Share this

ဦးသိန်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇)၏ "စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း"နှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, July 16, 2026 - 12:45
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Thein Hlaing

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးသိန်းလှိုင်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ပထမအကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါသည်။ မေးခွန်းကို ထိုစဉ်က လျှပ်စစ်စွမ်းအားဒုတိယဝန်ကြီး ဦးမော်သာထွေးက ဖြေကြားခဲ့ရာမှာ-

၂၀၀၄ ခုနှစ် ဇွန်လတွင် လယ်/ဆည်ဝန်ကြီးမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အထူးစီမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၀၂) မှာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပြီး ယင်းအစည်းအဝေးတွင် တမံလုပ်ငန်းများကိုဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ရန်နှင့် ရေအားလျှပ်စစ်လုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၀၇ ခုနှစ်၊ ဩဂုတ်လမှစတင်ပြီး အကြိုတည်ဆောက်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းတည်နေရာပြမြေပုံများကိုလည်း PowerPoint ဖြင့်တင်ပြထားပါသည်။

နိုင်ငံတော်ဘတ်ဂျက်အခြေအနေအရ JV/ B.O.T စနစ်အခြေခံဖြင့် ပြောင်းလဲအကောင်အထည်ဖော်ရန် စီမံဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီဖြစ်သော MEGA Resources Co.,Ltd.၊ ကိုရီးယားသမ္မတနိုင်ငံ၊ HANSHIN Engineering & Construction Co.,Ltd. တို့မှ မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းအား JV/ B.O.T စနစ်အခြေခံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (Memorandum of Understanding- MOU) ကိုလက်မှတ်ရေးထိုးခဲ့ကြပါသည်။ Preliminary Proposal နှင့် Pre Feasibility Study Report တို့အား စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီများမှတင်ပြခဲ့ပါသည်။ MOU ရေးထိုးခဲ့ကြသော်လည်း အကြောင်းကြောင်းကြောင့် MOU အားပယ်ဖျက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Harbour Engineering Co.,Ltd.  နှင့် ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီ၊ Sein Enterprises Development & Investment Co.,Ltd. တို့မှပူးပေါင်း၍ JV/B.O.T စနစ် အခြေခံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ(MOU) ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁၈)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

မဏိပူရ်မြစ်ကို ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ပါက လူနေအိမ်ခြေ၊ လယ်ယာမြေများ ထိခိုက်မှုရှိမည်မဟုတ်ပါ။ မဏိပူရ်မြစ်ဖျားပိုင်းဖြစ်တဲ့ မဏိပူရ်ပြည်နယ်ထဲမှာ ဆည်အကြီး (၃)ခုနှင့် ဆည်အသေးများ တည်ဆောက်အသုံးပြုလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်ကလေးဒေသရေကြီးရေလျှံမှုဖြစ်စဉ်မှာ အဓိကရေအားက မဏိပူရ်မြစ်ရဲ့ရေအားကြောင့်ဖြစ်ပါသည်။ မဏိပူရ်မြစ်ကို ဆည်တည်ဆောက်ခြင်းဖြင့် မိုးရာသီရေကြီးရေလျှံမှုကိုလည်း အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ရရှိလာတဲ့ လျှပ်စစ်ဓာတ်အား ၃၈၀ မဂ္ဂါဝပ်ကလည်း ချင်းပြည်နယ်တစ်ခုလုံး၊ ယောဒေသ၊ ကလေးဒေသ၊ ကဘော်ဒေသများအပြင် အထက်ချင်းဒေသကိုပါ ဖြန့်ဖြူးပေးနိုင်ပါတယ်။

ထို့ကြောင့် အကျိုးအလွန်များပြီး အပြစ်အလွန်နည်းတဲ့ မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက  မည်သည့်ကာလတွင် အကောင်အထည်ဖော်မည်ကိုသိရှိလို၍ မေးမြန်းအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးသိန်းလှိုင် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးသိန်းလှိုင် မေးမြန်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကျွန်တော် ဒုတိယဝန်ကြီး ဦးအေးကျော်က ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။

မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အနီး၊ ကလေးမြို့နယ်၊ ကမ္ဘားနီတံတား အထက်ဘက်(၂.၅)မိုင်ခန့်အကွာ မဏိပူရ်မြစ်ပေါ်တွင် တည်ရှိပါတယ်။ စီမံကိန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ယခင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီး ၂၀၀၄-၂၀၀၅ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ (၁၂.၉၅%) ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။

၎င်းနောက် မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းအား JV/BOT စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ရန် စိန်အင်တာပရိုက်စ်ကုမ္ပဏီ၊ China Harbor Engineering Co.,Ltd. တို့နှင့် (၁၈-၉-၂၀၁၄) ရက်တွင် ဌာနနှင့် MOU ရေးထိုးခဲ့ပါတယ်။ ကုမ္ပဏီမှ သတ်မှတ်ကာလ(၂၄)လအတွင်း MOU ပါ သတ်မှတ်ချက်နှင့်အညီ ပြီးပြည့်စုံသည့် FSR ကို တင်ပြဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် (၁၅-၆-၂၀၁၈) ရက်တွင် MOU ပျက်ပြယ်ခဲ့ပါတယ်။

မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှရရှိမည့် အကျိုးဖြစ်ထွန်းမှု နည်းပါးနေသေးသဖြင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် စီမံကိန်းဆောင်ရွက်ခြင်းအား ယာယီရပ်ဆိုင်းထားရန်နှင့် စီမံကိန်းအား Private Sector မှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက သေချာစွာစိစစ်၍ ခွင့်ပြုရန် (၈-၅-၂၀၂၀) ရက်တွင် ယခင်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀)မှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ယခင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများသို့ အကြောင်းကြားခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးဆုံးဖြတ်ချက်အရ စီမံကိန်းလုပ်ငန်းများအား (၂၅-၅-၂၀၂၀)ရက်နေ့တွင် စနစ်တကျ ရပ်ဆိုင်းထားခဲ့ပါတယ်။

မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူ ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါဖိတ်ခေါ်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများအား ၂၀၂၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါတယ်။

တင်ဒါဖိတ်ခေါ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်ကာလအတွင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ စီမံကိန်းသို့ဝင်ရောက်၍ တည်ဆောက်ရေးသုံးပစ္စည်းများကို ယူဆောင်သွားခဲ့ပါတယ်။ စီမံကိန်းဝန်းကျင်တစ်ဝိုက် နယ်မြေဒေသအခြေအနေအရ ဝန်ထမ်းများအား လုပ်ငန်းခွင်စခန်းမှ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည်ဆောက်ရေး အုပ်ချုပ်မှုအောက်ရှိ မုံရွာမြို့ (တမာတန်းရုံးဝန်း)သို့ ပြောင်းရွှေ့နေထိုင်စေခဲ့ပါတယ်။ လတ်တလော နယ်မြေဒေသအခြေအနေအရ စီမံကိန်းကို ဆက်လက်ဆောင်ရွက်၍ မရနိုင်တော့သဖြင့် တင်ဒါဖိတ်ခေါ်မည့် လုပ်ငန်းစဉ်များအား ယနေ့အချိန်ထိ ရပ်ဆိုင်းခဲ့ရပါတယ်။

မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက နိုင်ငံခြားငွေအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများကို နိုင်ငံတော်၏ အခြားလိုအပ်သည့်နေရာတွင် ပိုမိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် ဆောင်ရွက်မည့်သူမရှိပါက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ဌာနအနေဖြင့် နိုင်ငံတော်ထံ မူဝါဒတောင်းခံ၍ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နည်းပညာဆိုင်ရာများအနေဖြင့် စီမံကိန်းတည်ရှိရာနေရာတွင် ပြတ်ရွေ့ကြောတည်ရှိမှု၊ ငလျင်လှုပ်ခတ်မှုရာဇဝင်နှင့် မြေမျက်နှာသွင်ပြင် အနေအထားဆိုင်ရာ စိန်ခေါ်မှုအချို့ ရှိနေပါတယ်။ စီမံကိန်းနေရာသည် ငလျင်အားပြင်းဇုန်အတွင်းကျရောက်နေပါတယ်။ သို့ဖြစ်ရာ တမံနှင့် ဆက်နွယ်ရေအားအဆောက်အအုံများကို မြေငလျင်ဒဏ်ခံနိုင်ရန် ဒီဇိုင်းပုံစံအသစ်ပြန်လည်ပြင်ဆင် တွက်ချက်ရေးဆွဲရန်လိုအပ်မှာ ဖြစ်ပါတယ်။

မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းကို ယခင်က တမံအမြင့် (၅၇၅)ပေ၊ စက်တပ်ဆင်အင်အား (၃၈၀) မဂ္ဂါဝပ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရန် ရည်ရွယ်ခဲ့ပါတယ်။ တမံဖို့ရာတွင် အသုံးပြုမည့် Material အခက်အခဲရှိခြင်း၊ အနယ်ကျမှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်း၊ ရေဝပ်ဧရိယာ၏ ဘူမိဗေဒအခြေအနေအရ ရေလှောင်ကန်အတွင်းမြေပြိုကျနိုင်မှုကို ထည့်သွင်းစဉ်းစားရခြင်း၊ ငလျင်ဒဏ်ခံနိုင်အားတွက်ချက်မှုကို ပိုမိုစဉ်းစားရခြင်း၊ ရေဝပ်ဧရိယာကျယ်ပြန့်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ ပိုမိုရှိလာနိုင်ခြင်း စသည်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါတယ်။

စီမံကိန်းတွင် အသုံးပြုမည့် အဓိကလုပ်ငန်းခွင်သုံးပစ္စည်းများဖြစ်သော သဲ၊ ကျောက်ကြီးနှင့် ကျောက်စရစ်များသည် စီမံကိန်းဧရိယာမှ(၅)မိုင်ခန့် အကွာအဝေးအတွင်းမရရှိနိုင်သည့်အပြင် ဘိလပ်မြေနှင့်သံချောင်းလုံးအရွယ်စုံတို့သည် ကျောက်ဆည်ဒေသနှင့် မန္တလေးဒေသအနီးမှ သယ်ယူရမည်ဖြစ်သည့်အတွက် စီမံကိန်းကုန်ကျစရိတ်ကို ပိုမိုများပြားစေနိုင်မှာဖြစ်ပါတယ်။

တမံအား အမြင့်(၃၀၅)ပေခန့်သို့ လျော့ချဆောင်ရွက်ပါက Material လုံလောက်မှုရှိခြင်း၊ အနယ်ကျမှုအတွက် နုန်းထုတ်ပေါက်ကို ထည့်သွင်းစဉ်းစားခြင်း၊ ငလျင်ဒဏ်ခံနိုင်အားကို စဉ်းစားတွက်ချက်ခြင်း၊ ရေဝပ်ဧရိယာ လျော့နည်းခြင်းနှင့်အတူ ရေလှောင်ကန်အတွင်းသို့ မြေပြိုကျမှုဖြစ်နိုင်ချေ နည်းပါးခြင်း၊ တည်ဆောက်မှုအချိန်ကာလကို လျှော့ချနိုင်ခြင်း၊ တမံအမြင့်နှင့်လိုက်လျောညီထွေသည့် တပ်ဆင်စက်အင်အား (၂၅၀) မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ခြင်းစသည့် အားသာချက်များ ရရှိလာမှာ ဖြစ်ပါတယ်။

မဏိပူရ်ရေအားလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်နှင့် စိုက်ပျိုးမြေများကို ဆည်ရေပေးဝေရန်တို့အတွက် ဆက်လက်ဆောင်ရွက်သင့်သည့် ဘက်စုံစီမံကိန်းတစ်ခုဖြစ်ပါတယ်။ မဏိပူရ် ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ခြင်းကြောင့် မြစ်သာမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် နှစ်စဉ်ရေလွှမ်းမိုးမှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက်လည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်။