အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးဇုန်လှယ်ထန်းနှင့်အဖွဲ့ဝင်များအား ရန်ကုန်မြို့၊ နယူးဇီလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Steve Marshall နှင့် နယူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနခွဲမှ ညွှန်ကြားရေးမှူးချုပ် Mr. Stephen Harris တို့က (၁၇-၈-၂၀၁၆) ရက်နေ့ မွန်းလွဲ (၁၄:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-20) ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းစဉ်ကိစ္စရပ်များ၊ လွှတ်တော်ရှိ နိုင်ငံခြားရေးရာကော်မတီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကြား အပြန်အလှန်ထိန်းကျောင်းရေးဆိုင်ရာကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေနှင့် ကုန်သွယ်ရေးဆိုင်ရာ ကဏ္ဍများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးဒေါ်ထုမေ၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးဂျေယောဝူ၊ ဦးမောင်မောင်လတ်၊ ဦးနိုင်ကိုကို၊ ဦးဇော်ဟိန်းနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။