၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခု နှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ
၁။ (က) ဤဥပဒေကို ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေ ဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက် တွင် စတင်အာဏာတည်ရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) မြေ ဆိုသည်မှာ မြေမှထွက်ပေါ်သောအကျိုးအမြတ်များနှင့် မြေတွင်စွဲကပ် နေသော အရာဝတ္ထုများ သို့မဟုတ် မြေတွင်စွဲကပ်နေသော အရာတစ်ခုခုတွင် ထာဝရတွယ်ကပ် ထားသည့် အရာများလည်း အကျုံးဝင်စေရမည်။
(ခ) မြေတွင် အကျိုးစီးပွားသက်ဆိုင်သူ ဆိုရာတွင် အောက်ပါသူများပါဝင်သည်-
(၁) ဤဥပဒေအရ မြေသိမ်းဆည်းခြင်းပြုရာတွင် မြေရှင်များနှင့် လျော်ကြေးငွေ တောင်းဆိုခွင့် ရှိသူများ၊
(၂) သိမ်းဆည်းမြေတွင် သီးစားအဖြစ်ဖြင့် ဖြစ်စေ၊ အကျိုးတူအဖြစ်ဖြင့် ဖြစ်စေ၊ ငှားရမ်း၍ ဖြစ်စေ လုပ်ကိုင်နေသူများ။
(ဂ) ထိခိုက်နစ်နာသူမိသားစု ဆိုရာတွင် အောက်ပါသူများ ပါဝင်သည်-
(၁) ယင်းတို့၏ မြေ သို့မဟုတ် အခြားမရွှေ့မပြောင်းနိုင်သော ပစ္စည်းကို သိမ်းယူ ခြင်းခံရသည့် မိသားစု၊
(၂) မြေတစ်ရပ်ရပ်ကို ပိုင်ဆိုင်မှု မရှိသော်လည်း၊ မိသားစုဝင်တစ်ဦး သို့မဟုတ် အများသည် လယ်ယာ လုပ်သားအဖြစ်ဖြင့်ဖြစ်စေ၊ လက်ခစား အဖြစ်ဖြင့် ဖြစ်စေ၊ ထိခိုက် နစ်နာသည့် အရပ်ဒေသအတွင်း မြေကို သိမ်းဆည်းခြင်း မပြုမီကာလတွင် အစဉ်အဆက် လုပ်ကိုင်ခဲ့ပြီးလျှင်၊ မြေကိုသိမ်းဆည်းမှု ကြောင့် ယင်းတို့၏ စားဝတ်နေရေး ထိခိုက်မှု ဖြစ်ပွားရသည့် မိသားစု၊
(၃) သိမ်းဆည်းမြေကိုအကြောင်းပြု၍ စားဝတ်နေရေး ထိခိုက်နစ်နာရသူများ၊
(၄) သိမ်းဆည်းသည့် မြေပေါ်တွင် သိမ်းယူခြင်းမပြုမီ ကာလတစ်ရပ်အထိ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား မရှိသည်ဖြစ်စေကာမူ အမှန်တကယ် နေထိုင်လုပ်ကိုင်၍ သိမ်းယူသည့် မြေအပေါ် ရင်းနှီးမြှုပ်နှံ မှီခိုအသက်မွေး ဝမ်းကျောင်း ပြုနေသော မိသားစု။
(ဃ) မြေရှင် ဆိုရာတွင် အောက်ပါသူများ ပါဝင်သည်-
(၁) ဥပဒေအရ သတ်မှတ်သည့် မြေယာမှတ်တမ်းများတွင် မြေ သို့မဟုတ် အဆောက်အအုံ သို့မဟုတ် ယင်းတို့၏ အစိတ်အပိုင်း၏ ပိုင်ရှင်ဖြစ်ကြောင်း သို့မဟုတ် လက်ဝယ်ထားပိုင်ခွင့် ရှိသူဖြစ်ကြောင်း သို့မဟုတ် အသုံးပြုခွင့် ရသူဖြစ်ကြောင်း တရားဝင် မှတ်တမ်းတင်ထားသူ၊
(၂) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ယင်းမြေနှင့်စပ်လျဉ်း၍ အပိုင်ဂရန်၊ အငှားဂရန် ချ ထားခြင်းခံရသူ၊
(၃) တရားရုံး သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိသူ၏ အမိန့်တစ်ရပ်ရပ်ဖြင့် မြေပိုင် ရှင်ဖြစ်ကြောင်း ကြေညာခြင်းခံရသူ၊ စာရင်းသွင်းခံရသူများ၊
(၄) တရားဝင် မှတ်တမ်းအထောက်အထားမရှိသော်လည်း ဒေသဆိုင်ရာ ထုံးတမ်း စဉ်လာများနှင့် အညီ ပိုင်ဆိုင်သည်ဟု အသိအမှတ်ပြုခံရသူ။
(င) လျော်ကြေး ဆိုသည်မှာ မြေတစ်ရပ်ရပ်ကို သိမ်းဆည်းခံရခြင်းအတွက် အကျိုး စီးပွားသက်ဆိုင်သူတို့အား ပြန်လည်ပေးလျော်သည့် အစားထိုးဖလှယ်ပေး မြေ သို့မဟုတ် ငွေကြေး သို့မဟုတ် အခွင့်အရေး သို့မဟုတ် အခြားပစ္စည်း တစ်ရပ်ရပ်ကို ဆိုသည်။
(စ) နစ်နာကြေး ဆိုသည်မှာ မြေတစ်ရပ်ရပ်ကို သိမ်းဆည်းခြင်းကြောင့် ထိခိုက်နစ်နာသူ မိသားစုတို့အား ထိခိုက်နစ်နာမှုအတွက် ပြန်လည်ဖြည့်ဆည်းထောက်ပံ့ သည့် ငွေကြေး သို့မဟုတ် အခွင့်အရေး သို့မဟုတ် အခြားပစ္စည်းတစ်ရပ်ရပ်ကိုဆိုသည်။
(ဆ) ရွှေ့ပြောင်းနေရာချထားစရိတ် ဆိုရာတွင် သိမ်းဆည်းခံရသည့် မြေပေါ်မှ ရွှေ့ပြောင်း ဖယ်ရှားရသည့် စရိတ်စကများနှင့် ရွှေ့ပြောင်းနေရာ၌ နေထိုင်ရန်အတွက် ထောက်ပံ့ မှုများ ပါဝင်သည်။
(ဇ) ပြန်လည်နေရာချထားခြင်း ဆိုသည်မှာ သိမ်းဆည်းမြေပေါ်မှ ရွှေ့ပြောင်းခံရသူများ အတွက် အနည်းဆုံးရှိသင့်သည့် လူနေမှုအဆင့်အတန်းထက် မနိမ့်ကျသော လူနေအိမ် အဆောက်အဦနှင့် အခြေခံအဆောက်အအုံများ စီစဉ်ဆောင်ရွက်ပေးခြင်းကိုဆိုသည်။
(ဈ) လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ခြင်း ဆိုရာတွင် မြေသိမ်းဆည်းခံရမှုကြောင့် အကျိုးစီးပွားထိခိုက်နစ်နာသူများအတွက် အနည်းဆုံးရှိသင့်သည့် လူနေမှုအဆင့်အတန်း နှင့် လူမှုစီးပွားရေး စံနှုန်းများ ထက်မနိမ့်သော အလုပ်အကိုင်အခွင့်အလမ်းများ၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊ ယာယီဘဝရပ်တည်မှုစရိတ်စကများ၊ လူမှုရေး ပံ့ပိုးမှုလုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်။
(ည) တရားရုံး ဆိုသည်မှာ မြေတည်ရှိရာအရပ်အတွက် စီရင်ပိုင်ခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ထက်မနိမ့်သော တရားရုံးများကို ဆိုသည်။
( ဋ) မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ ဆိုသည်မှာ မြေသိမ်းယူရန် အလိုရှိ ကြောင်း နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာသည့်အခါ မြေသိမ်းယူမှု လုပ်ငန်းအဝ၀ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် တစ်ပါတည်း ဖွဲ့စည်းတာဝန်ပေးအပ်သော အဖွဲ့အစည်းကိုဆိုသည်။
(ဌ) ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ရေး ဗဟို ကော်မတီ ဆိုသည်မှာ သိမ်းယူသည့် မြေပေါ်မှ ရွှေ့ပြောင်းဖယ်ရှားခံရသူများ၊ မြေသိမ်းဆည်းခံရမှုကြောင့် ထိခိုက်နစ်နာ သူများအား ရွှေ့ပြောင်းနေရာချထားရေး၊ လူမှု စီးပွားရေးဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် များ ကြီးကြပ်ကွပ်ကဲရန် နိုင်ငံတော် သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းတာဝန်ပေး အပ်သော အဖွဲ့ကို ဆိုသည်။
(ဍ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေး ဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဆိုသည်မှာ သိမ်းယူသည့် မြေပေါ်မှ ရွှေ့ပြောင်းဖယ်ရှားခံရသူများ၊ မြေသိမ်းဆည်းခံရမှုကြောင့် ထိခိုက်နစ်နာသူများအား ရွှေ့ပြောင်းနေရာ ချထားရေး၊ လူမှုစီးပွားရေး ဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် များအား တာဝန်ခံဆောင်ရွက်ရန် ပြန်လည်နေရာချ ထားရေးနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ရေး ဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းတာဝန် ပေးအပ်သောအဖွဲ့ကိုဆိုသည်။
(ဎ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။
(ဏ) ဦးစီးဌာန ဆိုသည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဆိုသည်။
(တ) အဆောတလျင် မြေသိမ်းခြင်း ဆိုသည်မှာ အရေးပေါ် ဖြစ်ပေါ်လာသည့် ကိစ္စတစ်ရပ်ရပ် အပေါ် မူတည်၍ မလွှဲမရှောင်သာသော အခြေအနေ တစ်ရပ်ရပ်တွင် အလျင်အမြန် မြေသိမ်းယူခြင်းကိုဆိုသည်။
(ထ) ယာယီမြေသိမ်းခြင်း ဆိုသည်မှာ မြေကို ရေရှည်အသုံးချရန် မရည်ရွယ်ဘဲ သတ်မှတ် ကာလတစ်ခုအတွင်း ယာယီအသုံးပြုရန်အတွက်သာ သိမ်းယူခြင်းကိုဆိုသည်။
(ဒ) မြေကို အလိုရှိကြောင်း အသိပေးကြော်ငြာခြင်း ဆိုသည်မှာ မြေတစ်ရပ်ရပ်ကို သိမ်းယူရန် ရည်ရွယ်ကြောင်းကိုလည်းကောင်း၊ အများပြည်သူသို့ ကန့်ကွက်နိုင်ရန်၊ ရပိုင်ခွင့်များ တောင်းဆိုနိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သိရှိ နိုင်ရန်လည်းကောင်း ပွင့်လင်းမြင်သာစွာ အသိပေးကြော်ငြာသည်ကိုဆိုသည်။
(ဓ) မြေကို သိမ်းယူမည်ဖြစ်ကြောင်း ကြေညာခြင်း ဆိုသည်မှာ မြေကို သိမ်းယူရန် ပဏာမ စစ်ဆေးချက်များကို ပြည့်စုံလုံလောက်စွာ ဆောင်ရွက်ပြီးနောက် ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက်အရ မြေကို သိမ်းယူမည်ဖြစ်ကြောင်း အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ အသိပေးကြေညာခြင်းကိုဆိုသည်။
(န) မြေ လက်ရောက်သိမ်းယူခြင်း ဆိုသည်မှာ သာမန်အားဖြင့် သိမ်းယူရန် အဆိုပြုသည့် မြေအား အဆိုပြုသည့် ဌာနအဖွဲ့အစည်းသို့ ကြွေးမြီကင်းရှင်းသည့် နိုင်ငံပိုင်မြေအဖြစ်ဖြင့် လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြေသိမ်းယူမှု အကောင် အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့က လက်ရောက်ရယူခြင်းကိုဆိုသည်။
(ပ) အများပြည်သူအလို့ငှာ ဆိုသည်မှာ နိုင်ငံတော်၏ လုံခြုံရေး၊ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်ရွယ်ချက်များကိုဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်
၃။ ဤ ဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဥပဒေနှင့်အညီ မြေသိမ်းမှု ဖြစ်ပေါ်စေခြင်းဖြင့်၊ မတရားမြေသိမ်းဆည်းမှုများကို တားဆီးရန်နှင့် မြေသိမ်းခံရသူများ၏ အကျိုးစီးပွားကို ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု ရရှိစေရန်၊
(ခ) မြေသိမ်းခြင်းပြုရာတွင် အကျိုးစီးပွားထိခိုက်နစ်နာသူမိသားစုများ၊ ဒေသခံပြည်သူ များ ပါဝင်သော ကြိုတင်အသိပေးခြင်း၊ လွတ်လပ်စွာ ညှိနှိုင်းခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်များဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊
(ဂ) အကျိုးစီးပွား ထိခိုက်နစ်နာမှုခံရသူ မိသားစုများအတွက် တရားမျှတ လျော်ကန်သည့် လျော်ကြေးနှင့် နစ်နာကြေးများ ခံစားရရှိစေရန်၊
(ဃ) မြေသိမ်းရာတွင် အိမ်ရာမြေ စွန့်လွှတ်ဖယ်ရှားခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ် နာမှုများ အတွက် ပြန်လည်နေရာချထားပေးခြင်း ခံစားရရှိစေရန်၊
(င) မြေသိမ်းခံရခြင်းကြောင့် အကျိုးစီးပွားထိခိုက်သူနှင့် နစ်နာသူမိသားစုများ၏ လူမှု စီးပွားရေး ဘဝ ပြန်လည်ထူထောင်ပေးခြင်း ခံစားရရှိစေရန်၊
(စ) မြေကို သိမ်းယူအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်နှင့် အများ ပြည်သူ၏ လူမှုစီးပွားထိခိုက်နစ်နာမှုများအား တားဆီးကာကွယ်ရန်။
အခန်း (၃)
မြေသိမ်းဥပဒေနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ
၄။ ဤဥပဒေပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ဖြစ်စေ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့်ဖြစ်စေ၊ မြေတစ်ရပ်ကို အများပြည်သူအလို့ငှာ ထာဝရ ဖြစ်စေ၊ ယာယီဖြစ်စေ လိုအပ်မှုအပါအဝင် မြေကို ကိုယ်တိုင်အသုံးပြုမှု၊ လက်ဝယ်ထိန်းသိမ်း ထားမှုနှင့် ကြီးကြပ်ကွပ်ကဲမှုများအတွက် မြေသိမ်းဆည်းခြင်း၊ လျော်ကြေးငွေ ပေးအပ်ခြင်း၊ လူမှု စီးပွားရေးဘဝ ပြန်လည်ထူထောင်ပေးခြင်းနှင့် ပြန်လည်အခြေချ နေထိုင်စေခြင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်စေရမည်ဖြစ်ပြီး အောက်ဖေါ် ပြပါ အချက်များနှင့်လည်း အကျုံးဝင် သက်ဆိုင်စေရမည် -
(က) နိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကိစ္စရပ်များအတွက် မြေလိုအပ်မှု များ၊
(ခ) အမျိုးသားစီးပွားရေးမူဝါဒအရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် မည့် စီမံကိန်းများ၊
(ဂ) လူမှုစီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများ၊
(ဃ) မြို့ပြနှင့် ကျေးရွာတိုးချဲ့တည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊
(င) ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များ၊
(စ) တည်ဆဲ အခြားဥပဒေများပါ မြေသိမ်းရန် ကိစ္စရပ်များ။
၅။ အောက်ဖော်ပြပါ မြေနေရာများကို သိမ်းယူမည့်မြေ လျာထားချက်တွင် ပါဝင်ပါက ပြည်ထောင်စု လွှတ်တော်၏ သဘောတူအတည်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။ ပြည်ထောင်စုလွှတ်တော်က သဘောတူအတည်ပြုခြင်း မရှိပါက သိမ်းယူခြင်းမှ ကင်းလွတ်စေရမည်-
(က) သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိသည့်နေရာများ၊
(ခ) သမိုင်းကြောင်း ခိုင်မာစွာ တည်ရှိလာပြီး ပြည်သူအများ တန်ဖိုးထား ထိန်းသိမ်းလာ သည့် အထင်ကရ သဘာဝနယ်မြေများ၊ ဘာသာရေးအဆောက်အဦများ၊ ပရိဝုဏ် များ၊ အထိမ်းအမှတ်နေရာများ၊
(ဂ) တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာဓလေ့ထုံးစံအရ အသုံးပြုနေသော မြေများနှင့် အမြတ်တနိုး ရိုသေတန်ဖိုးထား စောင့်ရှောက်ထိန်းသိမ်းထားသည့် နေရာများ။
အခန်း (၄)
မြေသိမ်းရန် အဆိုပြုခြင်းနှင့် စိစစ်ခြင်း
၆။ မြေတစ်ရပ်ရပ်ကို အများပြည်သူအလို့ငှာ အသုံးပြုရန် ရရှိလိုသည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဌာနမဆို မြေတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌထံသို့ တိုက်ရိုက်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဥက္ကဋ္ဌမှတစ်ဆင့်ဖြစ်စေ အဆိုပြု လျှောက်ထားရမည်။
၇။ ဤဥပဒေအရ မြေသိမ်းခြင်းပြုပေးရန် အောက်ပါသူတို့သည် လျှောက်ထားပိုင်ခွင့်ရှိသည်-
(က) နိုင်ငံတော် အဖွဲ့အစည်းများ၊
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ ၏ လက်အောက်ရှိ ဌာနများနှင့်အဖွဲ့အစည်းများ၊
(ဂ) ဖက်စပ်ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊
(ဃ) တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် အများပြည်သူအတွက် ထောက်ပံ့ကူညီ လှူဒါန်းသည့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကတစ်ဦးချင်းနှင့် အဖွဲ့အစည်းများကိုယ်စား ဦးစီးဆောင်ရွက်ပေးမည့် အစိုးရဌာန၊ အဖွဲ့အစည်းများ။
၈။ အများပြည်သူအလို့ငှာ မြေသိမ်းပေးရန် အဆိုပြုသည့် တင်ပြချက်တွင် အောက်ပါလိုအပ် သည့် အထောက်အထားများ ပူးတွဲပါရှိစေရမည်-
(က) အဆိုပြုတင်ပြသူ သို့မဟုတ် အဆိုပြုရန် တာဝန်ပေးအပ်ခံရသူကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် အဆိုပြုလွှာ၊
(ခ) အလိုရှိသည့် မြေနှင့် ပတ်သက်သည့် မြေပုံနှင့် မြေရာဇဝင်မှတ်တမ်း၊
(ဂ) မြေကို သိမ်းယူရန် အလိုရှိသည့် အကြောင်းရင်း ဖော်ပြချက်၊
(ဃ) အလိုရှိသည့် မြေပေါ်တွင် ဘာသာရေး အဆောက်အဦများ အများပြည်သူဆိုင်ရာ သုသာန်မြေနှင့် သင်္ချိုင်းဂူများ ပါဝင်မှုရှိ၊ မရှိနှင့် ပါရှိပါက ယင်းနေရာကို ချန်လှပ် ထားရေးအပေါ် သဘောထားတင်ပြချက်၊ ချန်လှပ်ခြင်းမရှိဘဲ သိမ်းယူလိုပါက ပြောင်းရွှေ့ ဖယ်ရှားမှုအတွက် ကုန်ကျစရိတ်အဝ၀ တာဝန်ယူကြောင်း ကတိခံဝန်ချက်၊
(င) အလိုရှိသည့်မြေတွင် လုပ်ဆောင်မည့် လုပ်ငန်းတို့အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်ဆောင်ရွက်ထားရှိမှု အစီရင်ခံစာနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၊
(စ) အလိုရှိသည့်မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများ၊ ထိခိုက်နစ်နာသူ မိသားစုများ နှင့် စပ်လျဉ်း၍ လူမှုစီးပွားရေးဘဝထိခိုက်မှုဖြစ်နိုင်ခြေ သုံးသပ်တင်ပြချက်၊
(ဆ) အလိုရှိသည့်မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများနှင့်စပ်လျဉ်း၍ ပြန်လည်နေရာချ ထားရေးနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးမည့်အစီအစဉ်၊
(ဇ) မြေသိမ်းခြင်း လုပ်ငန်းစဉ်အရပ်ရပ်အတွက် ဘဏ္ဍာရေးနှင့် အခြားအထောက်အပံ့ ကိစ္စရပ်များ ကို တာဝန်ယူကြောင်း ဝန်ခံကတိပြုလွှာ၊
(ဈ) အဆောတလျင် သို့မဟုတ် ယာယီသိမ်းပေးရန် လိုအပ်ပါက အကျိုးအကြောင်း ဖော်ပြ ချက်၊
(ည) အုပ်ချုပ်မှုဆိုင်ရာ သဘောတူညီချက်။
၉။ မြေကိုအလိုရှိကြောင်း အဆိုပြုတင်ပြလာမှုကို လက်ခံရရှိသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ရုံး သို့မဟုတ် နေပြည်တော်ကောင်စီရုံးက သတ်မှတ်သည့်အချက်များ ပြည့်စုံစွာ ဖော်ပြပါ ရှိမှုကို စိစစ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌထံ တင်ပြရမည်။ ပြည့်စုံမှုမရှိပါက အဆိုပြုတင်ပြသူသို့ ပြန်လည် ဖြည့်စွက်ဖော်ပြရန် လိုအပ်ချက် များကို ဆောင်ရွက်စေရေး ညွှန်ကြားရမည်။
၁၀။ မြေကိုအလိုရှိကြောင်း အဆိုပြုမှုအပေါ် အချက်အလက်များ ပြည့်စုံပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အောက်ပါအချက်များ ကို စိစစ်တင်ပြရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ အတွင်းရေးမှူးကို တာဝန်ပေးအပ်ရမည်-
(က) အဆိုပြုသည့် မြေသိမ်းယူမှုသည် နိုင်ငံတော်၏အကျိုး၊ အများပြည်သူအကျိုး ဖြစ်ထွန်း နိုင်မှု အခြေအနေ၊
(ခ) အလိုရှိသည့် မြေနှင့် ပတ်သက်၍ သိမ်းဆည်းပါက လူမှုစီးပွားရေးဘဝ ထိခိုက်နစ်နာ မည့် ဒေသခံပြည်သူတို့၏ အခြေအနေ၊
(ဂ) မြေကို အသုံးပြုမည့် နည်းလမ်းအရ သဘာဝပတ်ဝန်းကျင်ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေ မည့် အချက်များ၊
(ဃ) အဆိုပြုလွှာတွင် ပူးတွဲပါရှိသည့် ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ရေးအစီအမံများ ပြည့်စုံလုံလောက်မှုအခြေအနေ၊
(င) အသုံးပြုမည့်နည်းလမ်းနှင့် မြေနေရာ၏ သင့်လျော်မှုအခြေအနေ။
၁၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ အတွင်းရေးမှူး သည် ပုဒ်မ ၁၀ အရ စိစစ်တွေ့ရှိချက်များအပေါ် သုံးသပ်ချက်အစီရင်ခံစာ ရေးသားတင်ပြရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီ၏ အစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက်ကို ရယူရမည့်အပြင်၊ အဆိုပြုသည့်မြေ တည်ရှိရာအရပ်နှင့် သက်ဆိုင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၏ သဘောထားကို အတွင်းရေးအဖြစ် ရယူရမည်။
၁၂။ မြေကို အလိုရှိကြောင်း အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်မည့် ကြော်ငြာစာမူကြမ်း၊ မြေသိမ်းယူမှု အကောင်အထည်ဖော်ရေးအဖွဲ့ ဖွဲ့စည်းပုံလျာထားချက်နှင့်အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ၏ အစည်းအဝေး မှတ်တမ်းကို မိမိ၏ သုံးသပ်ချက်အစီရင်ခံစာနှင့်အတူ အမှုတွဲနှင့်တကွ တင်ပြရမည်။
၁၃။ မြေသိမ်းပေးရန် အဆိုပြုချက်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီမှ စိစစ်တင်ပြချက်အား ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ကျေနပ်သဘောတူ ပါက မြေကို အလိုရှိကြောင်း အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်မည့် ကြော်ငြာစာကို နိုင်ငံတော် သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတကိုယ်စား ယင်းကလွှဲအပ်သည့် ပြည်ထောင်စုဝန်ကြီးက လက်မှတ် ရေးထိုး ထုတ်ပြန်ရမည်။ မြေသိမ်းပေးရန် အဆိုပြုချက်ကို ငြင်းပယ်ခြင်း သို့မဟုတ် ဆက်လက် ဆောင်ရွက်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေ ရမည်။
အခန်း (၅)
မြေကို အလိုရှိကြောင်း အသိပေးကြော်ငြာခြင်းနှင့် ပဏာမ စစ်ဆေးခြင်း
၁၄။ (က) နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးသည့် မြေကိုအလိုရှိကြောင်း အမိန့်ကြော်ငြာစာ တွင် အောက်ပါ အချက်များ ပါရှိရမည်-
(၁) မြေတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ကွင်း/အကွက်၊ ဧရိယာ (ခန့်မှန်း)၊ မြေအမျိုးအစားစသော မြေနှင့် ပတ်သက်သည့် အကြောင်းအရာများ၊
(၂) အများပြည်သူအလို့ငှာ သို့မဟုတ် မည်သည့်ဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်ရန် အလို့ငှာ သိမ်းယူရန် အလိုရှိရခြင်း အကြောင်းပြချက်။
(ခ) အဆိုပါအမိန့်ကြော်ငြာစာနှင့်အတူ အောက်ပါအချက်များ ပူးတွဲဖေါ်ပြပါရှိစေရမည်-
(၁) မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ တာဝန်ပေးအပ်မှု အမိန့်၊
(၂) အဆိုပြုလွှာပါ လူမှုစီးပွားရေးဘဝ ထိခိုက်နစ်နာမှုအတွက် ဆန်းစစ်တွေ့ရှိ ချက် အကျဉ်း၊
(၃) အဆိုပြုလွှာပါ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ဆန်းစစ်တွေ့ရှိချက် အကျဉ်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊
(၄) ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ရေး လျာထား ချက်အကျဉ်း။
(ဂ) ပုဒ်မ ၁၂ အရ အဆိုပြုတင်ပြခဲ့သည့် မြေသိမ်းယူမှုအကောင်အထည်ဖော် ဆောင်ရွက် ရေးအဖွဲ့အား သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူ ပညာရှင်များနှင့် အခြားပါဝင် သင့်သူများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
(ဃ) မြေသိမ်းယူမှုအကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့အား တာဝန်ပေးအပ်ရာတွင် လုပ်ငန်းစဉ်အားလုံး၌ ပွင့်လင်းမြင်သာစွာနှင့် ထိခိုက်နစ်နာသူမိသားစုများပါဝင်သော ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်စေရမည်။
၁၅။ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သည် လုပ်ငန်းများ စတင်ဆောင်ရွက်မှု မပြုမီ ရုံးလုပ်ငန်းကိစ္စအဝဝနှင့် မြေပြင်ကွင်းဆင်းလုပ်ငန်းအရပ်ရပ်အတွက် လိုအပ်မည့်ခန့်မှန်း ကုန်ကျစရိတ်နှင့် ပေးလျော်ရန် ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာကြေးများကို ကြိုတင်တွက်ချက်၍ မြေသိမ်းပေးရန် အဆိုပြုသူထံမှ ကြိုတင်တောင်းခံထားရမည်။ အဆိုပါ အသုံးစရိတ်ငွေများ လက်ဝယ်ရောက်ရှိ ထိန်းသိမ်းပြီးမှသာ မိမိတို့၏ လုပ်ငန်းကို စတင်ဆောင်ရွက်ရမည်။
၁၆။ (က) မြေကို အလိုရှိကြောင်း ကြော်ငြာစာကို နိုင်ငံတော်ပြန်တမ်းနှင့် နေ့စဉ်ထုတ် သတင်းစာ များ၊ ဒေသထုတ်သတင်းလွှာများ (ရှိပါက)တွင် ထည့်သွင်းဖော်ပြ ကြေညာရမည့် အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီရုံး ကြော်ငြာသင်ပုန်းတွင် ကပ်၍လည်း ကြော်ငြာရမည်။ ထို့ပြင် မြေတည် ရှိရာဒေသမှ အောက်ပါနေရာများရှိ အများပြည်သူဆိုင်ရာ ကြော်ငြာသင်ပုန်းတွင် လည်း ကြေညာချက်မိတ္တူများကို ကပ်လျှက် အများပြည်သူ သိရှိစေရန် ထုတ်ပြန် အသိပေးရမည်။ အဆိုပါ အမိန့်ကြော်ငြာစာကို လိုအပ်ပါက ဒေသသုံးဘာသာစကား ဖြင့် ပူးတွဲဖော်ပြ ကြော်ငြာရမည် -
(၁) မြေတည်ရာဒေသ၏ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊
(၂) မြေတည်ရာဒေသ၏ မြို့နယ်တရားရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး နှင့် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊
(၃) သိမ်းရန်ရည်ရွယ်သည့်မြေအနီးတွင် အများပြည်သူ သိမြင်လွယ်သည့်နေရာ များ၌ ဤကိစ္စအလို့ငှာ ပြုလုပ်သည့် ကြော်ငြာသင်ပုန်း။
(ခ) ရုပ်မြင်သံကြားနှင့်အသံလွှင့်မီဒီယာများတွင် ထည့်သွင်းဖော်ပြရေးကို သီးခြားဆောင် ရွက်ရမည်။
၁၇။ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သည် မြေကိုအလိုရှိကြောင်း အမိန့် ကြော်ငြာစာကို အများပြည်သူသို့ ထုတ်ပြန်ပြီးသည်နှင့် တစ်ပြိုင်နက် အောက်ပါအချက်များအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲများကို မိမိတို့အဖွဲ့ဝင်များနှင့်အတူ သင့်လျော်သည့် အခြားဌာန ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အခြားပြင်ပကျွမ်းကျင်သူများဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ၏ ကြိုတင်အတည်ပြုချက်ရယူ၍ လိုအပ်သလို ဖွဲ့စည်း တာဝန် ပေးအပ်နိုင်သည်-
(က) သိမ်းဆည်းရန် ရည်ရွယ်သည့်မြေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြေသိမ်းဆည်းမည့် အဆိုပြုမှုအပေါ် အများပြည်သူ၏ သဘောထားရယူခြင်း၊
(ခ) သိမ်းဆည်းရန်ရည်ရွယ်သည့် မြေနေရာရှိ ထိခိုက်နစ်နာသူ မိသားစုများ၏ လူမှု စီးပွားရေးဘဝ ထိခိုက်နစ်နာမှုများ၊ ပတ်ဝန်းကျင်ထိခိုက်မှုအလားအလာများအပေါ် အဆိုပြုသူ၏ တင်ပြချက်များကို မြေပေါ်အမှန်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဂ) အဆိုပြုသူ၏ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေးဘဝပြန်လည်ထူထောင် ရေးအတွက် လျာထားချက်များကို ကျွမ်းကျင်ပညာရှင်များ၏ သဘောထားအမြင်နှင့် ထိခိုက် နစ်နာသူမိသားစုများ၏ လိုလားချက်များအပေါ် အခြေခံ၍ ညှိနှိုင်းဆောင်ရွက် ခြင်း၊ သဘောတူညီမှု ရယူခြင်း။
၁၈။ မြေပြင်ကွင်းဆင်းခြင်း၊ အများပြည်သူသဘောထားရယူခြင်းများ ဆောင်ရွက်မည့် အဖွဲ့ခွဲ အသီးသီးအနေဖြင့် ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆိုင်ရာ ဆိုင်ခွင့်ရှိသူများ အပါအဝင် အများပြည်သူသိရှိရန် အနည်းဆုံး (၇) ရက် ကြိုတင်ကြေညာအသိပေး ရမည်။
၁၉။ မြေပြင်ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းများတစ်ရပ်ချင်းကို အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ရမည် -
(က) အများပြည်သူသို့ ချပြရှင်းလင်းခြင်း၊
(ခ) ကွင်းဆင်းတိုင်းတာခြင်း၊ ထိခိုက်နစ်နာသူနှင့် ထိခိုက်နစ်နာမည့်အခြေအနေ စာရင်း ကောက်ယူခြင်း၊
(ဂ) သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုစီးပွားရေးဘဝ ထိခိုက်မှုဆိုင်ရာ အဆိုပြုချက် အပေါ် ဆန်းစစ်ခြင်း၊
(ဃ) ပြန်လည်နေရာ ချထားခြင်းနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ရေးဆိုင်ရာ အဆိုပြုချက်အပေါ် ဆန်းစစ်ခြင်း၊
(င) ဌာနဆိုင်ရာနှင့် ပြင်ပကျွမ်းကျင်ပညာရှင်များ၏ သဘောထားမှတ်ချက် ရယူခြင်း၊
(စ) စိစစ်တွေ့ရှိချက်များကို သုံးသပ်ခြင်း၊ သဘောထားမှတ်ချက်နှင့်တကွ မြေသိမ်းယူမှု အကောင် အထည်ဖေါ် ဆောင်ရွက်ရေးအဖွဲ့သို့ အစီရင်ခံစာ ရေးသားတင်ပြခြင်း။
၂၀။ မြေသိမ်းယူမှုအကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သည် -
(က) မြေကို အလိုရှိကြောင်း ကြော်ငြာစာကို အများပြည်သူ ရှင်းလင်းစွာ သဘောပေါက် သိရှိရေးအတွက် ဒေသခံပြည်သူများသို့ ချပြဆွေးနွေးခြင်း ပြုလုပ်ရမည်။ ထိုသို့ပြုလုပ် ရာတွင် သက်ဆိုင်သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလည်း ဖိတ်ကြားပါဝင်စေရမည်။
(ခ) မြေသိမ်းဆည်းမည့်ရည်ရွယ်ချက်နှင့် အခြေအနေများအပေါ် အကျိုးစီးပွားသက်ဆိုင် သူ ပြည်သူလူထုထံမှ ကန့်ကွက်လွှာ ခေါ်ယူခြင်း၊ စာဖြင့် ရေးသားကန့်ကွက်ချက်ကို လက်ခံခြင်း၊ ကြားနာစစ်ဆေးခြင်း၊ အထောက်အထားစာရွက်စာတမ်းများ တင်ပြစေ ရန် တောင်းခံခြင်း၊ လိုအပ်ပါက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ရမည်။
၂၁။ သိမ်းဆည်းရန် ရည်ရွယ်သည့်မြေကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြေသိမ်းဆည်းမည့် ရည်ရွယ်ချက်နှင့် အခြေအနေအပေါ် အ များပြည်သူ၏ သဘောထားရယူခြင်း ဆောင်ရွက်မည့် သက်ဆိုင်ရာအဖွဲ့ခွဲသည် အောက်ပါတာဝန်များကို ဆောင်ရွက်ရမည်-
(က) မြေပြင်ကွင်းဆင်းတိုင်းတာစစ်ဆေးမှု လုပ်ဆောင်မည့်အစီအစဉ်ကို မြေတွင် ဆိုင်ရာ ဆိုင်ခွင့်ရှိသူများထံ အနည်းဆုံး (၇) ရက် ကြိုတင် အသိပေးခြင်း၊
(ခ) မြေအလိုရှိသည့် အဖွဲ့အစည်း/ဌာနမှ ကိုယ်စားလှယ်၊ အသိမ်းခံမြေနှင့် ဆက်စပ် ပတ်သက်သည့် အကျိုးစီးပွားထိခိုက်နစ်နာသူများနှင့် ယင်းတို့၏ကိုယ်စားလှယ်တို့နှင့် အတူ မြေပြင်ကွင်းဆင်း တိုင်းတာမှတ်သားခြင်း၊
(ဂ) ကွင်းဆင်းတိုင်းတာမှုကြောင့် မြေတွင်ဆိုင်ရာ ဆိုင်ခွင့်ရှိသူ၏ အကျိုးစီးပွားထိခိုက် နစ်နာမှုများအား မှတ်တမ်းတင်ခြင်း၊ လျော်ကြေးတွက်ချက်ခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အတည်ပြုချက်ဖြင့် ပေးလျော်ခြင်း၊ ပေးလျော်မှုကို ထိခိုက် နစ်နာသူက ကျေနပ်ခြင်းမရှိပါက တရားရုံး၏ အဆုံးအဖြတ်ကို ခံယူခြင်း၊
(ဃ) ထိခိုက်နစ်နာသူ မိသားစုများစာရင်းနှင့် ထိခိုက်နစ်နာမှုအခြေအနေများ စာရင်း ကောက်ယူခြင်း။
၂၂။ အဆိုပြုသူ၏ ပြန်လည်နေရာ ချထားရေးလျာထားချက်များနှင့် ထိခိုက်နစ်နာသူမိသားစု များ၏ အခြေအနေမှန်ကို လိုက်လျောညီထွေမှုရှိ/မရှိ စိစစ်ခြင်းဆောင်ရွက်မည့် သက်ဆိုင်ရာ အဖွဲ့ခွဲ သည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) ဆောင်ရွက်ရမည့်တာဝန်များ -
(၁) ပြောင်းရွှေ့နေရာချထားမည့် နေရာသည် အခြေချနေထိုင်ရန် သင့်တော်မှုရှိ/မရှိ၊
(၂) ဘာသာရေးအဆောက်အဦများနှင့် အများပြည်သူဆိုင်ရာ ကျောင်း၊ ဆေးခန်း၊ ဈေး၊ ရုံး စသည့် အဆောက်အဦများ ပြန်လည်တည်ဆောက်နိုင်မည့် အခြေအနေ၊
(၃) အခြေခံလူမှုအဆောက်အအုံများ ဖြစ်သော လမ်း၊ မီး၊ သောက်သုံးရေ၊ ရေနှင့် မိလ္လာလုပ်ငန်း၊ သုသာန် အစရှိသည်တို့အတွက် စီစဉ်ဆောင်ရွက်နိုင်မှု အခြေ အနေ၊
(၄) ပြန်လည်တည်ဆောက်ပေးမည့် အဆောက်အဦများသည် အနည်းဆုံးရှိသင့် သည့် လူနေမှုအဆင့်အတန်းထက် မနိမ့်ကျသော အနေအထားရှိ/မရှိ၊
(၅) ပြောင်းရွှေ့နေရာ ချထားပေးမည့်အစီအစဉ်အား အကောင်အထည်ဖော်နိုင်မည့် အခြေအနေ။
( ခ) ဆောင်ရွက်ရမည့်နည်းလမ်းများ -
(၁) ပုဒ်မခွဲ(က) ပါအချက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးရန်ဖြစ်သည်။
(၂) စစ်ဆေးရာတွင် မြေအလိုရှိသည့်အဖွဲ့အစည်း/ဌာနမှ ကိုယ်စားလှယ်၊ အသိမ်းခံ မြေနှင့် ဆက်စပ်ပတ်သက်သည့်အကျိုးစီးပွားထိခိုက်နစ်နာသူများနှင့် ယင်းတို့၏ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကျွမ်းကျင်သူများ၊ အခြားလိုအပ်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်ရန်ဖြစ်သည်။
(ဂ) ထိုသို့စစ်ဆေးရာတွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လိုအပ်သည့် အထောက်အထား များ တောင်းယူကြည့်ရှုခွင့်နှင့် မိတ္တူရယူခွင့်၊ တိုက်ဆိုင်စစ်ဆေးခွင့်၊ သက်ဆိုင် သည်ဟု မှတ်ယူရသူများအား ခေါ်ယူမေးမြန်းခွင့်အစရှိသည့် လုပ်ပိုင်ခွင့်များ ကျင့်သုံး နိုင်သည်။
၂၃။ ထိခိုက်နစ်နာသူမိသားစုများ၏ လူမှုစီးပွားရေးဘဝ ထိခိုက်နစ်နာမှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှု အလားအလာများကို စိစစ်ခြင်း ဆောင်ရွက်မည့်အဖွဲ့သည် အောက်ပါတို့ကို ဆောင်ရွက် ရမည်-
(က) သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအလားအလာများကို စိစစ်နိုင်ရန် ထိခိုက်ခံရသူများ၊ ပတ်ဝန်းကျင်ရှိ ဆက်စပ်ပတ်သက်သည့်ဒေသခံများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အမျိုးသားအမျိုးသမီး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသ အာဏာပိုင်အဖွဲ့ဝင်များစသည့် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေး သဘောထား အမြင်ရယူခြင်းနှင့် မြေပြင်အမှန် ကွင်းဆင်းစစ်ဆေးခြင်း၊
(ခ) ထိခိုက်နစ်နာသူ မိသားစုများ၏ လူမှုစီးပွားရေးဘဝ ထိခိုက်မှုများကို စိစစ်နိုင်ရန် ထိခိုက်ခံရသူများ၊ ပတ်ဝန်းကျင်ရှိ ဆက်စပ်ပတ်သက်သည့် ဒေသခံများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအမျိုးသားအမျိုးသမီးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ နှင့် ဒေသအာဏာပိုင် အဖွဲ့ဝင်များစသည့် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေး သဘောထားအမြင် ရယူခြင်းနှင့် မြေပြင်အမှန်ကွင်းဆင်းစစ်ဆေးခြင်း၊
(ဂ) မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များကို မှတ်တမ်းတင်ခြင်း။
၂၄။ ပြန်လည်ထူထောင်ရေးအဆိုပြုလွှာနှင့်ပတ်သက်သည့် လေ့လာဆန်းစစ်မှုများ ပြုလုပ်ရာတွင် ထိခိုက်နစ်နာသူ မိသားစုများ၏ ပကတိဘဝ ကိုက်ညီမှုအခြေအနေကို စိစစ်ခြင်း ဆောင်ရွက်မည့် အဖွဲ့ခွဲ သည် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) ဆောင်ရွက်ရမည့် တာဝန်များ -
(၁) အစားထိုးပေးအပ်သည့်မြေ၏ သင့်လျော်မှုအခြေအနေ၊
(၂) အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်သည့်အခြေအနေ၊
(၃) ယာယီထောက်ပံ့ကြေး ပံ့ပိုးပေးမည့် အစီအစဉ်နှင့် လုံလောက်မှုအခြေအနေ၊
(၄) မိသားစုအသက်မွေးမှုဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၏ ပံ့ပိုး ပေးသင့်သည့် အစီအစဉ်များ၊
(၅) ပညာရေး၊ ကျန်းမာရေးစသည့် ကူညီစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ရန် အစီအစဉ်များ၊
(၆) ဒေသခံများက တောင်းဆိုသည့် ပြန်လည်ထူထောင်ရေးအတွက် အခြားကိစ္စ ရပ်များ ဆောင်ရွက်ပေးသင့်သည့် အစီအစဉ်များ။
(ခ) ဆောင်ရွက်ရမည့်နည်းလမ်းများ -
(၁) ပုဒ်မခွဲ (က) ပါအချက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးရန် ဖြစ်သည်၊
(၂) စစ်ဆေးရာတွင် မြေအလိုရှိသည့်အဖွဲ့အစည်း/ဌာနမှ ကိုယ်စားလှယ်၊ အသိမ်း ခံမြေနှင့် ဆက်စပ်ပတ်သက်သည့်အကျိုးစီးပွားထိခိုက်နစ်နာသူများနှင့် ယင်းတို့ ၏ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကျွမ်းကျင်သူများ၊ အခြားလိုအပ်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်ရန် ဖြစ်သည်။
(ဂ) ထိုသို့စစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် လိုအပ်သည့် အထောက် အထားများ တောင်းယူကြည့်ရှုခွင့်နှင့် မိတ္တူရယူခွင့်၊ တိုက်ဆိုင်စစ်ဆေးခွင့်၊ သက်ဆိုင် သည်ဟု မှတ်ယူရသူများအား ခေါ်ယူမေးမြန်းခွင့် အစရှိသည့် လုပ်ပိုင်ခွင့်များ ဆောင်ရွက် ခွင့်ရှိသည်။
၂၅။ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ခွဲအသီးသီးသည် လုပ်ငန်းနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ များနှင့် ကျွမ်းကျင်သူများ၏ သဘောထားမှတ်ချက်ကို လွတ်လပ်စွာတောင်းပိုင်ခွင့်ရှိစေရမည်။ သက်ဆိုင်သည့် ဌာနများကလည်း ပံ့ပိုးဆောင်ရွက်မှုပေးရမည်။
၂၆။ မြေပြင်ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့ခွဲ အသီးသီးတို့သည် မိမိတို့၏ စိစစ်တွေ့ရှိချက်၊ သုံးသပ် ချက်နှင့် သဘောထားမှတ်ချက်တို့ကို မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့သို့ အစီရင်ခံစာများ ပြုစုတင်ပြရမည်။
၂၇။ မြေပြင်ကွင်းဆင်းစစ်ဆေးသည့် အဖွဲ့ခွဲအသီးသီး၏ အစီရင်ခံစာများအပေါ် မြေသိမ်းယူမှု အကောင် အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့က စုစည်း၍ မိမိတို့၏ သုံးသပ်ချက်၊ သဘောထားတင်ပြချက်တို့ ပါဝင်သည့် အစီရင်ခံစာကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီသို့ တင်ပြရမည်။
၂၈။ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့၏ သုံးသပ်ချက်၊ သဘောထား တင်ပြချက်တို့အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ သည် မိမိ၏ ဆုံးဖြတ်ချက်သဘောထားကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြခြင်း မပြုမီ သက်ဆိုင်သည့် ထိခိုက်နစ်နာသူမိသားစုများ သိရှိစေရန် ထုတ်ပြန်ကြေညာရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိပါက ထိုသို့ ထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်း တရားရုံးသို့ တင်ပြ၍ ဥပဒေအရ ကုစားမှုကို ခံယူပိုင်ခွင့်ရှိကြောင်းကိုလည်း တစ်ပါတည်း ဖော်ပြရမည်။
၂၉။ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့၏ တင်ပြချက်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသည် မိမိတို့၏ သဘောထား မှတ်ချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။ ယင်းသို့တင်ပြရာတွင် မြေသိမ်းယူခွင့် အမိန့်မူကြမ်းကိုပါ တစ်ပါတည်း ပြုစုတင်ပြရမည်။
၃၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ၏ တင်ပြ ချက်အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့သည် မြေကို အဆိုပြုသည့်အတိုင်း သိမ်းယူရန် ခွင့်ပြုခြင်း နှင့် အဆိုပြုသည့် မြေဧရိယာအပေါ် မည်သည့် အတိုင်းအတာထိသာ ခွင့်ပြုကြောင်း ဆွေးနွေးကာ ဆုံးဖြတ်ချက် ချမှတ်ရမည်။ ထိုသို့ ဆုံးဖြတ်ချက်ချရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထားတင်ပြထားမှုများရှိပါမူ တရားရုံး၏ ဆုံးဖြတ်ချက် အမိန့်ကို စောင့်ဆိုင်းရမည်။
၃၁။ မြေသိမ်းယူရန် အလိုရှိကြောင်း အသိပေးကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာ မြေသိမ်းပေးရန် အဆိုပြုသူမှ အဆိုပြုလွှာကို ရုပ်သိမ်းခြင်းကြောင့်ဖြစ်စေ၊ မြေသိမ်းယူမှု အကောင် ထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ သို့မဟုတ် တရားရုံးမှ မြေသိမ်းယူမှုမပြုသင့်ကြောင်း ဆုံးဖြတ်ခဲ့မှု များအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုလျှင်ဖြစ်စေ၊ မြေသိမ်းယူမှုအကောင်အထည်ဖော် ဆောင်ရွက်ရေး အဖွဲ့၏ စိစစ်တွေ့ရှိချက်အရ သိမ်းယူရန် မလိုအပ်သည့်မြေများ ပါဝင်နေခဲ့လျှင် ဖြစ်စေ၊ မြေသိမ်းယူရန် အလိုရှိကြောင်း အသိပေးကြော်ငြာစာကို ပြန်လည်ပယ်ဖျက်၍ မြေသိမ်း လုပ်ငန်းများကို ပြင်ဆင်ထုတ်ပြန်ခြင်း သို့မဟုတ် ရပ်စဲခြင်း ပြုလုပ်ရမည်။
၃၂။ ပုဒ်မ ၃၁ ပါ ဆုံးဖြတ်ချက်များကို ပြင်ဆင်အမိန့်ချမှတ်ပေးရန်အတွက် မြေသိမ်းယူရန် အဆိုပြုသူမှ နိုင်ငံတော်သမ္မတထံ အသနားခံလွှာတင်ပြနိုင်ခွင့် ရှိစေရမည်။ ယင်းအသနားခံလွှာ တင်ပြခြင်းအပေါ် နိုင်ငံတော်သမ္မတသည် သင့်လျော်သည်ဟု ထင်မြင်ယူဆသည့်အမိန့်ကို ချမှတ်နိုင် သည်။
၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော် သမ္မတက လွှဲအပ်သည့် ပြည်ထောင်စုဝန်ကြီးသည် မြေသိမ်းယူရန် အမိန့်ကို ထုတ်ပြန်ကြေညာ ရမည်။
အခန်း (၆)
မြေကို သိမ်းယူမည်ဖြစ်ကြောင်း ကြေညာခြင်းနှင့် မြေလက်ရောက်သိမ်းယူခြင်း
၃၄။ (က) နိုင်ငံတော်သမ္မတက ထုတ်ပြန်သည့် မြေကိုသိမ်းယူမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာ စာတွင် အောက်ပါအချက်များ ပါရှိရမည်-
(၁) မြေတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ကွင်း/အကွက်၊ စိစစ်အတည်ပြုပြီးဖြစ်သည့် မြေဧရိယာ၊ မြေအမျိုးအစားစသော မြေနှင့် ပတ်သက်သည့် အကြောင်းအရာများ၊
(၂) အများပြည်သူအတွက် သို့မဟုတ် မည်သည့်ဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်ရန်အတွက် သိမ်းယူရန် အလိုရှိရခြင်း အကြောင်းပြချက်၊
(၃) မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သို့ တာဝန်ပေးအပ်မှု။
(ခ) အဆိုပါ အမိန့်ကြော်ငြာစာနှင့်အတူ မြေသိမ်းခံပြည်သူတို့နှင့် ညှိနှိုင်းသဘောတူညီပြီး ဖြစ်သည့် ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေးဘဝပြန်လည်ထူထောင်ရေး လျာထားချက်အကျဉ်း ပူးတွဲဖော်ပြပါရှိစေရမည်။
၃၅။ မြေကိုသိမ်းယူမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာကို မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်း၍ အများ ပြည်သူသို့ ထုတ်ပြန်ပြီးသည်နှင့် တစ်ပြိုင်နက်၊ အောက်ပါအချက်များကို မြေသိမ်းယူမှု အကောင်အထည် ဖော်ရေးအဖွဲ့က လိုအပ်သလို ဆက်လက်ဆောင်ရွက်ရမည်-
(က) မြေသိမ်းမိန့်ကို အများပြည်သူသို့ ထပ်ဆင့် ထုတ်ပြန်ကြေညာခြင်း၊
(ခ) သိမ်းဆည်းမည့် မြေကို လိုအပ်ပါက ကွင်းဆင်းစစ်ဆေးမှတ်သားခြင်းနှင့် မြေသိမ်း လျော်ကြေး တွက်ချက်ထုတ်ပေးခြင်း၊
(ဂ) မြေကို လက်ရောက်သိမ်းယူခြင်း။
၃၆။ မြေသိမ်းမိန့်ကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့၏ အတွင်းရေးမှူး က တာဝန်ခံပြီး အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) မြေကို သိမ်းယူမည်ဖြစ်ကြောင်း ကြော်ငြာစာကို နေ့စဉ်ထုတ် သတင်းစာများ၊ ဒေသထုတ် သတင်းလွှာများ (ရှိပါက) တွင် သတ်မှတ်ကာလအတွင်း အနည်းဆုံး ၂ ကြိမ် ထည့်သွင်းဖော်ပြကြေညာရမည့်အပြင်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော် ကောင်စီရုံး ကြော်ငြာသင်ပုန်းတွင် ကပ်၍လည်း ကြော်ငြာရမည်။ ထို့ပြင် မြေတည်ရှိရာဒေသမှ အောက်ပါနေရာများရှိ အများပြည်သူ ဆိုင်ရာ ကြော်ငြာသင်ပုန်းတွင်လည်း ကြေညာချက် မိတ္တူများကို ကပ်လျှက် အများ ပြည်သူသိရှိစေရန် ထုတ်ပြန် အသိပေးရမည်။ အဆိုပါအမိန့် ကြော်ငြာစာကို လိုအပ် ပါက ဒေသသုံးဘာသာစကားဖြင့် ပူးတွဲ ဖော်ပြကြော်ငြာရမည် -
(၁) မြေတည်ရာဒေသ၏ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊
(၂) မြေတည်ရာဒေသ၏ မြို့နယ်တရားရုံး ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံး၊
(၃) သိမ်းရန် ရည်ရွယ်သည့် မြေအနီးတွင် အများပြည်သူ သိမြင်လွယ်သည့် နေရာ များ၌ ဤကိစ္စအလို့ငှာ ပြုလုပ်သည့် ကြော်ငြာသင်ပုန်း။
(ခ) ရုပ်မြင်သံကြားနှင့် အသံလွှင့်မီဒီယာများတွင် ထည့်သွင်းဖော်ပြရေးကို သီးခြား ဆောင်ရွက်ရမည်။
(ဂ) ထိခိုက်နစ်နာသူမိသားစု တစ်စုချင်းထံသို့လည်း အမိန့်ကြော်ငြာစာ မိတ္တူပူးတွဲလျှက် အသိပေး အကြောင်းကြားစာကို တရားမကျင့်ထုံးဥပဒေနှင့်အညီ ပေးပို့အကြောင်း ကြားရမည်။
၃၇။ မြေပြင်ကွင်းဆင်းစစ်ဆေး မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်တွင် အောက်ပါတို့ကို ဆောင်ရွက် ရမည်-
(က) မြေပြင်ကွင်းဆင်းစစ်ဆေးမှတ်တမ်းယူမည်ကို အကျိုးစီးပွားသက်ဆိုင်သူများသို့ (၃) ရက် ကြိုတင် အကြောင်းကြားခြင်း၊
(ခ) မြေပြင်ကွင်းဆင်းတိုင်းတာမှတ်သားရာတွင် မြေတွင် အကျိုးစီးပွား သက်ဆိုင်သူ သို့မဟုတ် ယင်း၏တရားဝင်ကိုယ်စားလှယ်နှင့်အတူ အောက်ပါအချက်များကို စစ်ဆေး မှတ်တမ်းတင်ရမည်-
(၁) မြေတွင်အကျိုးစီးပွားသက်ဆိုင်သူနှင့် မိသားစုဝင်များစာရင်း၊ ယင်းတို့၏ အသက် မွေးမှုအခြေအနေ၊ မိသားစုပိုင် ကျွဲနွားတိရစ္ဆာန်တို့ နှင့် စက်ကိရိယာ များ စာရင်း၊
(၂) မြေ၏တည်နေရာ၊ အကျယ်အဝန်း၊ မြေအမျိုးအစား၊ အတန်းအစားနှင့် ပုဒ်မ ၁၄ အရ မြေကို အလိုရှိကြောင်း ကြော်ငြာသည့်နေ့ရှိ မြေ၏ ဈေးကွက် ပေါက်ဈေး၊
(၃) မြေပေါ်ရှိ အဆောက်အဦ၏ သက်တမ်း၊ ဆောက်လုပ်ထားရှိမှု အနေအထား နှင့်ပုံစံ၊ ကာလတန်ဖိုး၊
(၄) မြေပေါ်ရှိနှစ်ရှည်ပင်များ၏ အမျိုးအစား၊ အရေအတွက်၊ တစ်ပင်ချင်း၏ သက်တမ်း နှင့် တန်ဖိုး၊ အပင်မှ အကျိုးခံစားခွင့် ရရှိမှု ၃ နှစ် ပျမ်းမျှတန်ဖိုး၊
(၅) ရာသီသီးနှံများ၏ အမျိုးအစား၊ အရေအတွက်၊ ရင့်မှည့်မှုအခြေအနေနှင့် အကျိုး ခံစားခွင့်ရရှိမှု ၃ နှစ် ပျမ်းမျှတန်ဖိုး၊
(၆) မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားမှုများအတွက် ကုန်ကျစရိတ်၊
(၇) တစ်စိတ်တစ်ပိုင်းသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသည့် နစ်နာမှုများ၏ တန်ဖိုး။
(ဂ) မြေပြင် ကွင်းဆင်းတိုင်းတာ မှတ်သားရာတွင် ထိခိုက်နစ်နာသူ မိသားစုများအတွက် အောက်ပါအချက်များကို စစ်ဆေးမှတ်တမ်း တင်ရမည်-
(၁) မြေသိမ်းယူခံရမှုကြောင့် ယင်းမြေပေါ်တွင် အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း ထိခိုက်နစ်နာဆုံးရှုံးမှုများ၊
(၂) သိမ်းယူခံရသည့်မြေနှင့် ထိစပ်နေသည့် မြေများအတွက် အကျိုးဆုတ်ယုတ် ထိခိုက်နစ်နာမှုများ။
(ဃ) ကွင်းဆင်း တိုင်းတာမှတ်သားရာတွင် လိုအပ်မှု အခြေအနေအရ နယ်နိမိတ် မှတ်တိုင် များကို မြေသိမ်းပေးရန် အဆိုပြုသူ၏ ကုန်ကျစရိတ်ဖြင့် မြင်သာစွာစိုက်ထူမှတ်သား ပေးရမည်။
(င) ကွင်းဆင်းတိုင်းတာမှတ်တမ်းတင်မှုကို မြေတွင်အကျိုးစီးပွားသက်ဆိုင်သူနှင့် ထိခိုက် နစ်နာသူမိသားစုတစ်စုချင်းသို့ အသိပေးရမည်။
(စ) ကွင်းဆင်းတိုင်းတာမှတ်သားမှု လုပ်ငန်းပြီးစီးပါက သက်ဆိုင်ရာကာယကံရှင်များ၏ အတည်ပြုချက်ဖြင့် မှတ်တမ်းတင်ထားသည့် အချက်များကို စာရင်းဇယားဖြင့် အများပြည်သူသို့ ထုတ်ပြန် အသိပေးရမည်။
၃၈။ မြေသိမ်းလျော်ကြေးထုတ်ပေးရေးလုပ်ငန်းစဉ်တွင် အောက်ပါတို့ကို ဆောင်ရွက်ရမည်-
(က) ကွင်းဆင်းမှတ်တမ်းများအရ မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများသို့ ထုတ်ပေးရ မည့် လျော်ကြေးငွေနှင့် ထိခိုက်နစ်နာသူမိသားစုများသို့ထုတ်ပေးရမည့် နစ်နာကြေး တို့ကို ဤဥပဒေအရပြုသည့် နည်းဥပဒေများအရ ညီညွတ်မျှတမှန်ကန်စွာ တွက်ချက် ၍ ပေးလျော်ရန် လျာထားချက်များကို မြေသိမ်းယူမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့၏ အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ယူရမည်၊
(ခ) မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့၏ အတည်ပြုချက် ရရှိထား သော စာရင်းအရ ပေးလျော်ရမည့် လျော်ကြေးငွေနှင့် နစ်နာကြေးများကို မြေသိမ်း ပေးရန် အဆိုပြုသူက အပြည့်အဝ လက်ရောက်လွှဲအပ်စေရန်အတွက် အကြောင်း ကြားရမည်၊
(ဂ) ပေးလျော်ရမည့်ငွေများ အပြည့်အဝ လက်ရောက်မရရှိပါက မြေသိမ်းလုပ်ငန်းများ ရပ်ဆိုင်းထားရမည်၊
(ဃ) အတည်ပြုထားသော လျော်ကြေးနှင့် နစ်နာကြေးတောင်းခံရမည့်သူများနှင့် ပေးအပ် မည့်ပမာဏ၊ နောက်ဆုံးထားတောင်းခံရမည့်နေ့ရက်၊ တင်ပြတောင်းခံရမည့် ပုဂ္ဂိုလ် နှင့် တင်ပြတောင်းခံရမည့် နေရာတို့ကို အများပြည်သူသိရှိစေရန် အောက်ပါအတိုင်း ကြေညာရမည်-
(၁) ပုဒ်မ ၃၆၊ ပုဒ်မခွဲ (က) ပါအတိုင်း ဆိုင်ရာရုံးဌာနများနှင့် အများပြည်သူ အလွယ်တကူ တွေ့ရှိနိုင်မည့် နေရာများတွင် စွဲကပ်၍ ကြေညာရမည်၊
(၂) လျော်ကြေးနှင့် နစ်နာကြေးထုတ်ယူရန် စာရင်းဝင်သည့်မိသားစုတစ်စုချင်း ထံသို့ အကြောင်းကြားစာများကို တရားမကျင့်ထုံးဥပဒေနှင့်အညီ ပေးပို့ရမည်၊
(၃) လိုအပ်ပါက အကြောင်းကြားစာများကို ဒေသ၏ အများသုံးဘာသာစကားဖြင့် ရေးသားချက်ကို ပူးတွဲ ပေးပို့ရမည်။
(င) လျော်ကြေးနှင့်နစ်နာကြေး ထုတ်ယူရန် တောင်းခံလာသူများအား ကိုယ်တိုင်တောင်းခံ ထုတ်ယူခြင်း ဖြစ်ပါက လူပုဂ္ဂိုလ်ကျားမ မှန်ကန်ခြင်း ရှိ၊ မရှိ စိစစ်ထုတ်ပေးရမည်။ ကိုယ်စားလှယ်နှင့် ထုတ်ယူပါက တရားဝင်ကိုယ်စားလှယ် ဖြစ်သူကိုသာ ထုတ်ပေး ရမည်။
(စ) လျော်ကြေးနှင့် နစ်နာကြေးထုတ်ယူသူအနေဖြင့် မိမိတို့၏ လွတ်လပ်သောသဘော ဆန္ဒအရ သဘောတူထုတ်ယူသူများနှင့် ပေးလျော်ငွေကို လက်ခံယူသော်လည်း တန်ဖိုး တွက်ချက်မှု အပေါ်မကျေနပ်သူများကို ခွဲခြား၍ မှတ်တမ်းတင် ထုတ်ပေးရမည်။
၃၉ ။ သတ်မှတ်ထုတ်ပေးသည့် လျော်ကြေးနှင့် နစ်နာကြေးတို့အပေါ် မြေဧရိယာနှင့် တန်ဖိုး သတ်မှတ်မှု၊ ထုတ်ယူထိုက်သူ သတ်မှတ်မှုနှင့် ခွဲဝေပေးသည့် အချိုးတို့အပေါ် ကျေနပ်မှုမရှိပါက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြေတွင် အကျိုးစီးပွားသက်ဆိုင်သူနှင့် ထိခိုက်နစ်နာသူ မိသားစုတို့သည် တရားရုံးသို့ လွှဲအပ်ပေးရန် တောင်းဆိုပိုင်ခွင့်နှင့် တရားရုံး၏ အဆုံးအဖြတ် ရရှိခံစားပိုင်ခွင့် ရှိစေရမည်။
၄၀။ မြေသိမ်းလျော်ကြေးအတွက် တရားရုံးသို့ လွှဲအပ်ပေးပို့သည့်အခါ ထုတ်ပေးခြင်းမပြုရသေး သည့် လျော်ကြေးနှင့် နစ်နာကြေးများကိုပါ တစ်ပါတည်းလွှဲအပ်ရမည်။ တရားရုံးသည် မူလသတ်မှတ် သည့် လျော်ကြေးနှင့် နစ်နာကြေးတန်ဖိုးထက် တိုးမြှင့်ဆုံးဖြတ်ပါက တိုးမြှင့်လိုက်သည့် တန်ဖိုး အပြင် ယင်းတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းကို သတ်မှတ်ဆုံးဖြတ်ရမည်။ အဆိုပါငွေကို လွှဲအပ်ပေးခြင်း မပြုသေးသည့် ကာလတွင် သာမန်အားဖြင့် မြေသိမ်းလုပ်ငန်းများကို ဆိုင်းငံ့ထားရမည်။
၄၁။ လျော်ကြေးနှင့် နစ်နာကြေးများ စုံလင်စွာထုတ်ပေးပြီးသည့်နောက် သို့မဟုတ် တရားရုံးသို့ လွှဲအပ်ပြီးသည့် နောက်တွင် မြေကို လက်ရောက်သိမ်းယူခြင်းကို မြေသိမ်းယူမှု အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့က ဆက်လက်ဆောင်ရွက်ရမည်။ မြေကို လက်ရောက်သိမ်းယူပြီးသည်နှင့် ကြွေးမြီကင်းရှင်းသည့် နိုင်ငံပိုင် မြေအဖြစ်သို့ ရောက်ရှိစေရမည်။ အဆိုပါမြေကို မြေသိမ်းပေးရန် အဆိုပြုသူသို့ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ဆင့်ဆိုချက်များနှင့်အညီ မြေလွှဲအမှုတွဲဖြင့် လက်ရောက် ပေးအပ်ရမည်။
၄၂။ မြေကို လက်ရောက်သိမ်းယူမှု၊ မြေလွှဲပြောင်းပေးအပ်မှု လုပ်ငန်းစဉ်များ စတင်သည်နှင့် တစ်ပြိုင်တည်း ပုဒ်မ ၄၃ အရ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြန်လည်နေရာချထားခြင်းနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီတို့သည် ပြန်လည်နေရာချထားမှုနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ပေးမှုလုပ်ငန်းစဉ်တို့ကို ဆောင်ရွက် ရမည်။
အခန်း (၇)
ပြန်လည်နေရာချထားခြင်းနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ခြင်း
၄၃။ မြေသိမ်းယူမှုလုပ်ငန်းများတွင် ပြန်လည်နေရာချထားခြင်းနှင့် လူမှုစီးပွားရေးဘဝ ပြန်လည် ထူထောင်ခြင်းလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်လုပ်ငန်းကော်မတီတို့ကို ဤဥပဒေအရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
၄၄။ ပြန်လည်နေရာချထားခြင်းနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းတို့တွင် ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဂ) ၌ ဆောင်ရွက်သဘောတူညီခဲ့သည့် အချက်များအား အောက်ပါလုပ်ငန်းစဉ် များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည် -
(က) အိမ်ယာတည်ထောင်မှုဆိုင်ရာလုပ်ငန်းစဉ်များ၊ အိမ်ထောင်စုလူမှုဘဝတည်ထောင်ရေး အတွက် လိုအပ်သည့် အခြေခံအဆောက်အဦ များနှင့် ကူညီပံ့ပိုးမှုများ၊ ရပ်ကွက်/ ကျေးရွာဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦများနှင့် အခြားလိုအပ်ချက်စသည် များ ပါဝင်သည့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ၊
(ခ) စိုက်ပျိုးရေးအပါအဝင် သိမ်းဆည်းမြေကို အခြေခံသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် အလုပ်အကိုင် အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ပေးမှု စသည်တို့ပါဝင်သည့် လူမှုစီးပွားရေးဘဝပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များ။
၄၅။ ပြန်လည်နေရာချထားမှုနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင် မှုလုပ်ငန်းစဉ်များကို မြေ လက်ရောက်လွှဲအပ်ချိန်တိုင်အောင် မြေသိမ်းပေးရန် အဆိုပြုသူက အသင့်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက၊ မြေသိမ်းဆည်းခံရသူများနှင့် ညှိနှိုင်းဆုံးဖြတ်သည့် ယာယီနေထိုင်ရပ်တည်မှုအတွက် ယင်းမှ ကျခံသည့် စရိတ်ဖြင့် ဆောင်ရွက်ပေးစေရမည်။
၄၆။ ပုဒ်မ ၄၃ အရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီတို့သည် ပုဒ်မ ၄၂ ပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် မြေသိမ်းဆည်း ရေးအကောင်အထည်ဖော်မှုအဖွဲ့မှ ကြိုတင်ညှိနှိုင်း သဘောတူချက်မရှိထားသည့် လုပ်ငန်းစဉ်များ အပေါ် အစိုးရအဖွဲ့မှ ဆောင်ရွက်ရမည့်ကိစ္စရပ်နှင့် မြေသိမ်းယူသည့်ဌာနအဖွဲ့အစည်းမှ ဆောင်ရွက်ရ မည့် ကိစ္စရပ်များကို ခွဲခြားတာဝန်ပေးအပ်ခွင့်ရှိသည်။
၄၇။ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီတို့သည် ပြန်လည်နေရာချထားသည့် နေရာသို့ ပြောင်းရွှေ့နေရာချထားခြင်းကြောင့် ယင်းနေရာရှိ မူလဒေသ ခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ လူမှုရေးဘဝများ၊ သဘာဝပတ်ဝန်းကျင်တို့ ထိခိုက်မှု များ မဖြစ်ပေါ်စေရန် ဖြေရှင်းဆောင်ရွက်ပေးရမည်။
၄၈။ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီတို့သည် ပြန်လည်နေရာချထားမှုကြောင့် အမျိုးသမီးများ၊ ကလေးများ၊ တိုင်းရင်းသား လူနည်းစုများနှင့် ဓလေ့ထုံးစံအရ ပိုင်ဆိုင်ခွင့်ရှိသူများ အပါအဝင် ထိခိုက်နစ်နာ လွယ်သူများအား ထိခိုက်နိုင်သည့် အခြေအနေကို အထူးဂရုပြု ကြပ်မတ်ရမည်။
အခန်း (၈)
အဆောတလျင် မြေသိမ်းခြင်း
၄၉ ။ အောက်ဖော်ပြပါအခြေအနေများနှင့် စပ်ဆိုင်သည့်မြေသိမ်းရန်လိုအပ်သည့်ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရ၏ မြေကိုသိမ်းယူရန် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးနောက် တစ်ဆယ့်ငါးရက် ကုန်လွန်ပါက၊ မြေသိမ်း လျော်ကြေးငွေနှင့် နစ်နာကြေးများ ဆောင်ရွက်မှု မရှိသေးစေကာမူ အများ ပြည်သူအတွက် မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သည် မြေကို အဆောတလျင် လက်ရောက်သိမ်းယူခြင်းပြုနိုင်သည်-
(က) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကိစ္စရပ်များတွင် အရေးပေါ်အခြေအနေအရ နေရာ ချထား ဆောင်ရွက်ရန် လိုအပ်ခြင်း၊
(ခ) ကူးသန်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ရုတ်တရက် ပြောင်းလဲမှု အခြေအနေနှင့် ကြိုတင်မမျှော်မှန်းနိုင်သည့် အခြေအနေကြောင့် မြေတစ်ရပ်ရပ်ကို လိုအပ်ခြင်း၊
(ဂ) အများပြည်သူ ကူးသန်းရောင်းဝယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ် ကြောင့် မြေတစ်ရပ်ရပ်ကို လိုအပ်ခြင်း၊
(ဃ) တောင်ပြိုမှု၊ ရေလွှမ်းမိုးမှု၊ လေမုန်တိုင်းတိုက်ခတ်မှု အစရှိသည့် သဘာဝဘေး အန္တရာယ်များ ကျရောက်နိုင်မည့် အခြေအနေတွင် အများပြည်သူ ပြောင်းရွှေ့နေရာချ ထားပေးရန်လိုအပ်ခြင်း၊
(င) ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ အရေးပေါ် နေရာချ ထားရေးဆောင်ရွက်ရန် လိုအပ်ခြင်း။
၅၀။ အဆောတလျင် သိမ်းဆည်းမှုပြုရာတွင် သိမ်းယူမည့်မြေများနှင့် စပ်လျဉ်း၍ အောက်ပါမြေ များကို ဦးစားပေး စိစစ်သိမ်းယူရမည်-
(က) ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ကိစ္စရပ်များအတွက် ကြိုတင်လျာထား သတ်မှတ်ထားသည့် မြေများ၊
(ခ) သိမ်းယူမှုသည် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာမှုအနည်းဆုံး ဖြစ်ပေါ်စေ နိုင်သည့် မြေများ၊
(ဂ) တစ်စုံတစ်ဦးအနေဖြင့် လက်ဝယ်ထားပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိနေသော်လည်း အသုံးချမှု တစ်စုံတစ်ရာ မရှိသေးသည့်မြေများ။
၅၁။ သိမ်းယူမည့်မြေနှင့်စပ်လျဉ်း၍ အကျိုးစီးပွားသက်ဆိုင်သူသို့ အနည်းဆုံး လေးဆယ့်ရှစ်နာရီ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ၊ မြေပေါ်သို့ ဝင်ရောက်ခြင်း၊ လက်ရောက်သိမ်းယူခြင်း မပြုရ။
၅၂။ (က) အဆောတလျင် သိမ်းယူမှုအတွက် လျော်ကြေးနှင့် နစ်နာကြေးများကို အချိန်မီ ဆောင်ရွက် ထုတ်ပေးနိုင်မှု မရှိခဲ့သော်လည်း၊ သိမ်းယူပြီးနောက်တွင် ပုံမှန်သိမ်းယူမှု များတွင်ကဲ့သို့ လျော်ကြေးနှင့် နစ်နာကြေးများကို ပြန်လည်တွက်ချက် ထုတ်ပေးရ မည့်အပြင်၊ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေးထူထောင်ပေးရေး လုပ်ငန်း စဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးရမည်၊
(ခ) အဆောတလျင်သိမ်းဆည်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ပေါ်ပေါက်ပါက ယင်းအတွက် လျော်ကြေးသီးခြားပေးချေရမည်။
အခန်း (၉)
ယာယီ မြေသိမ်းခြင်း
၅၃။ ယာယီမြေသိမ်းဆည်းခြင်းကို အောက်ပါကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည် -
(က) နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့် စစ်ဆင်ရေးများအတွက် ယာယီအသုံးပြုရန် လိုအပ်သည့် ကိစ္စရပ်များ၊
(ခ) နိုင်ငံတော်၏ စီမံကိန်းတစ်ရပ်ရပ်အတွက် စီမံကိန်းကာလအတွင်းသာ ယာယီအသုံးပြု ရန် လိုအပ်သည့် ကိစ္စရပ်များ၊
(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်တွင်းပြည်ပ ပုဂ္ဂလိက၊ ကုမ္ပဏီများသို့ စီမံကိန်း တစ်ရပ်ရပ်ကို နည်းလမ်းတစ်ရပ်ရပ်အရ ချထားဆောင်ရွက်စေရာတွင် စီမံကိန်း ကာလအတွင်းသာ ယာယီ လိုအပ်မည့် ကိစ္စရပ်များ၊
(ဃ) ပြည်ထောင်စုအစိုးရအဖွဲ့က ယာယီအသုံးပြုရန်လိုအပ်သည့် ကိစ္စရပ်များ။
၅၄။ ယာယီမြေသိမ်းခြင်းကာလကို အများဆုံး သုံးနှစ်အထိသာ ခွင့်ပြုရမည်။
၅၅။ ယာယီမြေသိမ်းခြင်းအတွက် အောက်ပါမြေများကို ဦးစားပေး စိစစ်သိမ်းယူရမည်-
(က) တစ်စုံတစ်ဦးအနေဖြင့် လက်ဝယ်ထားပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိနေသော်လည်း အသုံးချမှု တစ်စုံတစ်ရာ မရှိသေးသည့်မြေများ၊
(ခ) သိမ်းယူမှုသည် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်ပေါ် စေနိုင်သည့် မြေများ။
၅၆။ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သည် မြေတွင် အကျိုးစီးပွားသက်ဆိုင်သူ များထံသို့ မည်သည့်မြေများကို မည်သည့်ကာလအပိုင်းအခြားအထိ မည်သည့်ကိစ္စရပ်အလို့ငှာ ယာယီသိမ်းယူမည်ဖြစ်ကြောင်းအမိန့် ကြော်ငြာစာနှင့် အသိပေးအကြောင်းကြားစာကို ရေးသား ထုတ်ပြန်ပြီးနောက်၊ ယာယီသိမ်းယူသည့်ကာလအတွက် ပေးအပ်ရမည့် လျော်ကြေး၊ နစ်နာကြေးနှင့် သတ်မှတ် အခကြေးငွေတို့ကို မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများနှင့် ညှိနှိုင်းသဘောတူညီချက် ရယူရမည်။
၅၇။ ယာယီမြေသိမ်းခြင်းများတွင် မြေသိမ်းယူမှု အကောင်အထည် ဖော်ဆောင်ရွက်ရေးအဖွဲ့နှင့် မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများအကြား လျော်ကြေး၊ နစ်နာကြေးတို့နှင့်စပ်လျဉ်း၍ သဘောထား ကွဲလွဲမှု ပေါ်ပေါက်သည့်အခါ၊ မြေတွင် အကျိုးစီးပွားသက်ဆိုင်သူက တောင်းဆိုပါက ယင်းကွဲလွဲမှု အပေါ် အဆုံးအဖြတ်ပေးရန် မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့က တရားရုံး သို့ လွှဲအပ်ကာ တရားရုံး၏ အဆုံးအဖြတ်ကို ခံယူရမည်။
၅၈။ ယာယီသိမ်းဆည်းမှု ကာလလွန်မြောက်ပြီးနောက် မြေကို ပြန်လည်အပ်နှံချိန်တွင်လည်း အသုံးပြုမှုကြောင့် မြေတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါက မြေတွင် အကျိုးစီးပွားသက်ဆိုင်သူနှင့် ညှိနှိုင်းသဘောတူညီချက်ဖြင့် ပေးလျော်ရမည်။
အခန်း(၁၀)
သိမ်းယူလွှဲပြောင်းပေးခဲ့သည့်မြေများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းခြင်း
၅၉ ။ မည်သည့်အဖွဲ့အစည်းမှ မည်သို့သော နည်းလမ်းဖြင့် သိမ်းယူခဲ့စေကာမူ အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ခဲ့လျှင် ယင်းမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ နိုင်ငံတော်မှ ပြန်လည်ရယူနိုင်သည်-
(က) သိမ်းယူထားသည့်မြေတွင် နိုင်ငံတော်အတွက် သမိုင်းတန်ဖိုးကြီးမြင့်သည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များတွေ့ရှိခြင်း၊
(ခ) ဓာတ်သတ္တုနှင့်ကျောက်မျက်ရတနာ တူးဖော်ရန်အလို့ငှာ မဟုတ်မူဘဲ အခြားရည်ရွယ် ချက်ဖြင့် သိမ်းဆည်းမြေတွင် အဖိုးတန် သယံဇာတနှင့် ကြွယ်ဝသတ္တုသိုက်များ တွေ့ရှိခြင်း၊
(ဂ) မူလကတိကဝတ် အာမခံချက်ပြုထားသည့်အတိုင်း လူမှုစီးပွားရေးထိခိုက်နစ်နာစေမှု ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု တားဆီးကာကွယ်ရေး အစီအမံ များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေး ထိခိုက်စေမှုများ ဖြစ်ပေါ်ခြင်း၊ လူမှုစီးပွားရေး အခြေအနေများ ယိုယွင်းထိခိုက်နစ်နာ စေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်များ ထိခိုက်ပျက်စီးစေခြင်း၊
(ဃ) မူလရည်ရွယ်သည့်အတိုင်း စီမံကိန်းသတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိခြင်း၊
(င) လျာထားချက်အတိုင်း အသုံးမပြုခြင်း သို့တည်းမဟုတ် အသုံးပြုရန် မလိုအပ်တော့ ခြင်း၊
(စ) အသုံးပြုရန် လိုအပ်သည်ထက် ပိုမိုရယူထားကြောင်း စိစစ်တွေ့ရှိခြင်း၊
(ဆ) ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ရေးများကို သဘောတူညီထားသည့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပေးမှုမရှိခြင်းနှင့် ပျက်ကွက် ခြင်း၊
(ဇ) ပြည်ထောင်စုအစိုးရအဖွဲ့မှ အကြောင်းခြင်းရာတစ်ရပ်ရပ်ကြောင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မြေသိမ်းမိန့်ကို ပြန်လည်ဖျက်သိမ်းခြင်း။
၆၀။ အထက် ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဂ) မှ (ဆ) အထိကိစ္စရပ်များအတွက် နိုင်ငံတော်အနေဖြင့် ပြန်လည်သိမ်းယူခြင်းဖြစ်ပါက မြေသိမ်းမှု ကုန်ကျစရိတ်အရပ်ရပ်ကို ပြန်လည်တောင်းခံပိုင်ခွင့် မရှိစေရ။
၆၁။ အများပြည်သူအတွက် ရည်ရွယ်၍ လုပ်ငန်းတစ်ရပ်ရပ်ဆောင်ရွက်ရန် မြေသိမ်းယူခဲ့သော အစိုးရအဖွဲ့အစည်း၊ ဌာန၊ အသင်းအဖွဲ့များသည် သိမ်းယူခဲ့သောမြေကို အသုံးမပြုတော့လျှင်ဖြစ်စေ၊ သို့တည်းမဟုတ် အသုံးမလိုတော့လျှင်ဖြစ်စေ၊ သို့တည်းမဟုတ် ဆက်လက်အသုံးပြုရန် အကြောင်း မရှိတော့လျှင်ဖြစ်စေ၊ နိုင်ငံတော်သို့ စနစ်တကျပြန်လည်အပ်နှံရမည်။ ယင်းသို့ ပြန်လည်အပ်နှံမှုကို အကြောင်းပြု၍ နိုင်ငံတော်ထံမှ တစ်စုံတစ်ရာတောင်းဆိုပိုင်ခွင့် မရှိစေရ။
အခန်း (၁၁)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၆၂။ မည်သူမဆို မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ကသော်လည်းကောင်း၊ ယင်းက တာဝန်လွှဲအပ်ခြင်းခံရသူများကသော်လည်းကောင်း ဥပဒေနှင့်အညီ ဆောင်ရွက်မှုများအား ဟန့်တားခြင်းကို ဖြစ်စေ၊ နှောင့်ယှက်ခြင်းကိုဖြစ်စေ၊ ပိတ်ပင်တားဆီးခြင်းကိုဖြစ်စေ ပြုလုပ်သူ သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ငါးသောင်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
၆၃။ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့တွင် တာဝန်ရှိသူ သို့မဟုတ် ယင်း အဖွဲ့က တာဝန်ပေးအပ်ခံရသူသည် ဤမြေသိမ်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်သည့် ဆောင်ရွက်ချက်များကို မရိုးဖြောင့်သော ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
၆၄။ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့သို့ ဖြစ်စေ၊ ယင်းကတာဝန်ပေး အပ်သူသို့ဖြစ်စေ သက်သေခံအထောက်အထားများ တင်ပြရာတွင် မမှန်သက်သေခံချက်များတင်ပြ လျှင်သော်လည်းကောင်း၊ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့ဝင်တစ်ဦးဦး အနေဖြင့် အဖွဲ့သို့ မမှန်ကန်သော သက်သေခံချက်များကို မမှန်ကန်ကြောင်းသိရှိပါလျှက် တင်ပြလျှင် သော်လည်းကောင်း၊ မြေသိမ်းယူမှု အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသို့ မမှန်ကန်သော သက်သေခံချက် များကို မမှန်ကန်ကြောင်း သိရှိပါလျက် တင်ပြလျှင်သော်လည်းကောင်း၊ ထိုကဲ့သို့ ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
၆၅။ မြေသိမ်းခြင်းဆောင်ရွက်မှုအရ မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများနှင့်ထိခိုက်နစ်နာသူ မိသားစုများအတွက် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားရေးဘဝ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်ပေးရန် တာဝန်ခံ ဆောင်ရွက်သူ သို့မဟုတ် ထပ်ဆင့် တာဝန်ပေးအပ်ခံရသူ မည်သူမဆို ဆောင်ရွက်ပေးသည့် လုပ်ငန်းမှ မသမာသည့် နည်းလမ်းဖြင့် ကိုယ်ကျိုးစီးပွား ရှာခဲ့လျှင်ဖြစ်စေ၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်း မပြည့်မီစွာ ဆောင်ရွက်လျှင် ဖြစ်စေ၊ ထိုသို့ဖြစ်ပေါ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ တစ်ဆယ်သိန်း ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်။
၆၆။ အများအတွက် မြေသိမ်းခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအရပ်ရပ်တွင်၊ လုပ်ငန်းစဉ်များ ထိခိုက်ပျက်ပြားစေရန် မိမိသဘောအလျောက် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှုများ ပြုလုပ်သူ၊ သို့တည်းမဟုတ် သိမ်းယူလက်ခံခဲ့သည့် မြေအား ရည်ရွယ်သည့်အတိုင်း အသုံးမပြုလျှင်ဖြစ်စေ၊ အသုံးမလိုတော့လျှင်ဖြစ်စေ၊ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည့်အစား အခွင့်အမိန့်မရရှိဘဲ အခြား သူများသို့ တစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း ဆောင်ရွက်ခဲ့သည့် မည်သူမဆို ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
အခန်း(၁၂)
အထွေထွေ
၆၇။ မြေသိမ်းအက်ဥပဒေ (The Land Acquisition Act, 1894) အရ ဆောင်ရွက်နေဆဲ ဖြစ်သော မြေသိမ်းမှုများနှင့် စပ်လျဉ်း၍ ဤဥပဒေအတည်ပြုသည့်နေ့မှစ၍ ခြောက်လအတွင်း ပြီးပြတ်သည်အထိ ယင်းအက်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အမြန်ဆောင်ရွက်ရမည်။
၆၈ ။ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ (The Land Acquisition Act, 1894) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ အမိန့်ဆင့်ဆိုချက်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဤဥပဒေ အရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် မဆန့်ကျင်သရွေ့ ဆက်လက် ကျင့်သုံးနိုင်သည်။
၆၉။ မြေသိမ်းရန် အဆိုပြုလွှာတွင် ပူးတွဲပါဝင်ရန် ပုဒ်မ ၈ အရ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရသည် မြေသိမ်းယူမည့်အကြောင်းအရာအပေါ်မူတည်၍ ခြွင်းချက်ပြုရန် အချက်များကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်နိုင်သည်။
၇၀။ မြေသိမ်းယူခဲ့သည့် ဌာန၊ အဖွဲ့အစည်းများသည် သိမ်းယူခဲ့သော မြေအား သိမ်းယူသည့် ရည်ရွယ်ချက်အတိုင်း အသုံးပြုရန် မလိုအပ်တော့သည်ဖြစ်စေ၊ အသုံးမပြုတော့လျှင်ဖြစ်စေ၊ နိုင်ငံတော် သို့ ပြန်လည်အပ်နှံမှု မပြုခြင်း၊ သက်ဆိုင်ရာခွင့်ပြုပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်မရရှိဘဲ အခြားဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများသို့ မိမိသဘောအလျှောက်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း ပြုလုပ်ခဲ့ပါက အခန်း (၁၁) ပါ ပြစ်မှုပြစ်ဒဏ်များနှင့်အညီ တာဝန်ရှိသူအား ထိရောက် စွာ အပြစ်ပေးအရေးယူရမည်။
၇၁။ ဤမြေသိမ်းဥပဒေဖြင့် သိမ်းယူခြင်းမဟုတ်ဘဲ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မြေကို ရယူ အသုံးပြုခြင်းကြောင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများ ရှိခဲ့ပါကလည်း ဤဥပဒေပါ လျော်ကြေး၊ နစ်နာကြေး၊ ပြန်လည်နေရာချထားမှုနှင့် လူမှုစီးပွားရေးဘဝ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ် များအတိုင်း ကျင့်သုံးဆောင်ရွက်ရမည်။
၇၂။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
(ခ) ဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၇၃။ ဤဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ (The Land Acquisition Act, 1894) သည် အာဏာတည်ခြင်းမှ ရပ်စဲစေရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်