုံးဝန်ထမ်း(၃)ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၈၉)ဦး ရှိပါတယ်။
ကျောင်းဆောင်များအနေဖြင့် အဆိုပါကျောင်းတွင် မေခဆောင် (၉၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ သံလွင်ဆောင် (၁၂၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်၊ သိပ္ပံဆောင် (၃၀ x၃၀)ပေ သစ်သား၊ အုတ်ညှပ် (၁)ထပ်၊ စိန်ပန်းဆောင်(၁၄၀ x ၃၀)ပေ သစ်သား၊ အုတ်ညှပ် (၁)ထပ်၊ မူကြိုဆောင် (၆၀ x ၃၀)ပေ SteelStructure (၁)ထပ်၊ တနင်္သာရီဆောင် (၁၃၆ x ၃၀)ပေ သစ်သား၊ အုတ်ညှပ်(၂)ထပ်၊ စစ်တောင်းဆောင် (၁၀၀ x ၃၀)ပေ သစ်သား၊ အုတ်ညှပ် (၁)ထပ်၊ ဒုတ္ထဝတီဆောင် (၂၀၀ x ၃၀)ပေ သစ်သား၊ အုတ်ညှပ် (၂)ထပ်၊ မာလာဆောင်(၁၅၀ x ၃၀)ပေ သစ်သား၊ အုတ်ညှပ် (၁)ထပ်၊ ချင်းတွင်းဆောင် (၁၀၀ x ၂၀)ပေ သစ်သား၊ အုတ်ညှပ် (၁)ထပ်၊ မလိခဆောင် (၁၀၀ x ၂၀)ပေ သစ်သား၊ အုတ်ညှပ်(၁)ထပ်၊ ရွှေလီဆောင် (၉၀ x ၃၀)ပေ သစ်သား၊ အုတ်ညှပ် (၁)ထပ်၊ ရူပ + ဇီဝဆောင် (၆၀ x ၃၀)ပေ သစ်သား၊ အုတ်ညှပ် (၁)ထပ်၊ ဧရာဝတီဆောင် (၁၂၀ x ၃၀)ပေ သစ်သား၊ အုတ်ညှပ် (၂)ထပ်၊ ငုဝါဆောင် (အန္တရာယ်ဆောင်) (၁၂၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်ဆောင်၊ စုစုပေါင်း ကျောင်းဆောင် (၁၅)ဆောင်၊ စာသင်ခန်း (၅၇)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ လက်ရှိစာသင်ခန်း (၅၇)ခန်းတွင် ကျောင်းသား၊ကျောင်းသူများ ကြပ်တည်းစွာ ပညာသင်ကြားနေရပါသဖြင့် ကျောင်းသားဦးရေအရ စာသင်ခန်း (၁၂)ခန်းစာ ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် အန္တရာယ်ဆောင်ဖြစ်သော ငုဝါဆောင် (၁၂၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်ဆောင်အား ဖျက်သိမ်း၍ (၁၄၀ x ၃၀)ပေ RCC (၃)ထပ်ဆောက်လုပ်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။