ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၃/၂၀၂၀)ကို (၂၀.၁.၂၀၂၀)ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် အခြေပြု ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ခုအပေါ်တွင် အတည်ပြုခဲ့ကြသည်။ အဆိုပါဥပဒေကြမ်းနှစ်ခုကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး မကျင်းပမီ လွှတ်တော်သို့ အချိန်မီ တင်သွင်းသွားနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။