Share this

ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း

Monday, July 13, 2026 - 15:55
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအဆိုများ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်စိုးစိုးမြင့် ၏

 အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သောအစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်ရှင်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုတည်ဆောက်ရာတွင် ပြည်သူ့အကျိုးကို ဦးစားပေးသော မူဝါဒများသည် အခြေခံအကျဆုံးဖြစ်ပြီး ပြည်သူအပေါ်တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ နိုင်ငံဟာ လူကောင်း၊ စနစ်ကောင်း၊ အခြေခံကောင်းဆိုတဲ့အချက်များနှင့် ပြည့်စုံမှသာ ရေရှည်တိုးတက်နိုင်မှာဖြစ်ပါတယ်။ အခွန်မျှတစွာရရှိခြင်းသည် စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုပြီး အခွန်လိမ်လည်မှုများနှင့် အဂတိကို လျှော့ချနိုင်ပါက တရားမျှတသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ပြည်သူတိုင်းသည် သင့်တင့်မျှတစွာ အခွန်ပေးဆောင်ရမည်ဖြစ်သလို စုဆောင်းရရှိသော အခွန်များကိုလည်း အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ အသုံးပြုရမှာဖြစ်ပါတယ်။ အခွန်သည် နိုင်ငံတော်၏အင်အားဖြစ်ပြီး အခွန်မှန်ကန်စွာ ရရှိပါက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေဟာ သူတို့ပေးတဲ့အခွန်ကို မှန်မှန်ကန်ကန် အသုံးပြုနေတယ်လို့မြင်လာရင် အစိုးရအပေါ်ယုံကြည်မှုရှိလာမှာဖြစ်ပြီး အခွန်ပေးရတာတန်တယ်လို့ မြင်လာမှာဖြစ်ပါတယ်။

လွယ်ကူရှင်းလင်းသော အခွန်စနစ်ကို တည်ဆောက်နိုင်မှသာ အခွန်ဝင်ငွေများ အစိုးရထံစနစ်တကျ စီးဝင်လာနိုင်မှာဖြစ်ပြီး အခွန်စနစ်များမရှင်းလင်းပါက အာဏာပိုင်များ၏ Interpretation ပေါ်မူတည်၍ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်လာပါတယ်။ စနစ်ရှုပ်ထွေးလျှင် အခွန်ဝန်ထမ်းကို လာဘ်ပေးပြီး လွယ်ကူစွာဖြေရှင်းရန် ကြိုးစားကြပါတယ်။ အခွန်ရှောင်မှုကြောင့် အစိုးရ၏ဝင်ငွေများကို လျော့နည်းစေသည့်အပြင် ဝန်ထမ်းများသည်လည်း မိမိ၏တာဝန်သည် ပြည်သူ့ဝန်ဆောင်မှုပေးရမည်ဆိုသည်ကိုမေ့လျော့၍ ပေးမှလုပ်သည့် အကျင့်ဖြစ်ကာ မိမိ၏တာဝန်ကို လုပ်ပိုင်ခွင့်သဖွယ် အကျင့်သုံးလာပါသည်။ အဂတိဝန်ထမ်းများ များပြားလာလေ အစိုးရအပေါ်ယုံကြည်မှု လျော့ကျလာလေဖြစ်ပါတယ်။

ထို့ပြင် ကော်မရှင်ပြေးများ၏ မြေငှားရမ်းမှုများပေါ်မှာလည်း အခွန်ကောက်ခံမှုစနစ်တကျရှိရန် လိုအပ်ပါတယ်။ မြေငှားရမ်းခဈေးနှုန်းကို လွတ်လပ်သောဈေးနှုန်းဖြင့် ခွင့်မပြုဘဲ ငှားရမ်းခကို အစိုးရမှအနိမ့်ဆုံးဈေးနှုန်းတစ်ခုသတ်မှတ်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာကို တိကျစွာတွက်ချက်နိုင်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်၏ နှုတ်မှထွက်ဈေးဖြင့် လိုသလိုဈေးခေါ်အခွန်ဆောင်စေခြင်းမျိုး မဖြစ်စေသောကြောင့် အဂတိကိုထိန်းချုပ်နိုင်သည့်အပြင် အစိုးရထံသို့လည်း အခွန်ဝင်ငွေပိုမိုလာနိုင်မှာဖြစ်ပါတယ်။

အခွန်စနစ်(tax)သည် အဂတိ (Corruption) နှင့် တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အခွန်နှင့်အဂတိနှစ်ခုလုံးသည် နိုင်ငံ၏ဝင်ငွေစီးဆင်းမှု၊ အစိုးရအပေါ်ယုံကြည်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်းကျင်တို့ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ယခုဆိုလျှင် ကုန်စည်အမျိုးအစားများအလိုက် တိုးတက်ကောက်ခံသော အခွန်နှုန်းများသည် နိုင်ငံတော်၏ဝင်ငွေများဖြစ်ရန် လိုအပ်ပါသည်။ တာဝန်ရှိသူအနေဖြင့်လည်း လုပ်ပိုင်ခွင့်အပေါ် အဂတိကင်းစွာဆောင်ရွက်ကြဖို့ အထူးအရေးကြီးပြီး အဂတိကင်းမှသာ အခွန်ပေးဆောင်ခြင်းကို နိုင်ငံသားတို့၏ တာဝန်တစ်ရပ်ဟု သိမြင်လာမှာဖြစ်ပါတယ်။ Strong Tax System ရှိမှသာလျှင် Strong State လို့သတ်မှတ်နိုင်ပြီး GDP တိုးတက်နှုန်းလည်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

အဂတိပြဿနာသည် ဝန်ထမ်းများဘက် တစ်ခုတည်းကြောင့်မဟုတ်ဘဲ ပေးသူဘက်ကပါ ပါဝင်ပတ်သက်နေသည့် နှစ်ဖက်ပူးပေါင်းမှုတစ်ခုရပ်ဖြစ်ပါသည်။ ဝန်ထမ်းဘက်မှကြည့်လျှင် အာဏာအသုံးချမှု၊ လစာနှင့်အကျိုးခံစားခွင့်မလုံလောက်မှု၊ စည်းကမ်းကြပ်မတ်မှု အားနည်းခြင်း စသည်တို့ကြောင့် လာဘ်ယူမှုများပြုလုပ်ပါသည်။ တစ်ဖက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များသည် တရားမဝင်အခွင့်အရေးများရယူနိုင်ရန်(သို့မဟုတ်)စနစ်ရှုပ်ထွေးခြင်းကြောင့် လျင်လျင်မြန်မြန်အလုပ်ပြီးမြောက်ရန် လာဘ်ပေးခြင်းများကို ရွေးချယ်ကြပါသည်။

ဤအခြေအနေကို သုံးသပ်လျှင် အဂတိပြဿနာသည် "ယူသူရှိလို့ " သို့မဟုတ် "ပေးသူရှိလို့ဖြစ်တာ" ဟု တစ်ဖက်တည်းကိုသာ အပြစ်တင်၍ မဖြေရှင်းနိုင်ဘဲ ယူသူနှင့်ပေးသူ နှစ်ဖက်စလုံးရှိမှသာ အဂတိဖြစ်ပေါ်နိုင်ပြီး ထိုနှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါသည်။

ထို့ကြောင့် အဂတိတားဆီးရေးအတွက် အောက်ပါအချက်များကို အလေးထားဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်-

လွယ်ကူရှင်းလင်းသည့် စနစ်ဖြစ်အောင် ဆောင်ရွက်ပေးရန်၊

လာဘ်ပေး/လာဘ်ယူ သူများကိုလည်း ဥပဒေအရတင်းကြပ်စွာအရေးယူနိုင်ရန်လိုအပ်သကဲ့သို့ လာဘ်ပေးခြင်းကို "လွယ်ကူသောလမ်းကြောင်း" ဟု မယူဆနိုင်အောင်ပြောင်းလဲပစ်ရန်၊

e-Government စနစ်များကို ကျယ်ပြန့်စွာအသုံးပြု၍ လူနှင့်လူဆက်သွယ်မှုကို လျော့နည်းအောင်ဆောင်ရွက်ရန်။

အဂတိတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် System ကို တည်ဆောက်ပေးပြီး ကြပ်မတ်နိုင်ဖို့နဲ့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၊ SB တို့၊ CID တို့ကို တိုက်ရိုက်အသုံးပြုနိုင်ဖို့ လိုအပ်တာတွေအထိ အဂတိကိုထိန်းချုပ်နိုင်လျှင်-

အခွန်တိုးမယ်

အစိုးရရဲ့ပုံရိပ်တက်မယ်

ပြည်သူတွေလည်း ပိုပြီးအဆင်ပြေပြီး နိုင်ငံဟာ အလျင်အမြန်တိုးတက်လာမှာဖြစ်ပါတယ်။

အဂတိပြဿနာသည် စနစ်ယိုယွင်းမှုကြောင့် ဖြစ်ပေါ်လာရသည့်ပြဿနာဖြစ်ပြီး ယူသူကိုသာမက ပေးသူကိုပါတစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်မှသာ နိုင်ငံတော်အတွက် အမှန်တကယ်သန့်ရှင်းသည့် အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် အခွန်နှင့်အဂတိကို ထိရောက်သောအစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို လေးနက်စွာ တင်ပြအပ်ပါတယ်ရှင်။


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၆ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်စိုးစိုးမြင့် ၏

အဆိုအပေါ်  ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။

ကျွန်တော်ကတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)က တင်သွင်းခဲ့တဲ့ "နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ အခွန်ဘဏ္ဍာငွေများကို စနစ်တကျကောက်ခံရရှိရေးနှင့် အခွန်စနစ်ကို ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲလာရေးတို့အတွက် အပြုသဘောဆောင်ပြီး အရေးကြီးတဲ့ အဆိုကိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးမြင့်နှင့် ပါဝင်ဆွေးနွေးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြတဲ့အဆိုကို  တင်ပြပါအစီအစဉ်အတိုင်း ရှင်းလင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ၏ အခွန်စနစ်ဆိုတာ အဲ့ဒီနိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးမှုအပေါ်အခြေခံပြီး လိုက်ပါပြောင်းလဲကျင့်သုံးရသောစနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို အခွန်စနစ်တစ်ခုကို စနစ်တကျအောင်မြင်အောင် ပြောင်းလဲကျင့်သုံးတယ်ဆိုတာဟာ နည်းပညာပိုင်းသာမက အခွန်ဌာန၊ အခွန်ထမ်းပြည်သူ၊ အခွန်စနစ်နှင့် ပတ်သက်ဆက်နွှယ်သူများ၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများအားလုံး ဟန်ချက်ညီညီ တိုးတက်ပြောင်းလဲဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။

ပထမဦးစွာ အခွန်စနစ်ရဲ့ တိုးတက်ဖြစ်ထွန်းလာမှုသမိုင်းကို နိုင်ငံရေး၊ စီးပွားရေးစနစ်ပြောင်းလဲလာမှုနှင့်ချိတ်ဆက်၍ တင်ပြလိုပါတယ်။ ရှေးမြန်မာမင်းများလက်ထက်က အုပ်ချုပ်ရေးစနစ်ဟာ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖြစ်ပါတယ်။ ထို့ကြောင့် အခွန်ကောက်ခံရာမှာလည်း ကင်းခွန်၊ သစ်တောခွန်၊ တွင်းထွက်ခွန်၊ ဈေးခွန်၊ ကူးတို့ခွန်၊  သဿမေဓခွန် စတဲ့ စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် သက်ဆိုင်သော အခွန်များကို မြို့စား၊ နယ်စား၊ ရွာစားတို့က တာဝန်ခွဲ၍ ကောက်ခံကြခြင်းဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီစနစ်တွင် ကိုလိုနီခေတ်အုပ်ချုပ်ရေးနှင့် အရင်းရှင်စီးပွားရေးစနစ်ကိုကျင့်သုံးကာ ကိုလိုနီခေတ်အုပ်ချုပ်ရေးကို ခိုင်မာစေမည့် လူခွန်၊ မြေခွန်၊ အကောက်ခွန်၊ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်၊ ယစ်မျိုးခွန်၊ ဝင်ငွေခွန်၊ စီးကရက်ခွန်၊ မီးခြစ်ခွန် စသည့် အခွန်များကို အထွေထွေအုပ်ချုပ်ရေးဌာန၊ အကောက်ခွန်ဌာန စသည့်ဌာနတို့က တာဝန်ယူကောက်ခံပေးရတာ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်တွင် ဆိုရှယ်လစ်စနစ်ကို ဦးတည်သော စီးပွားရေးစနစ်ကို ကျင့်သုံးကာ ဝင်ငွေခွန်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်၊ ရောင်းခွန်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန် စသည့်အခွန်များကို အကောက်ခွန်ဦးစီးဌာန၊ ဝင်ငွေခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဌာနစသည့်ဌာနတို့က တာဝန်ယူကောက်ခံကြခြင်းဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီခေတ်တွင် နိုင်ငံရေးနှင့် စီးပွားရေးစနစ်ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ဖြင့်ဆောင်ရွက်ခဲ့ပြီး အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်းအချိန်က ကောက်ခံသည့်အခွန်များမှာ ဝင်ငွေခွန်၊ အကောက်ခွန်၊ ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်၊ ရောင်းခွန်၊ ဟော်တယ်နှင့် ပျော်ပွဲစားရုံခွန်၊ ပွဲခွန် စသည့် အခွန်များကို ကောက်ခံခဲ့ပါတယ်။

စနစ်သစ်အုပ်ချုပ်ရေးအစီအစဉ်အရ အခွန်ကောက်ခံမှုကို စနစ်တကျဖြစ်စေရေး အမြတ်ခွန်ဌာနခွဲ၊ ကုန်သွယ်လုပ်ငန်းခွန်ဌာနခွဲ၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ဆားခွန်ဌာနခွဲ၊ ယစ်မျိုးခွန်ဌာနခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အခွန်ဌာနနှင့် ဘဏ္ဍာတော်မင်းကြီးရုံးတို့ကိုပေါင်းစည်း၍ ပြည်တွင်းအခွန်များဦးစီးဌာနကို ၁-၁၀-၁၉၇၂ တွင် ဖွဲ့စည်း၍ အကောက်ခွန်မှအပ အခွန်(၁ဝ)မျိုးဖြစ်တဲ့ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်၊ မြေခွန်၊ ရေခွန်၊ တာတမံခွန်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္တုခွန်တို့ကို ကောက်ခံခဲ့ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံရေးနှင့် စီးပွားရေးစနစ်ကို ဆိုရှယ်လစ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ဆိုရှယ်လစ်စီးပွားရေးကိုအခြေခံသော ၁၉၇၄ ခုနှစ်၊ ဝင်ငွေခွန်ဥပဒေ၊ ၁၉၇၆ ခုနှစ်  အမြတ်ခွန်ဥပဒေ၊ ၁၉၇၆ ခုနှစ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေတို့ကို အသစ်ပြဋ္ဌာန်းခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့က အဓိကတာဝန်ယူကောက်ခံခဲ့ပါတယ်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တာဝန်ယူခဲ့တဲ့ ခေတ်မှာတော့ စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးစနစ် အသွင်ကူးပြောင်းရန် ဆောင်ရွက်ခဲ့ပြီး ၁-၄-၁၉၈၉ တွင် ပြည်တွင်းအခွန်များဦးစီးဌာနက ဝင်ငွေခွန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေထီစတဲ့ အခွန် (၅) မျိုးကိုသာ ဆက်ကောက်ခဲ့ပါတယ်။ ကျန်အခွန်(၅)မျိုးအနက် ယစ်မျိုးခွန်၊ မြေခွန်၊ ရေခွန်နှင့် တာတမံခွန်၊ ဓာတ်သတ္တုခွန် စတဲ့အခွန်(၄)မျိုးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လည်းကောင်း၊ အင်းအိုင်ခွန်ကို ငါးလုပ်ငန်းဦးစီးဌာနမှလည်းကောင်း လွှဲပြောင်းကောက်ခံခဲ့ပါသည်။ ၁၉၉၀ တွင် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ဥပဒေကို  ဖျက်သိမ်း၍ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြဌာန်းခဲ့ပါတယ်။

ပထမဒီမိုကရေစီအစိုးရလက်ထက်တွင် နိုင်ငံရေးစနစ်အား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇ အရ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပြီး ပုဒ်မ ၃၅ အရ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁၊ ၂ နှင့် ၅ တို့အရ အခွန်အကောက်များကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် စည်ပင်သာယာတို့ကို ခွဲဝေကောက်ခံစေခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀ (ခ) တွင် "ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်" ဟုပြဋ္ဌာန်းထားပါသည်။

အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ စတင်ပြဋ္ဌာန်းခဲ့ပါသည်။ ထို့ပြင် ၂၀၁၁ ခုနှစ်တွင် အမြတ်ခွန်ဥပဒေကို ဖျက်သိမ်းခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် အထူးကုန်စည်ခွန်ဥပဒေကို ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

အခွန်စနစ်ရဲ့ အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ အခွန်စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှာ အခွန်စနစ်ဘက်စုံပြုပြင်ပြောင်းလဲရေး မဟာဗျူဟာအစီအစဉ်ချမှတ်ခြင်း၊ ၂၀၁၄ ခုနှစ်တွင် အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ် (Self Assessment System-SAS) ကို စတင်ကျင့်သုံးခြင်း၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတည်ထောင်ခြင်းနှင့် အခွန်ရုံး၏လုပ်ငန်းတာဝန်များကို ဒီဂျစ်တယ်စနစ်ဖြင့် စတင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင် အီလက်ထရောနစ်စနစ်ဖြင့် အခွန်ပေးဆောင်နိုင်စေရန် ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယဒီမိုကရေစီအစိုးရလက်ထက်တွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းနိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပြီး အခွန်စနစ်ကို ချမှတ်ထားသော အခွန်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများအတိုင်း တစ်ဆင့်ချင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များကို ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးခဲ့ပါတယ်။ အဓိကအားဖြင့် အခွန်မူဝါဒမှာ အခွန်နှုန်းထားများ တိုးမြှင့်ခြင်းမရှိဘဲ အခွန်အခြေ ချဲ့ထွင်ခြင်းဖြင့် အခွန်ကောက်ခံရရှိမှုကို တိုးတက်လာစေရန် ဖြစ်ပါတယ်။

အခွန်စနစ် ပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်ရာမှာ -

(က) ၂၀၂၁ ခုနှစ်တွင် အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းခြင်း (e-Filing) ကို ကုမ္ပဏီအခွန်ထမ်းများအားလုံး ကျင့်သုံးဆောင်ရွက်ခြင်း၊

(ခ) ၂ဝ၂၂ ခုနှစ်တွင် လေကြောင်းလိုင်းများ၊ ရေနံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊  အာမခံလုပ်ငန်း စသည့် သီးခြားလုပ်ငန်းသဘာဝရှိသည့် လုပ်ငန်းများကို လုပ်ငန်းသဘာဝအလိုက်စည်းကြပ်နိုင်ရန် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး(၂)ကို တည်ထောင်ခြင်း၊

(ဂ) ၂၀၂၃ ခုနှစ်တွင် အီလက်ထရောနစ်နည်းဖြင့် အခွန်ထမ်းမှတ်ပုံတင်ခြင်းစနစ် (e-Registration Management System) ကို ကျင့်သုံးခြင်း၊ 

(ဃ) ၈-၆-၂ဝ၂၃ ရက်နေ့မှစတင်၍ အောင်ဘာလေအွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်ခြင်း၊

(င) ၁-၂-၂၀၂၄ ရက်နေ့မှစတင်၍ ထီဖွင့်ပွဲများ ကျင်းပရာတွင် နိုင်ငံတကာအဆင့်မီ Air Blow Digital Machine စနစ်ဖြင့် ပြောင်းလဲဖွင့်လှစ်ခြင်း၊

(စ) မိုဘိုင်းလက်ကိုင်ဖုန်းဟန်းဆက်များ တင်သွင်းမှုအပေါ် အခွန်ပြည့်ဝစွာ ကောက်ခံရရှိရေးအတွက် ၅-၃-၂၀၂၆ ရက်နေ့တွင် CEIR-EIR စနစ်ကို စတင်လွှင့်တင်မှု (Go-Live) ပြုလုပ်ခြင်း။

တတိယဒီမိုကရေစီအစိုးရလက်ထက်၊ ယခုကာလတွင် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇ နှင့် ပုဒ်မ ၃၅ ပါအတိုင်း ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးအကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ အခွန်စနစ်သည်လည်း အခွန်ထမ်းဝန်ဆောင်မှုနှင့် အခွန်ယဉ်ကျေးမှုတိုးတက်လာစေရေး ဘက်စုံ/ ထောင့်စုံမှ ပြောင်းလဲဆောင်ရွက်လျက်ရှိပါတယ်။ ယင်းသို့ပြောင်းလဲဆောင်ရွက်ရာတွင်လည်းချမှတ်ထားသောအခွန်ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာများအတိုင်း IT နည်းပညာတိုးချဲ့ကျင့်သုံးရေး ဆောင်ရွက်ခဲ့ရာမှာသာ အထင်ရှားဆုံးဆောင်ရွက်မှုများအနေဖြင့် -

(က) အောင်ဘာလေသိန်းထီကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူအဆင်ပြေစွာ ကံစမ်းနိုင်ရန်အတွက် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကို ၂၀၂၃ ခုနှစ် ဇွန်လ (၈)ရက်နေ့ မှစ၍ ကျင့်သုံးဆောင်ရွက်ခြင်း၊

(ခ) မိုဘိုင်းလက်ကိုင်ဖုန်းတင်သွင်းမှုအပေါ် ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရန်နှင့် အခွန်ငွေများတရားမ၀င်ကုန်စည်တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် Central Equipment Identity Register (CEIR)စနစ်နှင့် Equipment Identity Register (EIR) စနစ်ဖြင့် ၁-၄-၂ဝ၂၆ ရက်နေ့စတင်၍ အခွန်ကောက်ခံခြင်း၊

(ဂ) မော်တော်ယာဉ်ဝယ်ယူရောင်းချခြင်းအပေါ် အလိုအလျောက် တန်ဖိုးစိစစ်တွက်ချက်ပေးဆောင်နိုင်မည့် VAVS စနစ်ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ အခွန်အကောက်စနစ်တွင် အဆင့် ၃ ဆင့်ဖြင့် ဖွဲ့စည်းထားကြောင်း တင်ပြလိုပါတယ်။ အဲဒီအဆင့် (၃) ဆင့်ကတော့ -

(က) ပြည်ထောင်စုအဆင့်တွင်ကောက်ခံသည့် အခွန်အကောက်၊

(ခ)  တိုင်းဒေသကြီး/   ပြည်နယ်အစိုးရအဆင့်တွင်ကောက်ခံသည့် အခွန်အကောက်နှင့်၊

(ဂ)  စည်ပင်သာယာရေးအဖွဲ့အဆင့်တွင်ကောက်ခံသည့် အခွန်အကောက်တို့ဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်တွင် ကောက်ခံသည့် အခွန်အကောက်များကို ပြည်ထောင်စုဝန်ကြီးဌာန ၁၀ ခုနှင့် နေပြည်တော်ကောင်စီတို့က အခွန်အကောက် ၂၅ မျိုး၊ တိုင်းဒေသကြီး/ ပြည်နယ်များက အခွန် ၃၉ မျိုးနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများ ကောက်ခံသည့် အခွန်အခများဟူ၍ ပိုင်းခြားကောက်ခံနေတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁) အရ ကောက်ခံသည့် ပြည်ထောင်စု၏အခွန်အကောက်များနှင့် တာဝန်ယူကောက်ခံသည့် ဝန်ကြီးဌာနများ

၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၁)အရ ကောက်ခံသည့် ပြည်ထောင်စု၏အခွန်အကောက်များနှင့်တာဝန်ယူကောက်ခံသည့် ဝန်ကြီးဌာနများမှာ တင်ပြပါအတိုင်းဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၅) ပါ တိုင်းဒေသကြီး/ ပြည်နယ်များနှင့်စည်ပင်သာယာရေးအဖွဲ့များ၏အခွန်အကောက်များနှင့် တာဝန်ယူကောက်ခံသည့်ဌာနများ

၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား(၅)ပါ တိုင်းဒေသကြီး/ ပြည်နယ်များနှင့်   စည်ပင်သာယာရေးအဖွဲ့များ၏ အခွန်အကောက်များနှင့် တာဝန်ယူကောက်ခံသည့်ဌာနများမှာ တင်ပြပါအတိုင်းဖြစ်ပါတယ်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ရတနာခွန်၊ ဝင်ငွေခွန်၊ ရုံးခွန်နှင့်တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ အကောက်ခွန်တို့ကိုကောက်ခံလျက်ရှိပြီး ဝန်ကြီးဌာန၏ အခွန်ကောက်ခံရရှိမှုသည် ပြည်ထောင်စု၏ အခွန်ရငွေတွင် ၉၃ ရာခိုင်နှုန်းထိ ပါဝင်နေတာဖြစ်ပါတယ်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်စနစ်ပြုပြင်ပြောင်းလဲရာတွင် စနစ်တကျရှိစေရေး မဟာဗျူဟာအစီအစဉ် ၈ ခုချမှတ်၍ ကာလအပိုင်းအခြားအလိုက် စီမံကိန်းများချမှတ်၍ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

အဆိုပါ မဟာဗျူဟာအစီအစဉ် (၈) ခုမှာ -

(၁) ဥပဒေများကိုခေတ်စနစ်နှင့် လျော်ညီစေရန် ပြုပြင်ပြောင်းလဲခြင်း၊

(၂) ပြည်တွင်းအခွန်များဦးစီးဌာန၏ ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းခြင်း၊

(၃) အခွန်စည်းကြပ်မှုစနစ်ကို ခေတ်မီစေရန် ပြောင်းလဲခြင်း၊

(၄) ICT နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်း၊

(၅) အခွန်တာဝန်လိုက်နာမှုကို ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ခြင်း၊

(၆) အခွန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊

(၇) အခွန်ဝန်ထမ်းများ၏ ကျင့်ဝတ်သိက္ခာမြှင့်တင်ခြင်း၊

(၈) အခွန်စနစ်ပြုပြင်ပြောင်းလဲမှုများကို ကြီးကြပ်ကွပ်ကဲခြင်းတို့ပဲ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

ချမှတ်ဆောင်ရွက်လျက်ရှိတဲ့ မဟာဗျူဟာများအနက်မှ အခွန်စည်းကြပ်မှုစနစ်ကို ခေတ်မီအောင်ဆောင်ရွက်တဲ့ စီမံကိန်းအခြေအနေကို ထုတ်နုတ်၍တင်ပြပါ့မယ်။ ယခင်က အခွန်စည်းကြပ်မှုများသည် အခွန်ဌာန၏ ခန့်မှန်းဆုံးဖြတ်ချက်အပေါ် အခြေခံသည့် အခွန်စည်းကြပ်မှု (Assumption Based Assessment) စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ အဆိုပါစနစ်အစား စာရင်းဇယားအထောက်အထားအချက်အလက်များကို အခြေခံသည့် အခွန်စည်းကြပ်မှု (Evidence Based Assessment) စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန်နှင့် အခွန်မှူးများ၏ လုပ်ပိုင်ခွင့်ကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက် အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ် (Self Assessment System-SAS) ကို အဆင့်အလိုက် ပြောင်းလဲကျင့်သုံးလျက်ရှိပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ စုစုပေါင်း အခွန်ရငွေ၏၇၅ ရာခိုင်နှုန်းခန့်ကို SAS စနစ် ကျင့်သုံး၍ ကောက်ခံနိုင်ခဲ့ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

လူနဲ့လူခြင်းထိတွေ့မှုကို လျှော့ချနိုင်ရန်၊ အခွန်ထမ်းများ လွယ်ကူသက်သာစွာ အခွန်တာဝန်ကို ထမ်းဆောင်နိုင်စေရန်နှင့် အခွန်စီမံခန့်ခွဲမှုကို ပိုမိုထိန်းချုပ်အားကောင်းလာစေရန်တို့အတွက် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို အခွန်စီမံခန့်ခွဲမှုတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆောင်ရွက်နေခြင်းအပိုင်းကို   ရှင်းလင်းတင်ပြပါ့မယ်။

  • SAS ရုံးများတွင် ဒီဂျစ်တယ်စနစ်အသုံးပြု၍ အခွန်စီမံခန့်ခွဲသည့်စနစ် (Tax Revenue Management System-TRMS) ကျင့်သုံးခြင်း၊
  • နိုင်ငံတကာစံနှုန်းများနှင့်ညီညွတ်သော အခွန်ထမ်းမှတ်ပုံတင်စနစ် (Unique Taxpayer Identification Number- TIN) ကျင့်သုံးခြင်း၊
  • e-Registration၊ e-Filing နှင့် e-Payment (m-Banking, IRD Tax Payment Hub)၊
  • စနစ်များဖြင့်အခွန်တာဝန်များကို အွန်လိုင်းမှဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊
  • MyCO (DICA)၊ MACCS (အကောက်ခွန်)၊ CBM-NET (ဗဟိုဘဏ်) နှင့် TradeNet 2.0 (ကုန်သွယ်ရေး) တို့နှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များရရှိအောင် ဆောင်ရွက်ခြင်း၊
  • အောင်ဘာလေအွန်လိုင်းထီစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
  • အောင်ဘာလေသိန်းထီဖွင့်ပွဲကို Air Blow Digital Machine စက်ဖြင့်စနစ်ပြောင်းလဲဖွင့်လှစ်ခြင်း၊
  • မိုဘိုင်းတယ်လီဖုန်းတင်သွင်းမှုအပေါ် အခွန်လွတ်ကင်းမှုမရှိစေရေးအတွက် CEIR/EIR မှတ်ပုံတင်ခြင်းစနစ်ထူထောင်ခြင်း၊
  • မော်တော်ယာဉ်ဝယ်ယူရောင်းချခြင်းအပေါ်အလိုအလျောက် တန်ဖိုးစိစစ်အခွန် တွက်ချက်ပေးဆောင်နိုင်မည့် VAVS စနစ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

အကျိုးရလဒ်များအနေဖြင့် အခွန်စီမံခန့်ခွဲမှုသည် စာရွက်စာတမ်းနှင့် လူကိုယ်တိုင်ဆောင်ရွက်ရသည့်ပုံစံမှ ဒစ်ဂျစ်တယ်အခြေပြုဝန်ဆောင်မှုစနစ်သို့ သိသာစွာ ပြောင်းလဲလာခဲ့ပြီး၊ အခွန်ထမ်းများ၏ အခွန်တာဝန်လိုက်နာဆောင်ရွက်မှု ပိုမိုလွယ်ကူအဆင်ပြေလာခြင်း၊ အခွန်စည်းကြပ်မှု ပိုမိုတိကျမှန်ကန်လာခြင်း၊ အခွန်ထမ်းနှင့် အခွန်အရာရှိတို့အကြား မလိုအပ်သော တိုက်ရိုက်ထိတွေ့မှုများလျော့နည်းလာခြင်းတို့ကြောင့် အခွန်ဘဏ္ဍာငွေကို ပိုမိုထိရောက်စွာ ကောက်ခံလာနိုင်ပြီဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

အီလက်ထရောနစ်နည်းဖြင့် အခွန်ပေးဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့မှု၏ အောင်မြင်မှုရလဒ်တစ်ခုအနေဖြင့် တင်ပြပါဇယားချပ်တွင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

အခွန်ကောက်ခံရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀ (ခ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ နှစ်စဉ်ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများတွင်လည်း အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ဥပဒေနှင့်အညီ စနစ်တကျကောက်ခံနေခြင်းဖြစ်ပါတယ်။

ထို့ပြင် အခွန်တာဝန်လိုက်နာမှုတိုးတက်စေရေးအတွက် -

  • အခွန်တာဝန်လိုက်နာမှု တိုးတက်ရေး မဟာဗျူဟာရေးဆွဲအကောင်အထည်ဖော်ခြင်း၊
  • ရုံးချုပ်တွင် အခွန်ဆုံးရှုံးနိုင်ခြေ စိစစ်သုံးသပ်သည့် သီးခြား Unit ဖွဲ့စည်းတည်ထောင်ခြင်း၊
  • အခွန်ဆုံးရှုံးနိုင်ခြေမြင့်မားသော စီးပွားရေးကဏ္ဍများကို ဦးတည်၍ အခွန်စာရင်း စစ်ဆေးကြပ်မတ်ခြင်း၊
  • စားသောက်ဆိုင်၊ ဟိုတယ်၊ ရွှေဆိုင်များတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်မှု ကွင်းဆင်းစစ်ဆေးကြပ်မတ်ခြင်း၊
  • အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့်အညီ ဒဏ်ကြေးများ ထိရောက်စွာ တပ်ရိုက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။

အခွန်တာဝန်လိုက်နာမှုကို တိုးမြှင့်ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းပညာတို့ဖြင့် ထိန်းချုပ်ဆောင်ရွက်ရသလို အခွန်အသိပညာပေးခြင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်တဲ့အတွက် အခွန်ယဉ်ကျေးမှုကိုဖြစ်ထွန်းခိုင်မာလာရေးအတွက် အခြေခံပညာအတန်းများတွင်ပင် အခွန်ဆိုင်ရာအသိပညာများကို ထည့်သွင်းသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများကို ရည်ရွယ်၍ အခွန်ပညာပေးလုပ်ငန်းများကို နှစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေတို့တွင် အခွန်ဆိုင်ရာပညာပေး ဟောပြောပွဲ(၇၁၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှဇွန်လအတွင်း၌လည်း (၁၃၃) ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။

ယခုလက်ရှိကာလတွင်လည်း ပြည်သူများ၏ အခွန်အသိပညာတိုးတက်ရေး၊ အခွန်ယဉ်ကျေးမှုရှင်သန်ထွန်းကားလာရေးနှင့် အခွန်တာဝန်များကို လေးစားလိုက်နာသည့် ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာရေးအတွက် အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အခွန်အသိပညာနှင့် အခွန်ယဉ်ကျေးမှုမြှင့်တင်ရေး လူထုလှုပ်ရှားမှု (Tax Awareness Campaign) ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပြီး၊ ယင်းလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူငယ်များနှင့် ကျောင်းသားကျောင်းသူများအထိ အခွန်၏အရေးပါမှုနှင့် အခွန်တာဝန်လိုက်နာခြင်း၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် အခွန်ထမ်းများအခွန်တာဝန်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးနှင့် ကြုံတွေ့ရသည့်အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရေးအတွက် Taxpayer Service Center များ၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးများနှင့် e-Services Help Desk Center များကို ဖွင့်လှစ်ဆောင်ရွက်ထားရှိပါတယ်။

တင်ပြပါပုံများမှာ တိုင်းဒေသကြီး/ ပြည်နယ်(၇) ခုတွင် Tax Awareness Campaign အစီအစဉ်အရ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များသို့ အခွန်ပညာပေးဆောင်ရွက်မှုများ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ

အထက်တွင်ရှင်းလင်းတင်ပြခဲ့သည့် အခွန်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းကြောင့် အခွန်ဥပဒေ၊ အခွန်စီမံခန့်ခွဲမှု၊ အခွန်တာဝန်လိုက်နာမှု၊ အခွန်ဝန်ဆောင်မှုနှင့် အခွန်စီမံခန့်ခွဲစနစ်တွင် နည်းပညာကို တိုးချဲ့ကျင့်သုံးမှု၊ အခွန်အရာရှိနှင့် အခွန်ထမ်းအကြား လူပုဂ္ဂိုလ်ချင်းထိတွေ့မှုကို လျှော့ချနိုင်သည့် အွန်လိုင်းမှတစ်ဆင့် အခွန်ပေးဆောင်မှု၊ အခွန်ကြေညာလွှာတင်သွင်းမှုတို့တွင် သိသာထင်ရှားသော ရလဒ်များရရှိခဲ့ပြီး အခွန်ဘဏ္ဍာငွေများလည်း သိသာထင်ရှားစွာ တိုးတက်ကောက်ခံရရှိခဲ့ပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် အခွန်အရပ်ရပ်ကောက်ခံရန် ပြုပြင်ပြီး လျာထားချက် ကျပ်ဘီလီယံ (၁၃,၄၆၀) အပေါ်ကျပ်ဘီလီယံ (၁၄,၀၇၀) ကောက်ခံရရှိခဲ့ပြီး လျာထားချက်၏ (၁၀၅) ရာခိုင်နှုန်း ကောက်ခံနိုင်ခဲ့ပါတယ်။

နှစ်အလိုက်အခွန်ကောက်ခံရရှိမှုကို နှိုင်းယှဉ်ကြည့်ပါက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အခွန်အကောက်ရငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ(၄,၉၁၂)ခန့်ရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ဘီလီယံ (၁၄,၀၇၀)အထိ တိုးတက်ကောက်ခံနိုင်ခဲ့ပါသဖြင့် ငါးနှစ်အတွင်း အခွန်အကောက်ရငွေ (၃)ဆခန့် တိုးတက်လာခဲ့ပါတယ်။

အလားတူ ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် GDP အချိုး (Tax-to-GDP Ratio) သည်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၅.၀၇) ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် (၈.၅၅) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားချက်ကို ပြည့်မီကျော်လွန်စွာကောက်ခံနိုင်ရေးနှင့် Tax-to-GDP Ratio ကို (၉.၅)ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ရေးကို ရည်မှန်းချက်ထား၍ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

အခွန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကိုလည်း အစီအစဉ်တကျဆောင်ရွက်လျက်ရှိပါတယ်။ အခွန်ငွေများကို စနစ်တကျကောက်ခံရရှိရေးအတွက် အခွန်ငွေများကို တာဝန်ယူကောက်ခံနေကြသည့် အခွန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝမှုတို့သည်လည်း အဓိကအချက်တစ်ရပ် ဖြစ်ပါတယ်။

ဒါ့ကြောင့် အခွန်ဝန်ထမ်းများ၏ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု တိုးတက်စေရန်အတွက် အခွန်ကောက်ခံခြင်းဆိုင်ရာ၊ အခွန်ထမ်းဝန်ဆောင်မှုပေးခြင်းဆိုင်ရာ၊ အခွန်ရငွေကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ၊ အခွန်ဥပဒေဆိုင်ရာ၊ အခွန်စာရင်းစစ်ဆေးခြင်းဆိုင်ရာ၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ စသည့် ပညာရပ်များအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ ထို့ပြင် သင်တန်းတွင် ထူးချွန်သည့်ပုဂ္ဂိုလ်များ အားကိုလည်း ဝန်ကြီးဌာနအဆင့်အသိအမှတ်ပြုခြင်း၊ ဆုချီးမြှင့်ခြင်းအစီအစဉ်များဖြင့်လည်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်း၍ Public Feedback Programme ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါအစီအစဉ်အရ Data Entry Operator (DEO) စနစ် အသုံးပြုလျက်ရှိသော အခွန်ရုံး (၄၇) ရုံး ရှိပြီး အဆိုပါရုံးများတွင် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများ၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတို့ရှိ အခွန်ရုံးများပါဝင်ပြီး DEO ရုံးများကိုလည်း နှစ်စဉ်တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ယင်းစနစ်အရ အခွန်ဝန်ဆောင်မှု ရယူပြီးသော အခွန်ထမ်းများ၏ လက်ကိုင်ဖုန်းများသို့ နေ့စဉ် SMS Campaign များ အလိုအလျောက်ပေးပို၍ အခွန်ရုံးများ၏ဝန်ဆောင်မှုအပေါ် ကျေနပ်မှုရှိ/မရှိ၊ ဝန်ထမ်းများ၏ ဆက်ဆံရေး၊ မသင့်လျော်သော တောင်းဆိုမှုများ ရှိ/မရှိနှင့် အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို တိုက်ရိုက်မေးမြန်းဆောင်ရွက်လျက်ရှိပါတယ်။

အထူးသဖြင့် အဆိုပါ Public Feedback Programme သည် သက်ဆိုင်ရာ အခွန်ရုံးများသို့သာ တုံ့ပြန်ပေးပို့သည့်စနစ် မဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုက်ရိုက်ချိတ်ဆက်ပေးပို့သည့် လွတ်လပ်သော စောင့်ကြည့်ကြပ်မတ်မှုစနစ် ဖြစ်ပါသဖြင့် အများပြည်သူ၏ သဘောထားနှင့် တိုင်ကြားချက်များကို ပွင့်လင်းမြင်သာစွာ လက်ခံရယူနိုင်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်ခြေများကို ကြိုတင်ကာကွယ်နိုင်ရန် အရေးပါသော စနစ်တစ်ရပ် ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျာ

ICT နည်းပညာကျယ်ပြန့်စွာအသုံးပြုမှု၊ SAS စနစ်ကျင့်သုံးမှုအပါအဝင် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးကြောင့် အခွန်ဘဏ္ဍာငွေ နှစ်စဉ်တိုးတက်ကောက်ခံရရှိခြင်း၊ အခွန်ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချကန့်သတ်ပြီးစနစ်ဖြင့် ထိန်းချုပ်နိုင်ခြင်း၊ လူနှင့်လူချင်းထိတွေ့မှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခြင်း၊ အခွန်ပေးဆောင်မှုလုပ်ငန်းစဉ်များကို လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်း စသည့် သိသာထင်ရှားသည့် ရလဒ်များစွာရရှိခဲ့ပါတယ်။

အခွန်စနစ်ပြုပြင်ပြောင်းလဲရေး၊ နည်းပညာကျယ်ပြန့်စွာ တိုးချဲ့ကျင့်သုံးရေးတို့ကို Digital Tax Ecosystem တည်ဆောက်နိုင်မှုနှင့် ကွန်ပျူတာ၊ Data Center၊ အင်တာနက်လွှမ်းခြုံမှု စသည့် အခြေခံအဆောက်အအုံ (Infrastructure) ဖြည့်ဆည်းဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ နိုင်ငံတစ်ဝှမ်းရှိ အခွန်ရုံးများ၊ တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်း ပြည်သူများအထိ နည်းပညာအသုံးပြု၍ အခွန်ဝန်ဆောင်မှုပေးခြင်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။

လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျာ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏အခွန်စနစ်အတွင်း အခွန်ဘဏ္ဍာငွေများ ပြည့်ဝစွာကောက်ခံရရှိရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး အခွန်စနစ်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့်အညီ အခွန်ကောက်ခံရရှိမှုများ တိုးတက်လာစေရန်၊ သတင်းအချက်အလက်နှင့် နည်းပညာ ပိုမိုသုံးစွဲဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ၏ အခွန်ဆိုင်ရာ အသိစိတ်ဓာတ်နှင့်အခွန်ယဉ်ကျေးမှု မြင့်မားတိုးတက်လာစေရန် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်စနစ်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရလဒ်များကို အမျိုးသားလွှတ်တော်က မှတ်တမ်းအဖြစ်ထားရှိပေးပါရန်လေးစားစွာ တင်ပြအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


အဆိုဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့် က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကိုထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆက်လက်ဆွေးနွေးပါသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။