Share this

၃၀ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၁.၃.၂၀၁၈)

Tuesday, April 3, 2018 - 10:51
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

၃၀ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၅  ရက်

( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက် )

[ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊  မတ်လ  ၂၁  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နေရာ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

၂။           အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က တိုင်းရင်းသားရေးရာကော်မတီ တွင် ဥက္ကဋ္ဌ အဖြစ် ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)အားလည်းကောင်း၊ အဖွဲ့ဝင်အဖြစ် ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)တို့အားလည်းကောင်း အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်၏ သဘောထားရယူ၍ အတည် ပြုသည်။

၃။           ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) (လွှတ်တော်အခွင့်အရေး ကော်မတီဝင်)က ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပါသည်။

၄။           အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင် ဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး  ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၊ အတွင်းရေးမှူးအဖြစ် ဦးမြမင်းဆွေ၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)နှင့် အဖွဲ့ဝင်(၁၃)ဦး တို့၏ အမည်စာရင်းများကို အမျိုးသား လွှတ်တော်သို့ တင်ပြ၍ အမျိုးသားလွှတ်တော်၏ သဘောထားရယူကာ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းကြောင်း အတည်ပြုပါသည်။

မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၅။          မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -

           (က)   ဦးခွန်သိန်းဖေ၊ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လွိုင်လင်ခရိုင်သို့ ဆက်သွယ်သည့် ခရိုင်ချင်း ဆက်လမ်း ကျောက်တန်း - ဖတ်နမ် - ပင်လုံလမ်းပိုင်း(၂၉)မိုင် (၆)ဖာလုံလမ်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းအဖြစ် အတည်ပြုပေးနိုင်ပါရန်နှင့် ၎င်းလမ်းပိုင်းကို အဆင့်မြှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား မည်သည့် ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ကို သိရှိလိုခြင်း  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျောက်တန်း-ဖက်နမ် - ပင်လုံ လမ်းအပိုင်း(၂၉)မိုင် (၆)ဖာလုံကို ဆောက်လုပ်‌ရေးဝန်ကြီးဌာနပိုင် လမ်းအဖြစ် သိမ်းသွင်းပြီးဖြစ်သဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းအဖြစ်(၂၆-၂-၂၀၁၈)ရက်နေ့တွင် သတ်မှတ် ကြေညာ ပြီးဖြစ်ကြောင်း၊ လမ်း/တံတားလုပ်ငန်းများအား ၂၀၁၈-၂၀၁၉      ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။

( ခ )  ဦးသိန်းလွင်၊  ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကျောင်းကုန်းရပ်ကွက်နှင့် နောင်ခိုရပ်ကွက်ကို ဆက်သွယ်ထားသော ကားလမ်း (ပရဟိတကန်လမ်း)ကို အချိန်မရွေး သွားလာနိုင်ရန် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မင်းကျောင်းကုန်းရပ်ကွက်နှင့် နောက်ခိုရပ်ကွက်တို့အား ဆက်သွယ်ထားသော ကားလမ်း(ပရဟိတကန်လမ်း)အား အချိန်အရွေး သွားလာနိုင်ရေးအတွက် ဖွင့်လှစ်ပေးရန်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ လုံခြုံရေးအခြေအနေအရ ကန့်သတ်ဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ဖြေကြားပါသည်။

     ( ဂ )  ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကျောက်ပန်း တောင်းရွာ၊ မြောက်မျှား ကုန်းရွာ၊ မကြီးပင်ကျင်းရွာ၊ ပျဉ်းပင်စမ်းရွာများမှ မင်းလှ - သရက် ကားလမ်းမကြီးသို့ သွားရာတွင် ဖြတ်ကျော်သွားရသော တင်ညောင်ချောင်း၌ ကွန်ကရစ်ရေကျော် သို့မဟုတ် ချောင်းကူး တံတားကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က တင်ညောင်ချောင်း ကွန်ကရစ် ရေကျော် ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၅)ရွာ၊ အိမ်ခြေ(၆၅၀)၊ လူဦးရေ(၃၂၀၀)ဦးတို့အား ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အကျိုးပြုမည် ဖြစ်သဖြင့် တင်ညောင်ချောင်း ကွန်ကရစ် ရေကျော်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မှစ၍ ဘဏ္ဍာငွေ လျာထား တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

 

 

အသိပေးတင်ပြခြင်း၊ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်းနှင့် အစီရင်ခံစာ များဖတ်ကြားခြင်း

၆။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပါသည်။

၇။           အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်း နှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ၂၆-၃-၂၀၁၈ (တနင်္လာနေ့)ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေး မှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၈။          ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)(ပြည်သူ့ငွေစာရင်းကော်မတီဝင်)က ပြည်သူ့ ငွေစာရင်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း၊ ဒေါက်တာ ဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) (နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဝင်)က နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း အမျိုးသား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပါသည်။

၉။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံစာ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ အစီရင်ခံစာများ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် ယနေ့(၁၆၀၀)နာရီ နောက်ဆုံးထား၍ အမျိုးသား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းများ တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၁၀။        အစည်းအဝေးကို ၁၁၀၄ နာရီ အချိန်တွင် ရပ်နားပြီး ၃၁ ရက်မြောက်နေ့ အစည်း အဝေးကို  ၂၂-၃-၂၀၁၈ ရက်နေ့(ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

 

 

                                                                                        

                                                              အမျိုးသားလွှတ်တော်