အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် APF မှ စွမ်းဆောင်ရည် အကဲဖြတ်မှုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၂.၁၁.၂၀၁၈)ရက်နေ့ (၁၆၃၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ်(I-17) အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌဒေါက်တာဌေးကြွယ်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး APF မှ စွမ်းဆောင်ရည် အကဲဖြတ်မှုအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များအားလည်းကောင်း၊ ၎င်းကော်မရှင်၏ တိုးတက်ရန်လိုအပ်နေသည့် ကိစ္စရပ်များအားလည်းကောင်း၊ ၎င်း ကော်မရှင်အပေါ် ကော်မတီမှ မည့်ကဲ့သို့ အကြံဉာဏ်များ ပေးနိုင်သည်ကို လည်းကောင်း မေးမြန်းဆွေးနွေးခဲ့ရာ အဆိုပါမေးခွန်း(၃)ခုနှင့် စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားပြီး (၁၇၂၀)နာရီအချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။