ချစ်ခင်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး နှစ်သစ်အခါသမယမှာ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ရွှင်လန်းဝမ်းမြောက်ခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်။
အချိန်ရာသီပြောင်းကာ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ရှိ ဖြတ်သန်းရတော့မှာပဲ ဖြစ်ပါတယ်။ ခရစ်နှစ် တစ်နှစ်မှ တစ်နှစ်သို့ ကူးပြောင်းလာခဲ့ရာ ယခုဖြတ်သန်းရမည့် ၂၀၂၀ ပြည့်နှစ်သည် ထူးခြားကောင်းမွန်ခြင်းများဖြင့် ပြည့်စုံသောအသွင်ကို ဖော်ဆောင်မည့် နှစ်သစ်ဖြစ်ပေရာ ကျွန်တော်တို့အားလုံး ပျော်ရွှင်ကြည်နူးခြင်းများဖြင့် ကြိုဆိုကြရမှာဖြစ်ပါတယ်။
ယခုလို နှစ်သစ်ကူးအချိန်ခါမှ အစပြု၍ နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း အတိတ်ကာလတွင် မိမိတို့ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၏ အားနည်းချက်၊ အားသာချက်များ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုအမျိုးမျိုးတို့အပေါ် သင်ခန်းစာအဖြစ်မှတ်ယူ၍ အနာဂတ်တွင် အောင်မြင်မှုအခွင့်အလမ်းကောင်းများ ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။
မိမိတို့ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်ရာတွင် မိမိတို့၏ ဆုပ်ကိုင်ထားသော အတ္တမာနများကိုစွန့်ပယ်၍ မျှဝေခြင်းများဖြင့် မေတ္တာထားဆောင်ရွက်ကြပါ။ ဆောင်ရွက်ဖွယ်ရာကိစ္စများကို ဆောင်ရွက်ရာမှာ ကိုယ်ကျင့်သီလ ကောင်းမွန်စွာဖြင့် စိတ်စေတနာကောင်းများထားကာ ပြုမူဆောင်ရွက်ပေးကြပါ။ အရေးကြီးလျှင် သွေးစည်းသည့်စိတ်နှင့် တိုင်းရင်းသားအားလုံးရဲ့ရင်ထဲမှာ အတူတူရှိနေသည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ အရာရာကို ရင်ဆိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။
စုပေါင်းလုပ်ဆောင်ခြင်း စုစည်းဆောင်ရွက်ခြင်းသည်သာ အောင်မြင်ခြင်းရဲ့ အဓိကအကြောင်းအရင်းပဲဖြစ်လို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းသာယာဝပြော၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
နိုင်ငံသူနိုင်ငံသားများအားလုံး ၂၀၂၀ ပြည့်နှစ်မှသည် ကျန်းမာပျော်ရွှင်စွာဖြင့် သာယာချမ်းမြေ့သော လှပသည့်အနာဂတ်ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို အစဉ်နှလုံးသွင်းဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်။