တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)
ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးသန်းထွန်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့မှုကြောင့် ဒေသခံပြည်သူအများအပြားသည် မိမိတို့၏ နေအိမ်များနှင့် နေရပ်ဒေသများကိုစွန့်ခွာကာ ဘေးလွတ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ အဆိုပါစစ်ဘေးရှောင်ပြည်သူများအနက် အမျိုးသမီးများ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများလည်း ပါဝင်လျက်ရှိပြီး နေထိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။
လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူအများစုသည် ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် ယာယီတဲများတွင် ခိုလှုံနေကြရပြီး နေထိုင်ရန်နေရာမလုံလောက်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရန်မလုံလောက်ခြင်း မိုးရာသီကာလအတွင်း ရာသီဥတုဒဏ်ကို ခံစားရခြင်းစသည့် ဒုက္ခများစွာကို ခံစားနေကြရပါသည်။
သို့ဖြစ်ပါ၍ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် သီးခြားနေရာတစ်ခုတွင် IDP Camp များကဲ့သို့ အဆောက်အဦးများဆောင်ရွက်ပေးနိုင်ပါရန်အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးနိုင်သည့်အစီအစဉ် ရှိ/မရှိ သိရှိလိုသောကြောင့် လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)
ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ ဦးသန်းထွန်း မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးသန်းထွန်း၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ AA အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသအတွင်းတည်ငြိမ်မှုမရှိအောင် အကြမ်းဖက်လုပ်ရပ်များ၊ တိုက်ပွဲများဖော်ဆောင်ပြီး တပ်မတော်လုံခြုံရေးစစ်ကြောင်းများ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများ၊ လုံခြုံရေးအခြေပြုနေရာများအား သာလွန်အင်အားများဖြင့် Drone များအသုံးပြုကာ Drop ဗုံးများချ၍ ဝင်ရောက်တိုက်ခိုက်ခြင်း၊ အလစ်အငိုက်ချောင်းမြောင်းတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသည့်အပြင် အများပြည်သူအသုံးပြုနေသည့် လမ်းများပေါ်တွင် ခရီးသည်တင် မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ တားဆီးစစ်ဆေးခြင်း၊ ကားလမ်းများကိုပိတ်ဆို့၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများဖြစ်ပေါ်အောင် ပြုလုပ်ခဲ့သောကြောင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ မိမိတို့နေထိုင်ရာဒေသများကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများနှင့် စစ်တွေမြို့နယ်အစွန်အဖျားရှိ ကျေးရွာများမှ လုံခြုံရေးအခြေအနေအရ နေရပ်စွန့်ခွာလာသူများအား စစ်တွေမြို့အတွင်း ယာယီနေထိုင်နိုင်ရန် ယာယီနေရပ်စွန့်ခွာစခန်းစုရပ် (ဘုန်းတော်ကြီးကျောင်းများ) ၅၄ ခုအား ဖွင့်လှစ်ပေးခဲ့သဖြင့် အိမ်ထောင်စု ၂,၁၂၀ စု၊ လူဦးရေ ၆,၉၄၃ ဦးတို့ ယာယီနေထိုင်လျက်ရှိပါတယ်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား နေထိုင်မှုအခက်အခဲမရှိစေရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ယာယီနေရပ်စွန့်ခွာစခန်း/စုရပ် ၅၄ ခုတွင် လိုအပ်သော လူနေဆောင် ၂၀ ဆောင်၊ စားဖိုဆောင် ၂၈ ဆောင်၊ ၄ ခန်းတွဲနှင့် ၂ ခန်းတွဲ သန့်စင်ခန်း ၂၇ လုံးတို့အား ငွေကျပ် ၈၂၇,၀၅ သန်းဖြင့်လည်းကောင်း၊ ရေတုံကင်များ၊ လုံခြုံရေးဆိုလာမီး ၁၃၅ လုံး၊ ရေတွန်းလှည်း ၄၂ စီးတို့အားလည်းကောင်း၊ စုရပ် ၅၄ ခုရှိ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ပေးရမည့်လုပ်ငန်း ၅၃ ခုဖြစ်သည့် လူနေဆောင်၊ စားဖိုဆောင်နှင့် သန့်စင်ခန်းတို့အတွက် ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၁၇၁.၀၅ သန်းဖြင့် လည်းကောင်း၊ ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၁၁၉,၈၉၀ သန်းဖြင့် လူနေဆောင် (၁၀၀'x၂၀') ၁ ဆောင်၊ စားဖိုဆောင် (၃၀'x၁၅') ၁ ဆောင်အားလည်းကောင်း၊ နေရပ်စွန့်ခွာစခန်းစုရပ်များရှိ ပြည်သူများအတွက် လိုအပ်ချက်များရှိပါက လူနေဆောင်၊ စားဖိုဆောင်၊ သန့်စင်ခန်းနှင့် လုံခြုံရေးဆိုလာမီးများ ထပ်မံဆောင်ရွက်ပေးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများ၏ စားသောက်မှုအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူတစ်ဦးလျှင် တစ်ရက် ဆန် ၂ ဘူးနှုန်းဖြင့် ယနေ့အချိန်ထိ ရိက္ခာဆန်များအား လစဉ်ထောက်ပံ့ပေးလျက်ရှိပြီး ယာယီနေရပ်စွန့်ခွာစခန်း/ စုရပ်များသို့ အရောက်ပို့ဆောင်ပေးလျက်ရှိပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ယာယီနေရပ်စွန့်ခွာစခန်းစုရပ် ၅၄ ခုရှိ ဒေသခံပြည်သူများအတွက် ဆန် ၂၄ ပြည်အိတ် ၁,၆၀၆ အိတ်ကို ယာယီနေရပ်စွန့်ခွာစခန်းစုရပ် ၅၄ ခုသို့လည်း ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ရခိုင်ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ၁ ဦးလျှင် တစ်လငွေကျပ် ၂၀,၀၀၀/- နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ထောက်ပံ့ငွေများအား ပြည်သူတစ်ဦးချင်းစီ၏ လက်ဝယ်သို့ရောက်ရှိအောင် ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်းနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အထည်သုံးပစ္စည်းများ ထောက်ပံ့ခြင်းအတွက် ငွေနှင့်ပစ္စည်းတန်ဖိုးငွေကျပ် ၆၁၉ သန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ လူဦးရေ ၁,၀၉၈ ဦးတို့အား ကုသပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူ ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားခွင့်မဆုံးရှုံးစေရေးအတွက် နီးစပ်ရာ အခြေခံပညာစာသင်ကျောင်းများတွင် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးထားသည့် ယာယီနေရပ်စွန့်ခွာစခန်းစုရပ်များရှိ အဆောက်အဦများတွင် လုံခြုံစွာနေထိုင်လျက်ရှိကြပြီး စားသောက်ရေးအတွက် လစဉ်ဆန်များထောက်ပံ့ခြင်း၊ ကျန်းမာရေးအတွက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ပညာရေးအတွက် ထောက်ပံ့ပေးခြင်းတို့အား ဆောင်ရွက်ထားရှိပေးပြီးဖြစ်သဖြင့် IDP Camp များကဲ့သို့ အဆောက်အဦများ ဆောက်လုပ်ပေးရန်မရှိပါကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားအပ်ပါတယ်။