တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေ ၏
အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနဲ့ မိဘပြည်သူများရှင့် ကျွန်မကတော့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေဖြစ်ပါတယ်ရှင့်။
ကျွန်မတင်သွင်းမယ့်အဆိုကတော့ နိုင်ငံအတွင်း အာမခံလုပ်ငန်းများရပ်ဆိုင်းခြင်း(သို့) ထွက်ခွာခြင်းများဖြစ်ပေါ်လာသည့်အခါ အာမခံထားသူပြည်သူများ၏ ရပိုင်ခွင့်များ ကာကွယ်ပေးနိုင်ရေးအတွက် အရေးကြီးသည့်အဆိုတစ်ရပ်ကို တင်ပြလိုပါတယ်ရှင့်။
အာမခံစနစ်သည် ပြည်သူများ၏ စီးပွားရေးလုံခြုံမှုနှင့် မျှော်လင့်ချက်တို့ကို အာမခံပေးသည့် အရေးကြီးသောစနစ်ဖြစ်ပါတယ်။ သို့သော် ကုမ္ပဏီတစ်ခုရပ်ဆိုင်းသွားပါက(သို့) ထွက်ခွာသွားပါကပေးသွင်းပြီးသား အာမခံကြေးများ ဆုံးရှုံးနိုင်ခြင်း၊ လျော်ကြေးမရနိုင်ခြင်းစသည့် အန္တရာယ်များဖြစ်ပေါ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်း အနည်းငယ်သာရှိပါတယ်။ အသက်အာမခံ၊ လုပ်ငန်းအာမခံ၊ ကားအာမခံ၊ မီးအာမခံ စသည်တို့ဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံသားပြည်သူအများစုသည် အာမခံရဲ့အဓိပ္ပါယ်နဲ့ အာမခံထားခြင်းရဲ့ အကျိုးအပြစ်များကို သိရှိသူအလွန်နည်းပါးပြီး လူဦးရေ၏(၁%)အောက် အရေအတွက်သာ အာမခံထားရှိသည်ဟု သိရှိရပါတယ်။ ဒါကြောင့် ပြည်သူများကို အာမခံလုပ်ငန်းနှင့်ဆက်စပ်ပတ်သက်သည့် ဗဟုသုတများကိုဖြန့်ဝေပေးရန် လိုအပ်သည်ဟု ထင်မြင်မိပါတယ်။
ဥက္ကဋ္ဌကြီးရှင့်
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားအာမခံကုမ္ပဏီ(၅)ခုကို လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီကုမ္ပဏီတွေကတော့ CHUBB (ချပ်)၊ AIA(အေအိုင်အေ)၊ Potential (ပိုတင်ရှယ်)၊ Menulife (မန်ညူလိုက်ဖ်)၊ Dieishi (ဒိုင်အိရှိ) ကုမ္ပဏီများဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးတွေမှာ မြန်မာ့အာမခံဌာနကဦးစီးပြီး အာမခံလုပ်ငန်းနှင့်ပတ်သက်သောသင်တန်းများဖွင့်လှစ်ကာ စာမေးပွဲများစစ်ဆေးပြီး အောင်မြင်သူများကိုသာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ပေးခဲ့ကြပါတယ်ရှင့်။ ကိုယ်စားလှယ်များရဲ့ ဝန်ဆောင်မှုစည်းရုံးဟောပြောမှုတို့ကြောင့် ပြည်သူအများစိတ်ဝင်စားပြီး အာမခံများထားခဲ့ကြပါတယ်ရှင့်။
ကုမ္ပဏီအားလုံးမှာ - အသက်အာမခံ၊ အိမ်/ကားအာမခံ၊ ကျန်းမာရေးနဲ့ ရုတ်တရက်ထိခိုက်အာမခံ၊ စီးပွားရေးလုပ်ငန်းအာမခံ၊ ဆိုက်ဘာအာမခံ၊ သင်္ဘော/လေယာဉ်နဲ့ အပြည်ပြည်ဆိုင်ရာအာမခံတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
အမေရိကန်မှာအခြေစိုက်ပြီး နိုင်ငံပေါင်း(၅၄)နိုင်ငံမှာ ဝန်ထမ်းပေါင်း(၄)သောင်းကျော်နဲ့ အာမခံလုပ်ငန်းလည်ပတ်နေတဲ့ CHUBB(ချပ်)ကုမ္ပဏီဟာ ၂၀၂၅ ခု၊ ဒီဇင်ဘာ(၁၅)မှာ ပိတ်သိမ်းပြီးထွက်ခွာသွားခဲ့ပါတယ်။ အာမခံထားတဲ့ပြည်သူများမှာ မိမိတို့ ရပိုင်ခွင့်များကို ဘယ်ဌာနနဲ့ဆက်သွယ်ပြီး ဘယ်လိုရယူရမလဲဆိုတာမသိဘဲ အခက်ခဲများဖြစ်နေတယ်လို့ သိရပါတယ်ရှင့်။ ဒီကိစ္စကို ဘယ်သူကမှ အတိအလင်းအသိပေးကြေညာခြင်း၊ ပြည်သူများ၏ရပိုင်ခွင့်များကို ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သိရပါတယ်ရှင့်။
ပိတ်သိမ်းခြင်းထွက်ခွာခြင်းမရှိသေးသော ပြည်ပကုမ္ပဏီများလည်းရှိနေသေးတာကြောင့် နောက်ထပ်တူညီတဲ့အဖြစ်မျိုးဖြစ်ပေါ်လာပါက ပြည်သူများအခွင့်အရေးမဆုံးရှုံးရန် အစိုးရတာဝန်ရှိလူကြီးများအနေဖြင့် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ပါကြောင်းနှင့် အာမခံကုမ္ပဏီတစ်ခုရပ်ဆိုင်းခြင်း(သို့)ထွက်ခွာသွားခြင်းရှိပါက မြန်မာ့အာမခံလုပ်ငန်း(သို့) အခြားအာမခံကုမ္ပဏီတစ်ခုသို့ ပေါ်လစီများလွှဲပြောင်းပေးနိုင်သည့်စနစ်ကို ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်ရှင့်။ အကယ်၍ ဥပဒေပြဋ္ဌာန်းပြီးသားရှိလျှင်လည်း ဥပဒေနှင့်အညီ နစ်နာသူပြည်သူများအတွက် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တိုက်တွန်းတင်ပြအပ်ပါတယ်ရှင့်။
ဒါ့ပြင် အာမခံကုမ္ပဏီတစ်ခုလုပ်ငန်းရပ်ဆိုင်းမှု/ ထွက်ခွာသွားမှုများရှိလျှင် ပြည်သူများသိအောင် သတင်းထုတ်ပြန်ရန်နှင့် ပြည်သူများရပိုင်ခွင့် မဆုံးရှုံးစေရန်တို့ကို ကြီးကြပ်ခြင်းနှင့် ပွင့်လင်းမြင်သာမှုစနစ်များ တိုးမြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအနေဖြင့် စဉ်းစားအတည်ပြုပေးပါရန် အလေးအနက် တင်ပြအပ်ပါတယ်ရှင့်။
နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်၏ ပညာရေး/ ကျန်းမာရေးနှင့် စီးပွားရေးလုံခြုံမှုများကဲ့သို့ အာမခံစနစ်သည်လဲ ပြည်သူများအတွက် အရေးကြီးသောအကာအကွယ်တစ်ခုဖြစ်ပါသဖြင့် ဥပဒေစနစ်ခိုင်မာရေးကို ပြည်ထောင်စုအစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးသင့်ပါကြောင်း အဆိုကိုလေးစားစွာတင်ပြတောင်းဆိုအပ်ပါတယ်ရှင့်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။