Share this

(၂၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၆.၉.၂၀၁၉)

Monday, September 16, 2019 - 01:35
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်

( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် )

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ မြန်မာနိုင်ငံနှင့် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများအကြားရှိ နယ်နိမိတ်မှတ်တိုင်များ တိတိကျကျ သတ်မှတ် တိုင်းတာပြီးစီးမှု ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က သက်ဆိုင်ရာနိုင်ငံများနှင့် အသေးစိတ်ညှိနှိုင်းမှုများပြုလုပ်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် သံတမန်လမ်းကြောင်းမှတစ်ဆင့် နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းဆိုင်ရာသဘောတူစာချုပ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် UN Global Compact for safe, orderly and regular migration စာချုပ်အပေါ် လက်မှတ်ရေးထိုးရသည့် အကြောင်းအကျိုးကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က GCM သည် အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းတစ်ရပ်မဟုတ်ဘဲ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အဆိုမူကြမ်းဖြင့် အတည်ပြုခဲ့သည့် ဥပဒေ အရ စည်းနှောင်မှုမရှိသည့် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ်သာဖြစ်ပြီး လက်မှတ်ထိုးရန်  လိုအပ်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ လမ်းမတော် - ခေါင်းတုတ် - တင်းမလမ်းမှ ရန်ကုန် - စစ်တွေ အဝေးပြေးလမ်းသို့ ဆက်သွယ်ထားသည့် တပ်ရှောင်ဖြတ်လမ်းအား ကွန်ကရစ် လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်စီမံကိန်းအဆိုပြုလွှာပုံစံများဖြင့် ပြည့်ပြည့်စုံစုံ စိစစ်ထောက်ခံတင်ပြလာပါက ရန်ပုံငွေလျာထားပေးနိုင်ရေး မှတ်တမ်းထားရှိ မည်ဖြစ်ပြီး ယခုမေးမြန်းလာသည့်လုပ်ငန်းအား တတိယ(၅)နှစ်စီမံကိန်းတွင် ထည့်သွင်းလျာထားပြီး လုပ်ငန်းဦးစားပေးအစီအစဉ်ဖြင့်သာ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မတူပီ - မင်းတပ် ကားလမ်းဘေးရှိ လေရှိကျေးရွာမှ ကြုတ် ကျေးရွာသို့ လမ်းတာချဲ့ခြင်း(၁၂)မိုင်နှင့် မိုင်တိုင်(၆၈)မှ ဝေးလောင်းကျေးရွာသို့ (၁၃)မိုင် လမ်းတာချဲ့ခြင်း လုပ်ငန်းများအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဒေသန္တရစီမံကိန်းများရေးဆွဲရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနများနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့မှ ဒေသ၏ အခြားလိုအပ်ချက်များအရ ဦးစားပေးထည့်သွင်းလျာထားခြင်းမရှိသဖြင့် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွွဲ့ အနေဖြင့် သတ်မှတ်စီမံကိန်းအဆိုပြုလွှာများဖြင့် ပြည့်ပြည့်စုံစုံစိစစ်ထောက်ခံ တင်ပြလာပါက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ တတိယ(၅)နှစ် စီမံကိန်း လျာထားချက်တွင် လုပ်ငန်းဦးစားပေးအစီအစဉ်ဖြင့် အပိုင်းလိုက်လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ တစ်ခု အမြန်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်းပုံအသစ်ရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ ထားရာတွင် ဘဏ်ခွဲသစ်ဖွင့်လှစ်နိုင်ရေး ထည့်သွင်းထားရှိပြီးဖြစ်၍ ခွင့်ပြုချက် ရရှိပြီးပါက ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ် ကျိန်ငိုက်မန် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဘူမိသိပ္ပံ ကောင်စီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး (တိုင်းရင်းသားရေးရာကော်မတီဝင်)က အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်ပြီး ဥက္ကဋ္ဌ က ယင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း

၅။အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၏ “မိမိတို့ လူ့ဘောင် အဖွဲ့အစည်းနှင့် စီးပွားရေး၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော သင်ရိုးညွှန်းတမ်းများအား ပြုစုခြင်း၊ သင်ကြားလေ့ကျင့် အကဲဖြတ်ခြင်း” စုံစမ်းလေ့လာမှု အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ လွှတ်တော် က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

၆။ အစည်းအဝေးကို ၁၂:၀၇ နာရီ အချိန်တွင် ရပ်နားပြီး (၂၂)ရက်မြောက်နေ့ အစည်းအဝေးကို  ၁၈-၉-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်