Share this

ဦးဇော်မင်းထူး၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ "ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများအား မြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေချေးယူနိုင်ရန်အတွက် လိုအပ်လျက်ရှိသော မြေငှားဂရန်ရရှိရေး အခက်အခဲများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချမှတ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း"နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 13, 2026 - 15:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Zaw Min Htoo

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးဇော်မင်းထူး

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အတွင်း နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စက်မှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ထောက်ပံ့ငွေ ကျပ်(၁၀)ဘီလီယံဖြင့် ထုတ်ချေးလျက်ရှိပါသည်။

ကယားပြည်နယ်အတွင်း စက်မှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ဆောင်သူများအနေဖြင့် အများစုမှာ တိုက်ပွဲဖြစ်ပွားခဲ့သောကာလများတွင် အစိုးရရုံးများ၌ ဂရန်သက်တမ်းတိုးဆောင်ရွက်နိုင်မှုမရှိသဖြင့် ဂရန်သက်တမ်းကျော်လွန်နေခြင်း၊ နေအိမ်မီးလောင်မှုကြောင့် မီးလောင်ပျက်စီးပျောက်ဆုံးခြင်းနှင့် ဂရန်မရှိခြင်းတို့ ဖြစ်ပေါ်နေသဖြင့် ချေးငွေများထုတ်ယူရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိပါသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိမြေများအား မြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ၊ စက်မှုနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ရှင်များ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးယူနိုင်ရေးအတွက် လိုအပ်လျက်ရှိသော မြေငှားဂရန်ရရှိရေး အခက်အခဲများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံချက်များ ချမှတ်ပြုလုပ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။ ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ဖြေကြားပေးနိုင်ပါရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေလေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါသည်။


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးဇော်မင်းထူး မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူဖြစ်ပါတယ်။ ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဇော်မင်းထူး၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။

ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့၊ ဖျက်ဆီး၊ အကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့နယ်အတွင်း ပြည်သူများ၏ နေအိမ်အဆောက်အဦများနှင့် ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ စာရွက်စာတမ်းများ ပျက်စီးပျောက်ဆုံးခြင်းများဖြစ်ပွားခဲ့ရာတွင် လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြေယာစီမံခန့်ခွဲမှုမှတ်တမ်း(အမှုတွဲခန်း)သည် ပျက်စီးခဲ့ရသော်လည်း အမှုတွဲခန်းတွင်ရှိသော မြေယာအမှုတွဲ ၁၁,၄၀၂ ခုအား Scanning ပြုလုပ်၍ Soft copy digital အချက်အလက်များကို ပြုလုပ်သိမ်းဆည်းထားရှိခဲ့ပါတယ်။

သို့သော်လည်း လွိုင်ကော်မြို့နယ်၏ မြေယာမှတ်တမ်းများအား တာဝန်ယူပြုစုရသည့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှိ စာရင်းမှတ်တမ်းများ၊ မြေပုံများသည် မီးလောင်၊ ပျက်စီးဆုံးရှုံးခဲ့သဖြင့် မြေယာစီမံခန့်ခွဲရေးလုပ်ငန်းများနှင့် သက်ဆိုင်သော မှတ်တမ်းများ ပါဝင်သွားခဲ့သဖြင့် သက်သေခံမြေပုံရေးကူးခြင်း ၁၀၅၊ ၁၀၆ လုပ်ငန်းစဉ်များ၊ မြေရာဇဝင်ပြန်ကြားခြင်းများနှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့်အတွက် မြေငှားဂရန်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။

ယင်းသို့ ပြည်သူများ၏အခက်အခဲဖြစ်ပေါ်မှုအပေါ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့မြေပြန်လည်တိုင်းတာခြင်းကို စီမံချက်ချမှတ်ဆောင်ရွက်ပေးခဲ့ရာ လွိုင်ကော်မြိုပေါ် (၂၃)ရပ်ကွက်အနက် (၁)ရပ်ကွက်တွင် အကွက်ပေါင်း ၃၃ ကွက်ကို ကွက်ကြဲ၊ ကွက်စိပ်တိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ ပိုင်ဆိုင်မှုဦးပိုင်မှတ်ပုံတင်စာရင်းကောက်ယူပြုစုခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်နယ်အစိုးရအဖွဲ့မှ အစိုးရအဖွဲ့သစ်၏ ရက်ပေါင်း(၁၀၀)စီမံချက်ကာလအတွင်း သီးခြားရန်ပုံငွေတစ်ရပ်ခွင့်ပြုကာ မြို့ပေါ်(၈)ရပ်ကွက်ဖြစ်သော ဒေါဥခူ၊ ဒေါနိုးကူး၊ မင်းစု၊ နမ့်ကွတ်၊ မင်္ဂလာ၊ နမ့်ဘော်ဝမ်(က)၊ နမ့်ဘော်ဝမ်(ခ)နှင့် အောင်သီဟစသည့် ရပ်ကွက်များမှ အကွက်ပေါင်း ၁၅ ကွက်ကို  နယ်မြေဒေသအခြေအနေ၊ အချိန်ကာလနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ အကွက်အပိုင်းအခြားများအလိုက် စီမံချက်ချမှတ်ကာ မြို့မြေ ကွက်ကြဲ၊ ကွက်စိပ်တိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ ပိုင်ဆိုင်မှု ဦးပိုင်မှတ်ပုံတင်စာရင်း ကောက်ယူပြုစုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီတွင်လည်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျန်ရှိသော မိုင်းလုံး၊ နောင်ယား ( က )၊ နောင်ယား( ခ )၊ ဈေးပိုင်း၊ နမ့်ကွတ်နှင့် ဒေါဥခူရပ်ကွက်များမှ အကွက်ပေါင်း ၂၂ ကွက်နှင့် ချိကယ်၊ ပန်ကန်း၊ မထောခူကျေးရွာအုပ်စုများမှကွင်း  ပေါင်း(၈)ကွင်း၊ စုစုပေါင်း ၃၀ ကွက်တို့အား မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြို့မြေတိုင်းတာခြင်းလုပ်ငန်းများအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကွက်ပေါင်း ၃၃ ကွက်ကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကွက်ပေါင်း ၁၅ ကွက်ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီတွင် အကွက်ပေါင်း ၃၀ ကွက်တို့အား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းတာပြီးစီးခဲ့သော မင်္ဂလာ၊ ဓမ္မာရုံ၊ ဈေးပိုင်း၊ ရွှေတောင်၊ လောဓမ္မ၊ ဒေါတမ၊ ဒေါနိုးကူး၊ ရှမ်းစု၊ မင်းစု၊ နမ့်ဘော်ဝမ်(က)နှင့် နမ့်ဘော်ဝမ်(ခ) ရပ်ကွက်များအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လမှစ၍ လွိုင်ကော်မြို့နယ်မြေစာရင်းဦးစီးဌာနသည် မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးခြင်းကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်၍ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေငှားဂရန်အမှုတွဲများအား စတင်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်းနှင့် ဆက်လက်၍လည်း မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြေစာရင်းဦးစီးဌာနမှ မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ရေးကူးပေးနိုင်သော ရပ်ကွက်များအတွက် လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် မြေငှားဂရန်ထုတ်ပေးခြင်းလုပ်ငန်းများကိုလည်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများအားမြေငှားဂရန်ရရှိရေး စတင်ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ဆဲကာလအတွင်း စက်မှုနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(MSME) လုပ်ငန်းရှင်များ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးယူနိုင်ရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) များရှိပါက ချေးငွေထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မြေစာရင်းဦးစီးဌာနမှ မြို့မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်နေရာများတွင် လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် မြေငှားဂရန်များ ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ကယား ပြည်နယ်အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားအပ်ပါတယ်။