ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၂ ရက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)
[ ကြာသပတေးနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၁၉၁)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၁၈)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) ဦးကျော်ဇင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင် ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် စံချိန်မီ ဆီချဆိပ်ကမ်းတစ်ခု အရေးတကြီး လိုအပ်နေသောကြောင့် နိုင်ငံတော်မှ အကောင်အထည်ဖော် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အခက်အခဲများကြောင့် တည်ဆောက်မပေးနိုင်သည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က ဆိပ်ကမ်းမြေနေရာ ငှားရမ်းအသုံး ပြုခွင့်နှင့် ဆိပ်ခံတံတားတည်ဆောက်ခွင့်ကို လူပုဂ္ဂိုလ်/လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်းများမှ လျှောက်ထားလာပါက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိစစ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် စက်သုံးဆီတင်ရေယာဉ်များ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) ဦးသိန်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ မဏိပူရ်ရေအား လျှပ်စစ်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းဧရိယာတစ်ခုလုံး နယ်မြေအခြေအနေအေးချမ်းတည်ငြိမ်သည့်အချိန်တွင် JV/BOT စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လိုသော ကုမ္ပဏီများရှိပါက ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဦးအေးပိုင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်ရသည့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လည်းကောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က လတ်တလောအခြေအနေတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများအား လွယ်ကူစွာရရှိနိုင်ရေးအတွက် တနိုင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တစ်ခုအား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က လတ်တလောတွင် တနိုင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲဖွင့်လှစ်ရန် မရှိသေးပါကြောင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှတစ်ဆင့် တောင်သူများ အဆင်ပြေစွာထုတ်ယူရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခွင့်ပြုရန်နှင့် အသင်းတွင် ပါဝင်မည့်အဖွဲ့ဝင်တို့၏ အမည်စာရင်း တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း
၅။ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တင်ပြချက်အရ တရုတ်၊ အိန္ဒိယ လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။
၆။ မြန်မာ-တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးချစ်ဆွေ ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးအောင်မင်းနိုင် ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။
၇။ မြန်မာ-အိန္ဒိယ လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရခွီဖုန် (Rakwi Pung) ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) ဦးကြည်လင်းထက် ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်နှင့် တရုတ်၊ အိန္ဒိယ လွှတ်တော်များနှင့် ချစ်ကြည်ရင်းနှီးရေးအသင်းများ ဖွဲ့စည်းခြင်းနှင့် အသင်းများတွင် ပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းများကို လွှတ်တော်သို့ တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၉။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးမျိုးသန့် က လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၁၀။ အစည်းအဝေးကို ၁၁:၂၀ နာရီ အချိန်တွင် ရပ်နားပြီး (၁၈) ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။