Share this

ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ "ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတောင်သူများ စိုက်ပျိုးစရိတ် ချေးငွေများအား လွယ်ကူစွာ ရရှိနိုင်ရေးအတွက် တနိုင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တစ်ခုအား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ" နှင့် စပ်လျဉ်းသည့် မေးခွန်း

Thursday, July 16, 2026 - 15:07
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Daw Me Me Kyaw Tun

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

တနိုင်းမြို့နယ်သည် (၃၀.၆.၂၀၂၂)ခုနှစ်တွင် ခရိုင်အဆင့်သို့တိုးမြှင့်ခဲ့ပြီး (၁)ခရိုင်၊ (၁)မြို့နယ်အဖြစ် ရပ်တည်လျက်ရှိသည့်မြို့နယ်ဖြစ်ပါသည်။ တနိုင်းမြို့နယ်အတွင်း ရှင်ဗွေယန်မြို့နယ်ခွဲတစ်ခုလည်း ဖွဲ့စည်းတည်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ မေလစာရင်းအရ တနိုင်းမြို့နယ်အတွင်းတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၂၁)ခုဖြင့် ဖွဲ့စည်းတည်ရှိပြီး အိမ်ခြေ(၈၇၂၃) အိမ်ထောင်စု (၉,၀၅၄)စု၊ လူဦးရေ(၅၅,ဝ၂၃)ဦးဖြင့် ဖွဲ့စည်းတည်ရှိသည့်မြို့နယ်ဖြစ်ပါသည်။ စိုက်ပျိုးအသုံးပြုလျက်ရှိသောမြေပေါင်း (၁၆,၅၄၃)ဧက၊ လှပ်ထားမြေဧရိယာပေါင်း(၁၀,၅၉၄)ဧက၊ မြို့မြေ(၃,၃၆၂)ဧက၊ ရွာမြေ(၃၂၈)ဧက၊ အခြားမြေ(၂၂,၄၆၄)ဧက၊ ဘေးမဲ့ကာကွယ်တော (၂,၁၀၆,၂၄၀)ဧက၊ တောရိုင်း(၂၁၈,၂၂၂)ဧက၊ မြေလွတ်၊ မြေရိုင်းဧကပေါင်း (၆၇၃,၅၃၆)ဧကနှင့် စိုက်ပျိုး၍မရရှိနိုင်သောမြေ(၃,၃၈၁)ဧက၊ စုစုပေါင်း(၃,ဝ၅၄,၆၇ဝ)ဧက ရှိပါသည်။ တနိုင်းမြို့နယ်သည် ကချင်ပြည်နယ်၏ အနောက်ဘက်အစွန်ဆုံးမြို့နယ်တစ်ခုဖြစ်ရာ မြစ်ကြီးနားမြို့နယ်နှင့် မိုင်(၁၂ဝ)ခန့် ကွာဝေးလျက်ရှိပြီး မိုးကောင်းမြို့နယ်နှင့် (၁၀၅)မိုင်ခန့် ကွာဝေးသည့်မြို့နယ်လည်း ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် မြေသားလမ်းမိုင် (၇ဝ)ခန့် သွားလာရပြီး ကွန်ကရစ်လမ်းအနေဖြင့် မိုင်(၅ဝ)ခန့် သွားလာအသုံးပြုလျက်ရှိပါသည်။ တနိုင်းမြို့နယ်သည် ယခင်က မြစ်ကြီးနားခရိုင်အောက်တွင်တည်ရှိခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် သို့မဟုတ် တောင်သူများ၏ အရေးအရာကိစ္စများနှင့် ပက်သတ်၍ မိုးကောင်းမြို့နယ်အောက်တွင် သွားရောက်ဆောင်ရွက်ရသည့် မြို့နယ်ဖြစ်ပါသည်။

ယခုအခါ တနိုင်းမြို့နယ်သည် တစ်မြို့နယ် တစ်ခရိုင်အဖြစ် ရပ်တည်လာခဲ့သည်မှာ (၄)နှစ်ထိရှိသော်လည်း တနိုင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အဖြစ် နိုင်ငံတော်မှ ယနေ့အချိန်ထိ ခွင့်ပြုချထားပေးခဲ့ခြင်းမရှိပါ၍ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးရသည့်အခါ မိုင်(၁၀၀)ကျော် ကွာဝေးသည့် မိုးကောင်းမြို့နယ်သို့ သွားရောက်ဆောင်ရွက်နေရသည့်အတွက် ဒေသခံတောင်သူများမှ အကြိမ်ကြိမ်အခါခါတင်ပြမှုရှိလာသဖြင့် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ ဝန်ကြီးချုပ်ခရီးစဉ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တစ်ခု ရရှိရေးနှင့်ပတ်သက်၍တင်ပြခဲ့သော်လည်း ယနေ့အချိန်အထိ ခွင့်ပြုချထားပေးခြင်းမရှိသဖြင့် တောင်သူများအတွက် အားနည်းချက်တစ်ခု ဖြစ်ခဲ့ပါသည်။

တနိုင်းမြို့နယ်သည် ခရိုင်ဖြစ်လာသည်နှင့်အညီ မြေလွတ်၊ မြေရိုင်းများစိုက်ပျိုးဖော်ထုတ်ရန် ဒေသခံတောင်သူများ၊ အစုအဖွဲ့များ၊ ကုမ္ပဏီနှင့် နိုင်ငံတော်မှ အမြဲမပြတ်ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမြေများလည်း နှစ်စဉ်ပိုမိုဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၁ခုနှစ်မတိုင်မီက အမှန်စိုက်ပျိုးနိုင်သည့်စပါးစိုက် ဧရိယာဧကမှာ (၁၄,၇၅၉)ထိ တိုးတက်ရရှိခဲ့သည့်အပေါ် လယ်ယာမြေအတွက် ပုံစံ(၇) ထုတ်ပေးမှုမှာလည်း (၁၂,၀၀၀)ခန့် ထုတ်ပေးနိုင်ခဲ့ပါသည်။ ဒေသခံတောင်သူများ၏ ကြိုးစားအားထုတ်မှုနှင့်အတူ နိုင်ငံတော်၏ နိုင်ငံစီးပွားချေးငွေများဆောင်ရွက်ပေးမှုကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်လာနိုင်သည်ကို တွေ့ရှိရပါသည်။

စိုက်ပျိုးစွမ်းအားတိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး၏ စိုက်ပျိုးမွေးမြူရေးတိုးတက်စေရန် လမ်းညွှန်မှာကြားချက်နှင့်အညီ တနိုင်းမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များလည်း တစ်စ တစ်စဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။၂၀၂၃-၂၀၂၄ ခုနှစ်တွင် (၄)စီး နှင့် ၂၀၂၆-၂၀၂၇ခုနှစ်၊ နှစ်ဆန်းကာလတွင် မြန်မာ့စက်မှုလယ်ယာဦးစီးဌာန၊ အင်းကုန်းမှလည်း ခွန်ဒေါင်းကိုင်းထွန်စက်(၇၀)စီးခန့်ကို ဒေသခံတောင်သူများမှ ဝယ်ယူသုံးစွဲလာသည်ကို တွေ့ရှိရပါသည်။ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှလည်း ကျပ်သိန်း (၁,၄၀၀)တန်ဖိုးရှိ ရိတ်သိမ်းစက်ကြီးကိုလည်း အခမဲ့ချထားပေးလျက်ရှိပါသည်။ ဒေသခံတောင်သူများအနေဖြင့် လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းတွင် အားသွင်းခွန်စိုက်ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။

တနိုင်းမြို့နယ်သည် ဒေသခံတောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဌာနအား ယခုအခါ မရှိမဖြစ်လိုအပ်လျက်ရှိပါသည်။ ဒေသခံတောင်သူများအနေဖြင့် မိုးကောင်းမြို့နယ်သို့ သွားရောက်ထုတ်ယူရာတွင် လုံခြုံရေးအရ ခက်ခဲမှုများ ကြုံတွေ့ရခြင်း၊ လမ်းပန်းဆက်သွယ်ရေးအရ မိုးတွင်းကာလသွားလာမှု ခက်ခဲမှုရှိခြင်းနှင့် အစိုးရဌာနများဆိုင်ရာလုပ်ငန်းစဉ်များအပေါ် တတ်သိနားလည်မှုများ အားနည်းမှု၊ ဒေသခံတောင်သူအများစုအနေဖြင့် အခက်အခဲမျိုးစုံကြုံတွေ့နေရမှုအပေါ် အစိုးရအသစ်တစ်ရပ်ပေါ်ထွက်လာပြီဖြစ်၍ ခေတ်နှင့်လျော်ညီစွာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တင်ပြဆောင်ရွက်သည့်ကဏ္ဍသို့  ရောက်ရှိလာပြီဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မကြီး ဦးမင်းအောင်လှိုင် မှ (၂၀-၄-၂၀၂၆) ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် “ယနေ့မှစ၍ ရက်(၁၀၀)အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသစီးပွားမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး”ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးအပေါ် အခြေခံနေသဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားထားပါသည်။

တနိုင်းမြို့နယ်သည် စိုက်ပျိုးရေးအခြေပြုမြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးစွမ်းအားတိုးတက်ရေး၊ ထုတ်လုပ်မှုမြှင့်တင်ရေး၊ ကျေးလက်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် နိုင်ငံတော်၏ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီလက်လှမ်းမှီစွာရရှိနိုင်ရေးသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်နေပါသည်။ တနိုင်းမြို့နယ်၏ စုစုပေါင်းမြေဧရိယာအနက် ဘေးမဲ့ကာကွယ်တောဧရိယာမှာ ၆၈ ဒဿမ ၉၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊ မြေလွတ်၊ မြေရိုင်း ဧရိယာမှာ ၂၂ ဒဿမ ၀၅ ရာခိုင်နှုန်းရှိသဖြင့် စိုက်ပျိုးမြေဖော်ထုတ်နိုင်မည့် အလားအလာကောင်းများရှိနေကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်သည် ကချင်ပြည်နယ်၏ အနောက်ဘက်အစွန်ဆုံး စိုက်ပျိုးရေးအခြေပြုမြို့နယ်တစ်ခုဖြစ်သည့်အပြင် မြေလွတ်၊ မြေရိုင်းနှင့် စိုက်ပျိုးမြေဖော်ထုတ်နိုင်မှု အလားအလာကောင်းမွန်ပြီး ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှစ၍ ယနေ့အချိန်ထိ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေခြင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးစွမ်းအားဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်၏ မတည်ချေးငွေစရိတ်များ လိုအပ်နေခြင်း၊ ကုန်ထုတ်စွမ်းအားစုတိုးမြှင့်ဆောင်ရွက်ရေးအတွက် ကိုယ့်အားကိုယ်ကိုး၍ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ တစ်စိုက်မတ်မတ် ဝယ်ယူသုံးစွဲနေသည့် မြို့နယ်တစ်ခုဖြစ်ခြင်း၊ စိုက်ပျိုးတောင်သူများရပ်ကွက်/ကျေးရွာအနှံ့ကျယ်ပြန့်စွာ စိုက်ပျိုးဆောင်ရွက်နေခြင်းတို့ကြောင့် နိုင်ငံတော်၏ ရက်(၁၀၀) စီမံချက်ပါ ကျေးလက်စီးပွားမြှင့်တင်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနှင့်အညီ ဒေသခံတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများအား လွယ်ကူစွာရရှိနိုင်ရေးအတွက် တနိုင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တစ်ခုအား နိုင်ငံတော်မှ ခွင့်ပြုဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်းမေးခွန်းအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့  ဖြေကြားပေးနိုင်ပါရန် မေးမြန်းအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

ကျွန်မကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်း ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၊ ဒေါ်မီမီကျော်ထွန်း၏ “ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများအား လွယ်ကူစွာရရှိနိုင်ရေးအတွက် တနိုင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တစ်ခုအား ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကချင်ပြည်နယ်အနေဖြင့် မြစ်ကြီးနားခရိုင်ဘဏ်ခွဲ၊ ဗန်းမော်ခရိုင်ဘဏ်ခွဲ၊ မိုးညှင်းခရိုင်ဘဏ်ခွဲ၊ မိုးကောင်းမြို့နယ်ဘဏ်ခွဲနှင့် ရွှေကူမြို့နယ်ဘဏ်ခွဲ စုစုပေါင်း ဘဏ်ခွဲ(၅)ခု ဖွင့်လှစ်၍ နှစ်စဉ် မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) မူရင်းအား အာမခံ (အပေါင်) ရယူ၍ ချေးငွေထုတ်ချေးပေးခြင်းဖြစ်ပါတယ်။

တနိုင်းမြို့နယ်တွင် ဘဏ်ခွဲမရှိသည့်အတွက် တနိုင်းမြို့နယ်မှ တောင်သူများမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ အဆင်ပြေစွာရရှိစေရေး မိုးကောင်းမြို့နယ် ဘဏ်ခွဲဝန်ထမ်းများက တနိုင်းမြို့နယ်သို့ သွားရောက်ထုတ်ချေးပေးခဲ့ပါတယ်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် နယ်မြေဒေသအခြေအနေအရ ဝန်ထမ်းများက တနိုင်းမြို့နယ်သို့ သွားရောက်ရန် အခက်အခဲရှိခြင်းကြောင့် တောင်သူများအား မိုးကောင်းမြို့နယ်ဘဏ်ခွဲသို့ လာရောက်စေပြီး ချေးငွေထုတ်ချေးပေးခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘဏ်ခွဲသို့ ကိုယ်တိုင်လာရောက်၍ ချေးငွေထုတ်ယူရန် အခက်အခဲရှိသည့် တောင်သူများကို ကိုယ်စားလှယ်လွှဲစာဖြင့်လည်း ထုတ်ယူခွင့်ပြုထားပါတယ်။

တနိုင်းမြို့နယ်တွင် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအကျေပေးဆပ်ပြီးသည့် တောင်သူဦးရေ (၁၉)ဦး ရှိသဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ တနိုင်းမြို့နယ်မှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမည့် တောင်သူ (၁၉)ဦးအတွက် ချေးငွေ ကျပ် ၇၅၀ သိန်း လျာထားပါတယ်။ အဆိုပါ တောင်သူများ မိုးကောင်းမြို့နယ်ဘဏ်ခွဲသို့ သွားရောက်ရန် မလိုအပ်ဘဲ ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို အဆင်ပြေစွာရရှိနိုင်ရေးအတွက် တောင်သူများ၏ ချေးငွေစာချုပ်များအား မိုးကောင်းမြို့နယ်ဘဏ်ခွဲမှ စိစစ်ပြီးပါက တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ချေးငွေထုတ်ယူရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ ဒါ့အပြင် နယ်မြေဒေသအခြေအနေကောင်းမွန်သည့်အချိန်တွင် မိုးကောင်းမြို့နယ်ဘဏ်ခွဲမှ ဝန်ထမ်းများကို တနိုင်းမြို့နယ်သို့စေလွှတ်ပြီး တောင်သူများအား ချေးငွေထုတ်ချေးခြင်းကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။

တနိုင်းမြို့နယ်သည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တစ်မျိုးတည်းကိုသာ ထုတ်ချေးသည့် မြို့နယ်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေချေးယူသည့် တောင်သူ (၁၉) ဦး အတွက် ချေးငွေကျပ် ၂၀၅.၅၀ သိန်း ထုတ်ချေးပေးခဲ့ပြီး နယ်မြေဒေသအခြေအနေအရ ကိုဗစ်-၁၉ ချေးငွေအပါအဝင် ၂၀၂၀ မိုး၊   ၂ဝ၂၃ မိုး ချေးငွေများအတွက် တောင်သူ (၉၈)ဦးမှ ပေးဆပ်ရန် ချေးငွေကြွေးကျန် ကျပ် ၆၈၀ သိန်း ကျန်ရှိနေသည့်အတွက် အဆိုပါတောင်သူများအနေဖြင့်လည်း ကြွေးကျန်များပြေကျေစွာ ပေးဆပ်ပြီးပါက ချေးငွေသစ်ထုတ်ချေးခွင့်ရရှိမှာဖြစ်ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မြို့နယ်ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ရန်အတွက် ဘဏ်နှင့်ဆက်သွယ်သူ(Customer) တောင်သူဦးရေ အနည်းဆုံး(၁,၀၀၀) ဦးရှိရန်လိုပြီး တောင်သူဦးရေပြည့်မီပါက ဘဏ်၏ ဖွဲ့စည်းပုံတွင် ထည့်သွင်းရေးဆွဲတင်ပြ၍ အတည်ပြုချက်ရယူခြင်း၊ ဘဏ်ခွဲနေရာနှင့် အဆောက်အဦစီစဉ်ခြင်း၊ ဝန်ထမ်းခန့်ထားဆောင်ရွက်ခြင်း၊ ဘတ်ဂျက်လျာထားတင်ပြခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဘဏ်ခွဲသစ်ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်၍ အချိန်ယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

တနိုင်းမြို့နယ်အနေဖြင့် မိုးကောင်းမြို့နယ်ဘဏ်ခွဲနှင့် ဆက်သွယ်သူ Customer တောင်သူဦးရေမှာ ၂၀၂၀ ပြည့်နှစ်တွင် အများဆုံး (၃၇၈) ဦးသာရှိပြီး ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေချေးယူသည့် တောင်သူဦးရေမှာ (၁၉)ဦးသာရှိကြောင်း တွေ့ရှိရပါတယ်။ သို့ပါ၍ လတ်တလောတွင် တနိုင်းမြို့နယ် ဘဏ်ခွဲဖွင့်လှစ်ရန်အစီအစဉ်မရှိသေးပါကြောင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှတစ်ဆင့် တောင်သူများအဆင်ပြေစွာထုတ်ယူရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းရှင်းလင်း ဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။