Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် ( ၁၃-၇-၂၀၂၆ )

Monday, July 13, 2026 - 16:36
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

(၁၆)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၄  ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

[ တနင်္လာနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦး ရှိပြီး (၂၀၄)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၅)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) ဦးကျော်ကျော်လတ်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ သိမ်းဆည်းခံလယ်ယာမြေနှင့်ပတ်သက်ပြီး ပေးလျော်ရန်ကျန်ရှိနေသေးသော လယ်သမား(၂၀၀)ဦးခန့်အတွက် လျော်ကြေးနစ်နာကြေးရရှိနိုင်မှုအခြေအနေအား မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က တင်ပြမေးမြန်းထားသည့် လယ်ယာမြေလျော်ကြေးပေးရန် ကျန်ရှိသည့် တောင်သူ(၂၀၄) ဦးနှင့်စပ်လျဉ်းပြီး တောင်သူ (၁၁) ဦးအား လျော်ကြေးငွေပေးအပ်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကျန်(၁၉၃)ဦးနှင့်စပ်လျဉ်း၍ မူဝါဒ (၅၂)ချက်နှင့်အညီ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားပါသည်။

( ခ ) ဦးဇော်မင်းထူး၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများအား မြေငှားဂရန်ရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးယူနိုင်ရန်အတွက် လိုအပ်လျက်ရှိသော မြေငှားဂရန်ရရှိရေး အခက်အခဲများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချမှတ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က မြေငှားဂရန်ရရှိရေး စတင်ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ဆဲကာလအတွင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းရှင်များ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးယူနိုင်ရန်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များရှိပါက ချေးငွေထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြေစာရင်းဦးစီးဌာနမှ မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် နေရာများတွင် လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် မြေငှားဂရန်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲတို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားပါသည်။

( ဂ ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်း မြို့ပြဧရိယာနှင့် လူဦးရေမမျှတမှုများအား ဖြေရှင်းနိုင်ရေးအတွက် မြို့ကွက်သစ်များ အမြန်ဆုံးဖော်ဆောင်ပေးရန်နှင့် မြို့မြေအဖြစ် သတ်မှတ်ပြီးသား မြေနေရာများတွင်  စနစ်ကျသော မြို့ကွက်သစ်များပေါ်ပေါက်လာစေရန်  မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းနှင့် ငသိုင်းချောင်းမြို့များတွင် မြို့မြေကွက်သစ်များ ဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ယင်းဒေသများသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက စပါးစိုက်ပျိုးရာ ရေခံမြေခံကောင်းမွန်သည့်ဒေသများဖြစ်ကြသဖြင့် မြို့ကွက်သစ် ဖော်ထုတ်မည်ဆိုပါက လက်ရှိစိုက်ပျိုးဖြစ်ထွန်းနေသော လယ်ယာမြေများကို အသုံးပြုရမည်ဖြစ်သောကြောင့် ဒေသခံတောင်သူလယ်သမားများ၏ လုပ်ကိုင်စားသောက်မှုဘဝကို ထိခိုက်နိုင်မှု ရှိ/မရှိကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့မြေအဖြစ်အသုံးပြုရန် သတ်မှတ်ထားရှိသည့် ဧရိယာအပေါ် လက်ရှိမြို့မြေအတွင်း လူနေထိုင်မှုအခြေအနေအားပြန်လည်စိစစ်ခြင်း၊ နောင်တိုးပွားလာမည့် လူဦးရေအခြေအနေအပေါ်အခြေခံ၍ Town Plan ရေးဆွဲစေခြင်းနှင့် Town Plan အရ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မူလပိုင်ဆိုင်သည့်သူများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားပါသည်။

(ဃ) ဦးသန်းထွန်း၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃) ၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံပြည်သူအများအပြားမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသော ပြည်သူများအတွက် သီးခြားနေရာတစ်ခုတွင် IDP Camp များကဲ့သို့ အဆောက်အအုံများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က ယာယီနေရပ်စွန့်ခွာပြည်သူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးထားသည့် ယာယီနေရပ်စွန့်ခွာစခန်းစုရပ်များရှိ အဆောက်အဦများတွင် လုံခြုံစွာနေထိုင်လျက်ရှိကြပြီး စားသောက်ရေးအတွက် လစဉ်ဆန်များ ထောက်ပံ့ခြင်း၊ ကျန်းမာရေးအတွက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ပညာရေးအတွက် ထောက်ပံ့ပေးခြင်းတို့အား ဆောင်ရွက်ထားရှိပေးပြီးဖြစ်သဖြင့် (IDP Camp) များကဲ့သို့ အဆောက်အအုံများဆောက်လုပ်ပေးရန် မရှိပါကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားပါသည်။ 

အဆိုဆက်လက်ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့် က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆက်လက်ဆွေးနွေးပါသည်။

၆။ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။

၇။ အစည်းအဝေးကို ၁၅:၄၇ နာရီ အချိန်တွင် ရပ်နားပြီး (၁၇)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် (ကြာသပတေးနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်