(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက နေ့တွက် စရိတ်တစ်ရက်စာကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ လှူဒါန်းပွဲကို (၁၉.၃.၂၀၂၀)ရက်နေ့ (၀၉၃၀)နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော် (D)ဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၂၉)ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ ငွေကျပ် (၈,၅၈၀,၀၀၀)နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၁၅)ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ ငွေကျပ် (၄,၃၀၀,၀၀၀)တို့ကို ပေးအပ်လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကား ပြောကြားသည်။
အစည်းအဝေးအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီ၊ အစုအဖွဲ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။