Share this

ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ "ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်း မြို့ပြဧရိယာနှင့် လူဦးရေမမျှတမှုများအား ဖြေရှင်းနိုင်ရေးအတွက် မြို့ကွက်သစ်များ အမြန်ဆုံးဖော်ဆောင်ပေးရန်နှင့် မြို့မြေအဖြစ်သတ်မှတ်ပြီးသား မြေနေရာများတွင် စနစ်ကျသော မြို့ကွက်သစ်များပေါ်ပေါက်လာစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း"တို့နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 13, 2026 - 15:35
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Yan Naing Win

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

ကျွန်တော် ဦးရန်နိုင်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)သည် အောက်ပါအတိုင်း ကြယ်ပွင့်ပြမေးခွန်းမေးမြန်းလိုပါသဖြင့် တင်ပြအပ်ပါသည်။

မေးခွန်းခေါင်းစဉ်

ကျုံပျော်ခရိုင်အတွင်း မြို့ပြဧရိယာနှင့် လူဦးရေ မမျှတမှုများအား ဖြေရှင်းနိုင်ရေးအတွက် မြို့ကွက်သစ်များ ဖော်ဆောင်ပေးရန်နှင့် Town Plan များ အကောင်အထည်ဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်း။

မေးမြန်းလိုသည့်အချက်များ

(က) ခရိုင်မြို့ဖြစ်လာသည့် ကျုံပျော်မြို့ အပါအဝင် ကျောင်းကုန်း၊ ရေကြည်နှင့် ငါးသိုင်းချောင်းမြို့များတွင် မြို့ပြသိပ်သည်းဆလျှော့ချနိုင်ရန်အတွက် မြို့ကွက်သစ်များ အမြန်ဆုံး ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ။

(ခ) မြို့မြေအဖြစ် သတ်မှတ်ပြီးသား မြေနေရာများတွင် မြို့ပြစီမံကိန်း (Town Plan) အကောင်အထည်ဖော်ရာ၌ မူလပိုင်ဆိုင်သည့် လယ်သမားများနှင့် ညှိနှိုင်း၍ လမ်းများ၊ အိမ်ရာကွက်များ ဖော်ဆောင်ပေးခြင်းဖြင့် စနစ်ကျသော မြို့ကွက်သစ်များ ပေါ်ပေါက်လာစေရန် အစိုးရအနေဖြင့် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း။

မေးမြန်းရခြင်း၏ ရည်ရွယ်ချက်

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ -

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်သည် ယခုအခါ ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်လာပြီး စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုအရေးပါလာသဖြင့် မြို့ပေါ်လူဦးရေမှာ ယခင်ကထက်များစွာ တိုးပွားလာခဲ့ပါသည်။ သို့သော် မြို့ပေါ်မြေဧရိယာမှာမူ နှစ်ပေါင်းများစွာအတွင်း တိုးချဲ့နိုင်ခြင်းမရှိခဲ့သဖြင့် လူဦးရေနှင့် မြေဧရိယာ လွန်စွာမမျှမတ ဖြစ်ပေါ်လျက်ရှိပါသည်။

လက်ရှိ မြေပြင်အခြေအနေတွင် မြို့ပေါ်ရှိ ပေ ၄၀၊ ပေ ၆၀ စံနှုန်းမြေကွက်များ၌ တစ်ခြံလျှင် အိမ်ခြေ ၂ အိမ်မှ ၃ အိမ်အထိ စုပေါင်းနေထိုင်နေရခြင်း၊ မြေကွက်များကိုပေ ၂၀၊ ပေ ၆၀ များအဖြစ် ခွဲစိတ်နေထိုင်ရခြင်းတို့ကြောင့် မြို့ပြသိပ်သည်းဆ လွန်ကဲကာ ကျန်းမာရေး၊ မီးဘေးအန္တရာယ်နှင့် မြို့ပြအင်္ဂါရပ်ဆိုင်ရာပြဿနာများ ရင်ဆိုင်နေရပါသည်။ ကျုံပျော်၊ ကျောင်းကုန်းနှင့် ရေကြည်မြို့နယ်များအတွင်း မြို့မြေအဖြစ် သတ်မှတ်ပြီးသား မြေနေရာများရှိသော်လည်း မြို့ပြစီမံကိန်း (Town Plan)များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါ၍ မြို့ပြဖွံ့ဖြိုးရေးနှင့် ပြည်သူများ စနစ်တကျနေထိုင်နိုင်ရေးအတွက် မေးခွန်းများကို လွှတ်တော်တွင်မေးမြန်းလိုပါသည်။

သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းအား ကြယ်ပွင့်ပြမေးခွန်းအဖြစ် လက်ခံဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရန်နိုင်ဝင်း၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခြင်းပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်း ကျောင်းကုန်းမြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့နယ် ၃ မြို့နယ်တို့ပါဝင်ပြီး ကျောင်းကုန်းမြို့နယ်တွင် ကျောင်းကုန်းမြို့၊ ကျုံပျော်မြို့နယ်တွင် ကျုံပျော်မြို့နှင့် အထောင်မြို့၊ ရေကြည်မြို့နယ်တွင် ရေကြည်မြို့၊ ငသိုင်းချောင်းမြို့၊ အသုတ်မြို့၊ စုစုပေါင်း ၆ မြို့တို့ဖြင့် ဖွဲ့စည်းထားရှိပါတယ်။

ကျုံပျော်မြို့တွင် ရပ်ကွက်(၄)ရပ်ကွက်၊ မြို့ဧရိယာ ၁,၀၀၁ ဧကနှင့် မြို့နေလူဦးရေမှာ ၁၇,၄၄၈ ဦးဖြစ်ပြီး၊ မြို့မြေအဖြစ် အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိထားသည့် ဧရိယာ ၆၅.၀၀ ဧကအတွင်း မြို့ကွက်သစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် နယ်နိမိတ်တိုင်းတာသတ်မှတ်ရေးဥပဒေအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နယ်နိမိတ်တံတိုင်းသတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများ ခန့်အပ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ခန့်အပ်ဆောင်ရွက်ပြီးပါက မြို့နယ်မြေစာရင်းဦးစီးဌာနမှ ကွက်ကြဲ၊ ကွက်စိတ်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ကာ မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူ၍ မြို့ကွက်မြေပုံများအဖြစ်ဆောင်ရွက်ပြီး မြို့ကွက်သစ်များ ဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှရေးဆွဲထားသည့် ကျုံပျော်မြို့၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း အစီရင်ခံစာအတိုင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ကျောင်းကုန်းမြို့တွင် ရပ်ကွက်(၅)ရပ်ကွက်၊ မြို့မြေဧရိယာ ၁,၈၂၄ ဧကနှင့် မြို့နေလူဦးရေ ၂၁,၄၅၁ ဦးဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ Town Plan ကို ကွင်းဆင်းရေးဆွဲနိုင်ရန် စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ Town Plan အစီရင်ခံစာရရှိပါက မြို့ကွက်သစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် နယ်နိမိတ်တိုင်းတာသတ်မှတ်ရေးဥပဒေအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများခန့်အပ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ခန့်အပ်ဆောင်ရွက်ပြီးပါက မြို့နယ်မြေစာရင်းဦးစီးဌာနမှ ကွက်ကြဲ၊ ကွက်စိတ်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ကာ မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူပြီး မြို့ကွက်မြေပုံများအဖြစ် ဆောင်ရွက်ပြီး မြို့ကွက်သစ်များ ဖော်ဆောင်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း အစီရင်ခံစာအတိုင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ရေကြည်မြို့တွင် ရပ်ကွက်(၅)ရပ်ကွက်၊ မြို့မြေဧရိယာ ၉၆ဝ ဧကနှင့် မြို့နေလူဦးရေ ၁၁,၂၄၀ ဦးဖြစ်ပြီး မြို့မြေအဖြစ်သတ်မှတ်ထားပြီးသော်လည်း လက်ရှိတွင် အသုံးမပြုသည့် ဧရိယာ ၁၄၀.၇၃ ဧကကျန်ရှိနေပါတယ်။ ယင်းဧရိယာတွင် မြို့မြေအဖြစ် အသုံးမပြုသေးသဖြင့် တောင်သူများမှ စပါးစိုက်ပျိုးထားပါကြောင်း၊ အဆိုပါမြို့ မြေအဖြစ် အသုံးမပြုရသေးသည့်ဧရိယာအား မြို့ကွက်သစ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် နယ်နိမိတ်တိုင်းတာသတ်မှတ်ရေးဥပဒေအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများ ခန့်အပ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ခန့်အပ်ဆောင်ရွက်ပြီးပါက မြို့နယ်မြေစာရင်းဦးစီးဌာနမှ ကွက်ကြဲ၊ ကွက်စိတ်တိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်ကာ မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူ၍ မြို့ကွက်မြေပုံများအဖြစ် ဆောင်ရွက်ပြီး ၂၀၂၄ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ရေကြည်မြို့၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း အစီရင်ခံစာအတိုင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့တွင် ရပ်ကွက်(၆)ခု၊ မြို့မြေဧရိယာ ၁,၈၇၅ ဧကနှင့် မြို့နေလူဦးရေမှာ ၂၀,၂၀၁ ဦးဖြစ်ပါတယ်။ စုစုပေါင်းတိုင်းတာပြီး အကွက်(၁၉)ကွက်တွင် မြို့မြေပြန်တမ်းအရ ၁,၁၇၈ ဧကသာရှိကြောင်းနှင့် ၆၉၇ ဧကမှာ မြို့မြေအတွင်း ကျရောက်ပြီး လယ်မြေများ၊ ကိုင်းမြေများ၊ ဥယျာဉ်မြေများဖြစ်ပါသဖြင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀(က)၊(ခ)တို့နှင့်အညီ အခြားနည်းအသုံးပြုရန် လျှောက်ထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်ရရှိပါက ၂၀၁၉ ခုနှစ် နယ်နိမိတ်တိုင်းတာသတ်မှတ်ရေးဥပဒေအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများ ခန့်အပ်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ခန့်အပ်ဆောင်ရွက်ပြီးပါက မြို့နယ်မြေစာရင်းဦးစီးဌာနမှ ကွက်ကြဲ၊ ကွက်စိတ်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ကာ မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူပြီး မြို့ကွက်မြေပုံများအဖြစ် အသုံးပြုခွင့်ရရှိနိုင်ရေးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ထိုသို့ မြို့မြေကွက်သစ်များဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မြေနေရာစိစစ်ရွေးချယ်ခြင်းနှင့် အဆိုပြုလွှာတင်ပြခြင်း၊ မြို့ကွက်သစ်ဖော်ထုတ်ရန်အတွက် ခွင့်ပြုရန်ပုံငွေ ခွဲဝေရရှိနိုင်ရေးလျာထားခြင်း၊ လယ်ယာမြေများဖြစ်ပါက အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရေး တင်ပြလျှောက်ထားခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်နိုင်မှုရှိ/မရှိ လေ့လာဆန်းစစ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိနိုင်မှု အခြေအနေစိစစ်ခြင်း၊ မြို့ကွက်မြေတိုင်းတာခြင်းနှင့် မြို့ကွက်မြေပုံထုတ်ခြင်း၊ မြေယာပိုင်ဆိုင်မှုခိုင်မာစေရန်အတွက် မြေငှားဂရန်များထုတ်ပေးခြင်းစသည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တို့ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းနှင့် ငသိုင်းချောင်းမြို့များတွင် မြို့မြေကွက်သစ်များ ဖော်ထုတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် ယင်းဒေသများသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိကစပါးစိုက်ပျိုးရာ ရေခံမြေခံကောင်းမွန်သည့် ဒေသများဖြစ်ကြသဖြင့် မြို့ကွက်သစ်ဖော်ထုတ်မည်ဆိုပါက လက်ရှိ စိုက်ပျိုးဖြစ်ထွန်းနေသော လယ်ယာမြေများကိုသာ အသုံးပြုရမည်ဖြစ်သောကြောင့် ဒေသခံတောင်သူလယ်သမားများ၏ လုပ်ကိုင်စားသောက်မှုဘဝကို ထိခိုက်နိုင်မှုရှိ/မရှိကို စိစစ်ဆောင်ရွက်ခြင်း၊ မြို့မြေအဖြစ် အသုံးပြုရန် သတ်မှတ်ထားရှိသည့်ဧရိယာအပေါ် လက်ရှိမြို့မြေအတွင်း လူနေထိုင်မှုအခြေအနေအား ပြန်လည်စိစစ်ခြင်း၊ နောင်တိုးပွားလာမည့် လူဦးရေအခြေအနေအပေါ် အခြေခံ၍ Town Plan ရေးဆွဲစေခြင်းနှင့် Town Plan အရ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မူလပိုင်ဆိုင်သည့်သူများနှင့် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားအပ်ပါတယ်။