တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးအေးပိုင်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ဒဂုံမြို့သစ်ခရိုင်၊ မဲဆန္ဒနယ်(၆)တွင်ပါဝင်သော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ မြန်မာ့စီးပွားရေးဘဏ်မရှိသေး၍ မြန်မာ့စီးပွားရေးဘဏ် သီးခြားထားပြီးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းလိုပါသည်။
မြို့နယ်တစ်ခုဖွံ့ဖြိုးတိုးတက်ရေးတွင် ဘဏ်စနစ်ရှိရန်သည် အလွန်အရေးပါလှပါသည်။ ဘဏ်စနစ်ရှိမှ ကျန်သည့် စီးပွားရေး၊ လူမှုရေးကိစ္စများ ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အထောက်အကူရမည်ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးဘဏ်ရှိမှသာလျှင် ကျန်သော ပုဂ္ဂလိကဘဏ်စနစ်လည်း လာရောက်ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။
အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာထုတ်ယူခြင်း၊ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် မြန်မာ့စီးပွားရေးဘဏ်ကို အဓိကအားကိုးအားထားပြုရပါသည်။ ထို့အတူ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင်လည်း ရန်ပုံငွေထုတ်ယူခြင်းကစ၍ မိမိတို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မရှိသေး၍ နီးစပ်ရာဒဂုံတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆက်သွယ်ဆောင်ရွက်နေရသဖြင့် အချိန်များစွာပေး၍ ဆောင်ရွက်နေရပါသည်။ ဒဂုံ(တောင်)မြန်မာ့စီးပွားရေးဘဏ်တွင်လည်း ဒဂုံ(တောင်)မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရဘဏ်ရန်ပုံငွေများကိုလည်း ဆောင်ရွက်နေရသည့်အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပြည်သူများ၊ ဝန်ထမ်းများအတွက် ဘဏ်လုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက်နေရသဖြင့် ဒဂုံ(တောင်)မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများသည်လည်း ဝန်ထမ်းအင်အား အခက်အခဲ ကြုံနေရပါသည်။
သို့ဖြစ်ပါ၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် အထောက်အကူရရှိစေရန်အတွက်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက်လည်းကောင်း၊ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူပြီး နိုင်ငံ့စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်လည်းကောင်း အထောက်အကူဖြစ်စေရန်အတွက် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိကို လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးအေးပိုင် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။
ကျွန်မကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်း ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၊ ဦးအေးပိုင်၏ “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်ရသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်လည်းကောင်း၊ စီမံ ကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ရုံးချုပ်ဌာနခွဲ(၇)ခု၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး (၁၄) ခု၊ ခရိုင်ဘဏ်ခွဲ/ ဘဏ်ခွဲ (၇၇)ခု၊ မြို့နယ်ဘဏ်ခွဲ (၂၁၈)ခု၊ ဘဏ်ငွေတိုက်ခွဲ (၁၇) ခု၊ ငွေစုဘဏ်ရုံးခွဲ (၁) ခု၊ ကိုယ်စားလှယ်ရုံးခွဲ (၁)ခု၊စုစုပေါင်း (၃၃၅) ဘဏ်ဖွင့်လှစ်၍ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ခရိုင်ဘဏ်ခွဲနှင့် ဘဏ်ခွဲများ၊ မြို့နယ်ဘဏ်ခွဲနှင့် ဘဏ်ငွေတိုက်ခွဲ၊ စုစုပေါင်း (၃၅) ဘဏ်ဖွင့်လှစ်ထားရှိသည့်အနက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဘဏ်ခွဲအား ၁ - ၁၀ - ၁၉၉၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်း (၁၄)ခုမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဘဏ်ခွဲမှ ငွေသား၊ စာရင်းပြောင်း၊ ငွေလွှဲနည်းလမ်းများဖြင့် ဘဏ်ဝန်ဆောင်မှုများကို နိုင်ငံတစ်ဝှမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ထို့ပြင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ဘဏ်ခွဲမှတစ်ဆင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပုဂ္ဂလိကဘဏ် (၂) ဘဏ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာရှိတဲ့ ပုဂ္ဂလိကဘဏ် (၈) ဘဏ်တို့ အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ပုဂ္ဂလိကဘဏ်များနှင့်လည်း ချိတ်ဆက်၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို အခက်အခဲမရှိ ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများ၏ လစာထုတ်ယူခြင်းနှင့် အငြိမ်းစားလစာထုတ်ယူခြင်းတို့ကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ဘဏ်ခွဲတွင် ငွေသား၊ စာရင်းပြောင်း၊ ငွေလွှဲနည်းလမ်းများအပြင် မြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်ခွဲများရှိ ATM စက်များ၊ မိုဘိုင်းငွေပေးချေမှုတို့ဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ဘဏ်ခွဲတစ်ခု ဖွင့်လှစ်တဲ့အခါမှာ အောက်ပါသတ်မှတ်ချက်များ လိုအပ်ပါတယ် -
ယခုအခြေအနေအရ ဒဂုံမြို့သစ်(တောင်ပိုင်း) ဘဏ်ခွဲနေရာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့သည် ၅ မိုင်ခန့်သာ ကွာဝေးခြင်းနှင့် မြို့နယ်ဘဏ်ခွဲ အသစ်ဖွင့်လှစ်ရန်အတွက် အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။
သို့ဖြစ်ပါ၍ ယခုလတ်တလောအခြေအနေတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲဖွင့်လှစ်ဆောင်ရွက်ပေးရန်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။