၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ။)
၁၃၇၈ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က) ကျောက်မျက်ရတနာ ဆိုသည်မှာ ပတ္တမြား၊ နီလာ၊ ကျောက် စိမ်း၊ စိန်၊ ပန်းညံ့၊ ပြောင်ခေါင်းစိမ်း၊ သုံးပန်လှမျိုးကျောက်၊ ဖရဲအူ၊ ရွှေတွင်းဝါ၊ မြမျိုးကျောက်၊ ဂေါ်မိတ်၊ ထပ်တစ်ရာ၊ သလင်းတူကျောက်၊ ဥဒေါင်၊ မျော၊ အညံ့နီလာ၊ နဂါးသွဲ့၊ ကြံဆစ်ရေကျောက်၊ ပါလဒုတ္ထာ၊ မြတူကျောက်၊ ပယင်း၊ ဓာတ်ရောင်ပြန်ကျောက် (Fluoride)၊ နက်ဖရိုက်၊ မှော်စစ်စစ်၊ ပလွမ်၊ ထပ် ကျောက်၊ ထပ်ကွာစိမ်း၊ မိုးညှင်းနီလာ၊ ရေဂေါ်မိတ်၊ သန္တာ၊ ပိန်းနိုက်၊ သူရောင်၊ ဆာပင်တင်း၊ ငုပဆစ်၊ ဆိုဒါလိုက် သို့မဟုတ် အမ်ဖီဗိုး အုပ်စုဝင်ကျောက်များကိုဆိုသည်။ ယင်း စကားရပ်တွင် ရတနာတန်းဝင် ရောင်စုံကျောက်များ၊ သလင်းအုပ်စု၌ပါဝင်သော ရတနာ တန်းဝင် ကျောက်များနှင့် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ စာထုတ်ပြန်၍ ကျောက်မျက်ရတနာဟု သတ်မှတ်သည့် ပစ္စည်းများလည်း ပါဝင်သည်။
(ခ) ကျောက်မျက်ရတနာထုတ်လုပ်ခြင်း ဆိုသည်မှာ သဘာဝ အတိုင်းရှိနေသော ကျောက်မျက်ရတနာအရိုင်းကို ရရှိရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ် အဆင့်ဆင့် ကို ဆိုသည်။
(ဂ) ကျောက်မျက်ရတနာအရိုင်း ဆိုသည်မှာ တူးဖော်ထုတ်လုပ် ရရှိသော ကျောက်မျက် ရတနာ အရိုင်းတုံးများ၊ ခွဲစိတ်ဖြတ်တောက်ထားသော၊ ခွဲစိတ်ပြီး ပွတ်ချော ထားသော၊ ထုခွဲထားသော ကျောက်မျက်ရတနာ အရိုင်းတုံးများနှင့် အပိုင်းအစ များကို ဆိုသည်။
(ဃ) ကျောက်မျက်ရတနာအချောထည် ဆိုသည်မှာ ကျောက်မျက်ရတနာ အရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်း၊ အရောင်တင်ခြင်း၊ ပုံဖော်ခြင်းနှင့် ရုပ်တုရုပ်ထွင်း ပြုလုပ်ခြင်း စသည်ဖြင့် ဆင့်တက်ပြုပြင်ခြင်းတို့ ပြုလုပ်ထားသည့် လက်ဝတ် ရတနာ မပြုလုပ်ရသေးသော ကျောက်မျက်ရတနာကို ဆိုသည်။
(င) လက်ဝတ်ရတနာ ဆိုသည်မှာ ကျောက်မျက်ရတနာအချော ထည်ပါရှိသည့် လက်ဝတ်ရတနာကို ဆိုသည်။
(စ) ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်း ဆိုသည်မှာ ကျောက်မျက်ရတနာကို အသုံးပြု၍ ပြုလုပ်ထားသောပစ္စည်း သို့မဟုတ် ကျောက်မျက်ရတနာ ပါဝင် သောပစ္စည်းကို ဆိုသည်။
(ဆ) လက်ဝတ်ရတနာ ပြုလုပ်ခြင်း ဆိုသည်မှာ ကျောက်မျက် ရတနာအချောထည်ကို လက်ဝတ်ရတနာပြုလုပ်ရန် ဆောင်ရွက်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆိုသည်။
(ဇ) ခွင့်ပြုမိန့် ဆိုသည်မှာ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင် နိုင်ရန် ဤဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ကိုဆိုသည်။
(ဈ) လိုင်စင် ဆိုသည်မှာ ကျောက်မျက်ရတနာအရိုင်းကို ဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ် ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် သော်လည်းကောင်း၊ ကျောက်မျက်ရတနာ အရိုင်းကို ကျောက်မျက်ရတနာ အချောထည် ပြုလုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်နိုင်ရန်သော်လည်းကောင်း ဤဥပဒေ အရ ထုတ်ပေးသည့် လိုင်စင်ကို ဆိုသည်။
(ည) ရတနာခွန် ဆိုသည်မှာ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းမှ ထွက်ရှိလာသော ကျောက်မျက်ရတနာအရိုင်းများအပေါ် ဤဥပဒေအရ ကောက်ခံသည့် အခွန်ကို ဆိုသည်။
(ဋ) ဝန်ဆောင်ခ ဆိုသည်မှာ ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် လိုင်စင် ရရှိသူက ရတနာခွန် ပေးဆောင်ပြီးသည့် ကျောက်မျက်ရတနာ အရိုင်းကိုဖြစ်စေ၊ ကျောက်မျက် ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာ သို့မဟုတ် ကျောက်မျက်ရတနာ ဖြင့် ပြုလုပ်သောပစ္စည်းကိုဖြစ်စေ ပြည်ထောင်စုအစိုးရက ကြီးမှူးကျင်းပသော ကျောက်မျက်ရတနာပြပွဲများတွင် မြန်မာ ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားသုံးငွေဖြင့် တင်ပြရောင်းချခြင်း၊ ဝန်ကြီးဌာနက စီစဉ်ပေးသောနေရာများတွင် ရောင်းချ ခြင်းတို့၌ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ဆောင်ရွက် ရသည့် လုပ်ငန်းများအတွက် ဤဥပဒေ နှင့်အညီ ကောက်ခံသည့် ဝန်ဆောင်ခကို ဆိုသည်။
(ဌ) ကုမ္ပဏီ ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ မြန်မာကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသော ကုမ္ပဏီ သို့မဟုတ် ၁၉၅၀ ပြည့်နှစ်၊ အထူးကုမ္ပဏီ အက်ဥပဒေအရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားများသာ ပါဝင်သော ကုမ္ပဏီ ကို ဆိုသည်။
(ဍ) အသင်း ဆိုသည်မှာ သမဝါယမအသင်းဥပဒေအရ မှတ်ပုံတင်ထားသော အခြေခံ သမဝါယမအသင်း၊ သမဝါယမ အသင်းစု၊ သမဝါယမအသင်းစုချုပ်၊ သို့မဟုတ် ဗဟိုသမဝါ ယမအသင်းကို ဆိုသည်။
(ဎ) အလတ်စားတူးဖော်ထုတ်လုပ်ခြင်း ဆိုသည်မှာ ကျောက်မျက်ရတနာဖြစ်ထွန်းမှု ပမာဏ အသင့်အတင့်ရှိ၍ စီးပွားဖြစ် ထုတ်လုပ်ရန် ဖြစ်မြောက်နိုင်စွမ်းရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန် သတ်မှတ် ထားသည့် ရတနာနယ်မြေအတွင်း ၅ ဧက ထက် မပိုသော လုပ်ကွက် အကျယ်အဝန်း၊ တူးဖော်မည့် နည်းစနစ်၊ သုံးစွဲရမည့် စက်ယန္တရား စသည်တို့ပါဝင်သော ၃ နှစ်အထိ ကျောက်မျက် ရတနာ တူးဖော် ထုတ်လုပ်ခြင်းကို ဆိုသည်။
(ဏ) အသေးစားတူးဖော်ထုတ်လုပ်ခြင်း ဆိုသည်မှာ ကျောက်မျက် ရတနာဖြစ်ထွန်းမှု ပမာဏနည်းပါး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်မများသည့် စီးပွားရေး လုပ်ငန်းအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာန က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထား သည့် ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေပြင်ပ ဧရိယာအတွင်း လုပ်ကွက်အကျယ်အဝန်း၊ တူးဖော်မည့် နည်းစနစ်၊ သုံးစွဲရမည့်စက်ယန္တရား စသည်တို့ပါဝင်သော ၂ နှစ်အထိ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း ကို ဆိုသည်။
(တ) လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခြင်း ဆိုသည်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်အရ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ဝန်ကြီးဌာန က သတ်မှတ်ထား သည့် ရတနာနယ်မြေ သို့မဟုတ် ရတနာ နယ်မြေ ပြင်ပဧရိယာအတွင်း သာမန် လက်သုံးကိရိယာများ ကိုဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ များဖြင့် သတ်မှတ်သော မြင်းကောင်ရေအားထက် မပိုသည့် စက်ကိရိယာ ကိုဖြစ်စေ အသုံးပြု၍ တစ်နှစ်အထိ ကျောက် မျက်ရတနာ တူးဖော် ထုတ်လုပ် ခြင်းကို ဆိုသည်။
(ထ) လစ်လပ်လုပ်ကွက် ဆိုသည်မှာ ကျောက်မျက်ရတနာ တူးဖော်ရန် ခွင့်ပြု ထားသော ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံးပြီးနောက် ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန် လျှောက်ထားခြင်းမရှိသော လုပ်ကွက်ကို ဆိုသည်။
(ဒ) မြေအသုံးပြုခွင့်ပြုမိန့် ဆိုသည်မှာ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းဆိုင်ရာ ယာယီအဆောက်အအုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် တဲ၊ တန်းလျား များ ဆောက်လုပ်ရေးအတွက်လည်းကောင်း၊ ယာဉ်၊ စက်ယန္တရား၊ ထုတ်လုပ်ပြီး ကျောက်ရိုင်းများနှင့် ဖြုန်းများထားရှိရေးအတွက် လည်းကောင်း၊ မြေစာ ဆေးကြောရေး၊ ကျောက်ထုခွဲရေးနှင့် မြေစာပစ်ရေး တို့အတွက် လည်းကောင်း လုပ်ငန်းသုံးနေရာ တစ်ခုခုကို အသုံးပြုခွင့်အတွက် ထုတ်ပေးထားသော ခွင့်ပြုချက်ကို ဆိုသည်။
(ဓ) ခွင့်ပြုမိန့်ရရှိသူ ဆိုသည်မှာ ကျောက်မျက်ရတနာထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင် ရန် ခွင့်ပြုမိန့်ရရှိသူကို ဆိုသည်။
(န) လိုင်စင်ရရှိသူ ဆိုသည်မှာ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဈ) ပါလိုင်စင် အဓိပ္ပာယ် ဖွင့်ဆိုချက် ပါ လုပ်ငန်းတစ်ရပ်ရပ်အတွက် ဤဥပဒေအရ ထုတ်ပေးသည့် လိုင်စင် ရရှိသူကို ဆိုသည်။
(ပ) အသင်းချုပ် ဆိုသည်မှာ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် ကို ဆိုသည်။
(ဖ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကို ဆိုလိုသည်။
(ဗ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော ကျောက်မျက်ရတနာ ကြီးကြပ်ရေးဗဟိုကော်မတီကို ဆိုသည်။
(ဘ) တန်ဖိုးဖြတ်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ကျောက်မျက်ရတနာ တန်ဖိုးဖြတ်အဖွဲ့ကို ဆိုသည်။
(မ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မြန်မာနိုင်ငံမှထွက်ရှိသော ကျောက်မျက်ရတနာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် အတွင်း ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာခိုင်နှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုး တိုးတက်လာစေရန်၊
(ခ) ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း လုပ်ငန်းများကို ခွင့်ပြုမိန့်နှင့် လိုင်စင်ရရှိသူ များအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်၊
(ဂ) ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကို အချိန်အခါ မရွေး လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ကျောက်မျက်ရတနာဈေးများ ဖွင့်လှစ် ထားရှိရန်၊
(ဃ) ကျောက်မျက်ရတနာများကို ပြည်တွင်း၌ တရားမဝင် ထုတ်လုပ်ခြင်းများ ပပျောက်စေပြီး ပြည်ပသို့ တရားမဝင် ထုတ်ဆောင်ခြင်း၊ ရောင်းချခြင်းများကို ကာကွယ်တားဆီး နှိမ်နင်းရန်၊
(င) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက် စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် သုတေသနလုပ်ငန်းများ စီမံ ဆောင်ရွက်ရန်၊
(စ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်စေရန်နှင့် ကျောက်မျက်ရတနာ လုပ်ကွက်များ ပိတ်သိမ်းပြီးနောက် မြေယာပြုပြင်ခြင်းနှင့် ထူထောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်။
အခန်း(၃)
ရတနာနယ်မြေသတ်မှတ်ခြင်း
၄။ ဝန်ကြီးဌာနသည် -
(က) ကျောက်မျက်ရတနာကို စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း သတင်းရရှိသည့် သို့မဟုတ် ရှာဖွေတွေ့ရှိသည့် နယ်မြေကို ရတနာနယ်မြေအဖြစ် သတ်မှတ်ရန် ရှိသည့်အခါ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရတနာ နယ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း အများပြည်သူသိရှိရန် အမိန့် ကြော်ငြာစာ ထုတ်ပြန်ရမည်။
(ခ) ရတနာနယ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်သည့် သက်ဆိုင်ရာနယ်မြေတွင် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု၏ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံ ခွင့် သို့မဟုတ် လွှဲပြောင်းပိုင်ခွင့်နှင့် အခြားအခွင့်အရေးများနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ ရတနာနယ်မြေအဖြစ် သတ်မှတ်ပါက ထိခိုက်နစ်နာ ဆုံးရှုံးနိုင်ဖွယ်ရာ ရှိ မရှိနှင့် စပ်လျဉ်း၍ ဖြစ်စေ စုံစမ်းစစ်ဆေးပြီး သင့်လျော်သော အခွင့်အရေးများ၊ အကျိုးခံစားခွင့်များကို စိစစ်ဆောင်ရွက်ပေးနိုင်ရန်နှင့် နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ် ဆောင် ရွက်စေရမည်။
(ဂ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခု၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသောမြေကို ရတနာနယ်မြေအဖြစ် သတ်မှတ်လိုပါက ယင်းသို့ သတ်မှတ်ခြင်းမပြုမီ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတို့နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက် ရမည်။
(ဃ) ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ စိုက်ပျိုးလုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်းပိုင်ခွင့်ရှိသောမြေကို ရတနာနယ်မြေအဖြစ် သတ်မှတ်လိုပါက သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း၏ သဘော တူညီချက်ဖြင့် ထိုက်သင့်သော ကာလတန်ဖိုးပေး၍ ဝယ်ယူခြင်း၊ ဥပဒေ နှင့်အညီ လွှဲပြောင်းရယူခြင်း ပြုနိုင်သည်။
(င) ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) နှင့် (ဃ) တို့အရ ဆောင်ရွက်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရတနာနယ်မြေအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍သတ်မှတ်ရမည်။
(စ) ပုဒ်မခွဲ (င) အရ သတ်မှတ်သော ရတနာနယ်မြေအပေါ် ကျူးကျော်၍ ဆောက်လုပ်သည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် စက်ပစ္စည်း ကိရိယာ များကို သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက ဖယ်ရှားခြင်းမပြုလျှင် အဆိုပါ ပစ္စည်းများကို ဖျက်သိမ်းခြင်းနှင့် ဖယ်ရှားခြင်းပြုနိုင်သည်။ ထိုသို့ ပြု လုပ်ရာတွင် မည်သည့်နစ်နာ ဆုံးရှုံးမှုအတွက်ကိုမျှ ပေးလျော်ရန် တာဝန် မရှိ စေရ။
၅။ ရတနာနယ်မြေအဖြစ် သတ်မှတ်သည့် နယ်မြေတွင် မြို့ သို့မဟုတ် ကျေးရွာ လူနေအိမ် များ တိုးချဲ့ခြင်း၊ သာသနာ့နယ်မြေ သတ်မှတ်ခြင်း၊ စိုက်ပျိုးမြေ တိုးချဲ့ လုပ်ကိုင်ခြင်း၊ သစ်တော စိုက်ခင်းတိုးချဲ့ လုပ်ကိုင်ခြင်း၊ ရေတွင်း သို့မဟုတ် ရေကန် တူးဖော်ခြင်း၊ ဆည်မြောင်း တည်ဆောက်ခြင်းနှင့် အခြားစီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန် ရှိပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ခွင့်ပြုချက် ရယူဆောင်ရွက်ရမည်။
၆။ ဤဥပဒေမပြဋ္ဌာန်းမီက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော ရှိရင်းစွဲ ရတနာမြေ များသည် ဤဥပဒေအရ သတ်မှတ်ထားသည့် ရတနာနယ်မြေများဖြစ်သည်ဟု မှတ်ယူရမည်။
၇။ ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရတနာနယ်မြေ တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပြင်ဆင် သတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
၈။ တည်ဆဲဥပဒေအရ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်က စိုက်ပျိုး လုပ်ကိုင်ခွင့်၊ လက်ဝယ်ထားခွင့်၊ အသုံးပြုခွင့်၊ အကျိုးခံစားခွင့်၊ ဆက်ခံခွင့် သို့မဟုတ် လွှဲပြောင်း ပိုင်ခွင့်ရှိသောမြေ၏ အပေါ်ယံမြေဆီလွှာ တွင်ဖြစ်စေ၊ မြေဆီလွှာအောက်တွင်ဖြစ်စေ၊ နိုင်ငံတော် နယ်နိမိတ်အတွင်းရှိ မြေပေါ်၊ မြေအောက်၊ ရေအောက်ကြမ်းပြင်နှင့် ရေအောက် မြေထုတွင်ဖြစ်စေ သဘာဝအလျောက် တွေ့ရှိရသော ကျောက်မျက်ရတနာသည် နိုင်ငံတော်ပိုင် ဖြစ်သည်ဟု မှတ်ယူရမည်။
အခန်း(၄)
ကျောက်မျက်ရတနာလုပ်ကွက်သတ်မှတ်ခြင်း
၉။ ဝန်ကြီးဌာန သည် ကျောက်မျက် ရတနာထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုရန် အလို့ငှာ ရတနာနယ်မြေအတွင်း ကျောက်မျက် ရတနာတူးဖော်နိုင်သည့် နေရာများကို အလတ်စား တူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာလုပ်ကွက်များ အဖြစ် သတ်မှတ် ရမည်။
အခန်း(၅)
ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်
၁၀။ ဝန်ကြီးဌာနသည် -
(က) အလတ်စား တူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာ လုပ်ကွက် တစ်ခုချင်းအတွက် နေရာပေါ်မူတည်၍ သင့်လျော်သော အတည်ပြုချက် ဈေးနှုန်း ကို သတ်မှတ်ပေး ရမည်။ အကယ်၍ လုပ်ကွက်တစ်ခု အတွက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းခြင်းများ ပေါ်ပေါက်လာပါက လိုအပ် သော ရွေးချယ်မှု စည်းကမ်းချက်များ သတ်မှတ်ပေးရမည်။
(ခ) လုပ်ကွက် အတန်းအစားအလိုက် သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ခွင့်ပြုမိန့် ထုတ်ပေးရန် အဆိုပြုလွှာ ခေါ်ယူရမည်။
၁၁။ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လိုသည့် ကုမ္ပဏီသည် သင်းဖွဲ့မှတ်တမ်းအရလည်းကောင်း၊ အသင်းသည် အသင်း စည်းကမ်းအရလည်းကောင်း ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်ရှိရမည်။ ထို့ပြင် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်လည်း ညီညွတ်ရမည်။
၁၂။ ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော ကုမ္ပဏီ သို့မဟုတ် အသင်းသည် ဝန်ကြီးဌာန က အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာ လုပ်ကွက်များကို ဝင်ရောက်ယှဉ်ပြိုင်၍ အဆိုပြုလွှာ တင်ခွင့်ရှိသည်။
၁၃။ ဝန်ကြီးဌာန သည် အလတ်စား တူးဖော်ထုတ်လုပ်ခြင်းအတွက် ဤဥပဒေအရ ထုတ်ပြန် သည့် နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် ညီညွတ်၍ ရွေးချယ်အတည်ပြုထားသော အဆိုပြုလွှာ တင်သည့်ကုမ္ပဏီ သို့မဟုတ် အသင်းအား ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့် ပြုသည့် ခွင့်ပြုမိန့်ထုတ်ပေးရမည်။
၁၄။ ဝန်ကြီးဌာန သည် ခွင့်ပြုမိန့်ရရှိသူနှင့် အလတ်စား တူးဖော်ထုတ်လုပ်ခြင်းအတွက် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့်အညီ ထုတ်လုပ်မှုအပေါ် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ကုန်ကျစရိတ်များ အပါအဝင် ရာခိုင်နှုန်းဖြင့် ခွဲဝေ ခံစားသည့်စနစ် သို့မဟုတ် အကျိုးအမြတ်အပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် လုပ်ကိုင်ရမည်။
၁၅။ ဝန်ကြီးဌာနသည်-
(က) အလတ်စား တူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုသည့် ကျောက်မျက်ရတနာ လုပ်ကွက်များ၏ ခွင့်ပြုမိန့်သက်တမ်း ကုန်ဆုံးသည့်အခါ ဆက်လက်လုပ်ကိုင် လိုကြောင်း လျှောက်ထားလာပက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုကို စိစစ်သုံးသပ်ပြီး လုပ်ကိုင်ခွင့် သက်တမ်းကို တိုးမြှင့်ခွင့်ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ ခွင့်ပြုမိန့်သက်တမ်း တိုးမြှင့်ခွင့်ပြုသော အလတ်စား တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း ကျောက်မျက်ရတနာလုပ်ကွက် တစ်ခုချင်းအတွက် လိုအပ်ပါက စျေးနှုန်း ပြန်လည်သတ်မှတ်ပြီး ကျောက်မျက်ရတနာ ထုတ်လုပ် ခြင်း လုပ်ငန်း ဆက်လက် လုပ်ကိုင်ရန် ၃ နှစ်ထက် မပိုစေဘဲ သက်တမ်းတိုးမြှင့် ခွင့်ပြု မိန့်ထုတ်ပေးရမည်။
၁၆။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လုပ်ကွက်စိစစ် ချထားပေးရေးအဖွဲ့များကို ဖွဲ့စည်းပေး နိုင်သည်။
၁၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထား သော သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လုပ်ကွက် စိစစ်ချထား ပေးရေးအဖွဲ့သည် ရတနာနယ်မြေ သို့မဟုတ် ရတနာနယ်မြေ ပြင်ပဧရိယာ အတွင်း အသေးစားတူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စား တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ခွင့်ပြုမည့် နေရာဒေသများကို ဝန်ကြီး ဌာန၏ သဘောထားရယူပြီး လုပ်ကွက်ချထားပေးနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်ထားသည့် နေရာဒေသအတွင်းရှိ မြေတွင် အသေးစား တူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စား တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်လိုသူသည် ခွင့်ပြုမိန့်ထုတ်ပေးရန် သတ်မှတ် ချက်များနှင့် အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လုပ်ကွက် စိစစ်ချထားပေးရေး အဖွဲ့သို့ လျှောက်ထားရမည်။
၁၈။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ သည်-
(က) အသေးစားတူးဖော် ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စား တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုမိန့်ထုတ်ပေးရန် ပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ) အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ အသေးစား တူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုမိန့်သက်တမ်းနှင့် အတည်ပြုဈေးနှုန်းကို သတ်မှတ် ရမည်။ အကယ်၍ လုပ်ကွက်တစ်ခု အတွက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းခြင်း များ ပေါ်ပေါက်လာပါက လိုအပ်သော ရွေးချယ်မှု စည်းကမ်းချက်များ သတ်မှတ် ပေးရမည်။
(ခ) သတ်မှတ်ထားသောဈေးနှုန်းကို လျှောက်ထားသူက သတ်မှတ်ကာလအတွင်း ပေးသွင်းလျှင် ခွင့်ပြုမိန့် ထုတ်ပေးရမည်။
(ဂ) ခွင့်ပြုမိန့်သက်တမ်းကုန်ဆုံး၍ ခွင့်ပြုမိန့်သက်တမ်း တိုးမြှင့် ခွင့်ပြုသည့်အခါ အသေးစား တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း အတွက် ၂ နှစ်ထက်မပိုသော လုပ်ကိုင်ခွင့် သက်တမ်းနှင့် ဈေးနှုန်းတို့ကို ပြန်လည်သတ်မှတ်ရမည်။
(ဃ) လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူသည် သတ်မှတ်ထားသော ဈေးနှုန်းကို သတ်မှတ် ကာလအတွင်း ပေးသွင်းလျှင် ခွင့်ပြုမိန့်ထုတ်ပေးရမည်။
၁၉။ ဝန်ကြီးဌာနသည် ခွင့်ပြုမိန့်ရရှိသူက ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ရာတွင် အများသုံးမြေစာ ပစ်ရန်နေရာကို ရတနာနယ်မြေအတွင်း သတ်မှတ်ပေးရမည်။
၂၀။ (က) ခွင့်ပြုမိန့် ရရှိသူသည် ရတနာနယ်မြေတွင် မြေအသုံးပြုခွင့်ပြုမိန့် ရရှိရန်ဝန်ကြီး ဌာန သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။
(ခ) ဝန်ကြီးဌာနသည် -
(၁) ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ မြေအသုံးပြု ခွင့်ပြုမိန့် ထုတ်ပေးနိုင် သည်။
(၂) ပုဒ်မခွဲငယ် (၁) အရ မြေအသုံးပြုခွင့်ပြုမိန့် ထုတ်ပေးသည့် အခါခွင့်ပြုမိန့်ရရှိသော လုပ်ကွက်ပြင်ပရှိ လုပ်ငန်းသုံး နေရာ တစ်ခုခု အတွက် မြေအသုံးပြုခွင့်ပြုမိန့် သက်တမ်းနှင့် မြေငှားရမ်းခတို့ကို သတ်မှတ်ရမည်။
(၃) ပုဒ်မခွဲငယ် (၂) အရ သတ်မှတ်ပေးသည့် မြေအသုံးပြု ခွင့်ပြုမိန့် သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးမြှင့်ပေးနိုင်သည်။
အခန်း(၆)
ခွင့်ပြုမိန့်ရရှိသူ၏ တာဝန်နှင့် အခွင့်အရေးများ
၂၁။ ခွင့်ပြုမိန့်ရရှိသူသည် -
(က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်။
(ခ) ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြု ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) ထုတ်လုပ်ရရှိသည့် ကျောက်မျက်ရတနာ အရိုင်းများကို သက်ဆိုင်ရာ တန်ဖိုးဖြတ် အဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ ပြသ ၍ မှတ်ပုံတင်ရမည်။
(ဃ) ဤဥပဒေနှင့် အညီ ရတနာခွန်ပေးဆောင်ရမည်။
(င) ရရှိထားသောခွင့်ပြုမိန့်ကို တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းလုပ်ကိုင်စေခြင်းမပြုရ။
(စ) လုပ်ကိုင်ခွင့်ရရှိသည့် လုပ်ကွက်တစ်ခုချင်း အလိုက် ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်မှု၊ ရတနာခွန်ပေးဆောင်မှု၊ ရောင်းချမှုနှင့် ကျန်ရှိမှုကို ခွင့်ပြုမိန့်ထုတ်ပေးသည့် ဌာန သို့မဟုတ် အဖွဲ့အစည်းသို့ ၆ လတစ်ကြိမ် မပျက် မကွက် တင်ပြရမည်။
(ဆ) အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရမည်-
(၁) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းနှင့် စပ်လျဉ်း၍ ဝန်ထမ်းများ၊ အလုပ်သမားများ ခန့်ထားခြင်း၊ အလုပ်ခိုင်းစေခြင်း၊ အသက်၊ လုပ်ခ၊ လစာနှင့် အခြားအခကြေးငွေများ သတ်မှတ်ခြင်း၊
(၂) ကျောက်မျက်ရတနာထုတ်လုပ်ခြင်း နှင့် စပ်လျဉ်း၍ မြေပေါ်မြေအောက်၌ အလုပ်လုပ်ရက်နှင့် အလုပ်ချိန်နာရီများ သတ်မှတ်ခြင်း၊
(၃) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်း၌ ဘေးအန္တရာယ် ကင်းရှင်း ရန်နှင့် မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရန် စီမံဆောင်ရွက်ခြင်း၊
(၄) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်း မှ ဝန်ထမ်းများ၊ အလုပ်သမားများ၏ သက်သာချောင်ချိရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး နှင့် စည်းကမ်းထိန်းသိမ်းရေး တို့အတွက် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊
(၅) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ထိခိုက်ပျက်စီးမှုမရှိစေရန် စီမံဆောင်ရွက် ခြင်း၊
(၆) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်း၌ ဖြစ်ပွားသည့် မတော်တဆ ဖြစ်ပွားမှုများနှင့် ယင်းမတော်တဆ ဖြစ်ပွားမှုကြောင့် လူ့အသက် ဆုံးရှုံး ခြင်းနှင့် ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာ ရမှုများကို သတင်းပို့ အစီရင်ခံခြင်း၊
(၇) စစ်ဆေးရေး အရာရှိချုပ်နှင့် စစ်ဆေးရေး အရာရှိများ၏ စစ်ဆေးမှုကို ခံယူခြင်း။
၂၂။ ခွင့်ပြုမိန့်ရရှိသူသည် ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံတင်၍ ရတနာခွန် ထမ်းဆောင်ပြီးဖြစ်လျှင် တည်ဆဲဥပဒေများနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများပါ သတ်မှတ်ချက်များနှင့် အညီ -
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်း ထားသော ကျောက်မျက်ရတနာ ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို လိုက်နာ၍ ဖြတ်တောက်ခြင်း၊ သွေးခြင်း၊ အရောင်တင်ခြင်း၊ ပုံဖော်ခြင်းနှင့် ရုပ်တုရုပ်ထွင်း ပြုလုပ်ခြင်းတို့ကို ပြုလုပ်၍ အချောထည်ပြုလုပ်ခွင့်နှင့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းများ ပြုလုပ်ခွင့် ရှိသည်။
(ခ) ယင်းကျောက်မျက်ရတနာအရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်းနှင့် အရောင်တင်ခြင်း၊ ပုံဖော်ခြင်းနှင့် ရုပ်တုရုပ်ထွင်းတို့ ပြုလုပ်ပြီးသော ကျောက်မျက် ရတနာ အချောထည်ကို လက်ဝတ်ရတနာနှင့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းများ ပြုလုပ်ခွင့်ရှိသည်။
(ဂ) ယင်းကျောက်မျက်ရတနာအရိုင်းကို လည်းကောင်း၊ ဖြတ်တောက်ခြင်း၊ သွေး ခြင်း၊ အရောင်တင်ခြင်း၊ ပုံဖော်ခြင်းနှင့် ရုပ်တုရုပ်ထွင်းတို့ ပြုလုပ်ပြီးသော ကျောက်မျက် ရတနာ အချောထည်ကို လည်းကောင်း၊ လက်ဝတ်ရတနာကို လည်းကောင်း၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုလည်းကောင်း -
(၁) ပြည်တွင်း၌ လွတ်လပ်စွာ သယ်ယူခွင့်ရှိသည်။
(၂) ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသုံး ငွေဖြင့်ဖြစ်စေ လွတ်လပ်စွာ ရောင်းချခွင့်ရှိသည်။
(၃) ဝန်ကြီးဌာနက ခွင့်ပြုသည့် နယ်စပ်မြို့များတွင် ကုန်သွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီအသင်းချုပ်နှင့် မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့၏ ကြီးကြပ်မှုဖြင့် ကျောက်မျက်ရတနာ ပြပွဲများ ပြုလုပ်၍ ရောင်းချခွင့်ရှိသည်။
(၄) ပြည်ပသို့ နိုင်ငံခြားသုံးငွေဖြင့် တင်ပို့ရောင်းချခွင့် ရှိသည်။
(၅) ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ကျင်းပသော ကျောက်မျက်ရတနာ ပြပွဲများ တွင်လည်းကောင်း၊ ပုဂ္ဂလိကများက အခါအားလျော်စွာ ကျင်းပပြုလုပ်သော ပြည်တွင်း ကျောက်မျက်ရတနာ ပြပွဲများတွင် လည်းကောင်း၊ တရားဝင် ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာစျေးနှင့် လိုင်စင်အရ ခွင့်ပြုသည့် ဆိုင်ခန်းနေရာများတွင်လည်းကောင်း ရောင်းချခွင့် ရှိသည်။
(၆) ပြည်ပမှ ရတနာကုန်သည်များကို မိမိ အစီအစဉ်ဖြင့် ဖိတ်ခေါ်၍ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ရောင်းချခွင့်ရှိသည်။
(၇) ပြည်ပ ကျောက်မျက်ရတနာ ပြပွဲများတွင် သွားရောက် ရောင်းချခွင့်ရှိသည်။
၂၃။ ခွင့်ပြုမိန့်ရရှိသူသည် တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်သည့် ကျောက်မျက်ရတနာ တန်ဖိုးကို မကျေနပ်ပါက ပြင်ဆင်သတ်မှတ်ပေးရန် တန်ဖိုးသတ်မှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဗဟိုကော်မတီသို့ တင်ပြခွင့်ရှိသည်။
၂၄။ ခွင့်ပြုမိန့်ရရှိသူသည် ကျောက်မျက်ရတနာအချောထည် သို့မဟုတ် လက်ဝတ်ရတနာ ပြုလုပ်ရောင်းချရာ၌ အသုံးပြုရန် အမှန်တကယ်လိုအပ်သော ကုန်ကြမ်းပစ္စည်းနှင့် ထုတ်လုပ်မှုနှင့် ဆိုင်သော စက်ပစ္စည်းကိရိယာများကို အကောက်ခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ဖြင့် တင်သွင်းခွင့်ပြုရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ လျှောက်ထားခွင့်ရှိသည်။
အခန်း(၇)
ကျောက်မျက်ရတနာအရိုင်း၊ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်
၂၅။ မည်သူမဆို အောက်ပါ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုပါက လိုင်စင်ရရှိရန် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့်အညီ ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့ လျှောက်ထားရမည် -
(က) ကျောက်မျက်ရတနာ အရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကို ဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက် ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ရောင်းချခြင်းလုပ်ငန်း၊
(ခ) နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်မျက်ရတနာ အချောထည် ပြုလုပ် ခြင်း သို့မဟုတ် လက်ဝတ် ရတနာ ပြုလုပ်ခြင်း လုပ်ငန်း။
(ဂ) ကျောက်မျက်ရတနာ အရိုင်းကို ကျောက်မျက်ရတနာ အချောထည် ပြုလုပ်ခြင်း လုပ်ငန်း။
၂၆။ ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သည် -
(က) ပုဒ်မ ၂၅ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ လိုင်စင်ထုတ်ပေးရန် ခွင့်ပြု၍ လိုင်စင်ထုတ်ပေးပါက လိုင်စင်သက်တမ်း၊ လိုင်စင်ခ နှင့် စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။
၂၇။ လိုင်စင်ရရှိသူသည်-
(က) ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) လိုင်စင်စည်းကမ်းများကို လိုက်နာရမည်။
(ဂ) သတ်မှတ်ထားသော လိုင်စင်ခကို ပေးဆောင်ရမည်။
(ဃ) လိုင်စင်အမျိုးအစားအလိုက် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကျင်းပသော ကျောက်မျက် ရတနာပြပွဲ၊ ပုဂ္ဂလိကများက အခါအားလျော်စွာ ကျင်းပပြုလုပ်သော ပြည်တွင်း ကျောက်မျက်ရတနာပြပွဲများ၊ နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲများနှင့် တရားဝင် ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာစျေးနှင့် လိုင်စင်အရ ခွင့်ပြုသည့် ဆိုင်ခန်းနေရာများတွင်သာ ရောင်း ချရမည်။
(င) ရရှိထားသော လိုင်စင်ကို တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်း လုပ်ကိုင်စေခြင်းမပြုရ။
၂၈။ လိုင်စင်ရရှိသူသည် -
(က) ခွင့်ပြုမိန့်ရရှိသူက ရတနာခွန်ပေးဆောင်ပြီးသော ကျောက် မျက်ရတနာအရိုင်းကို ဝယ်ယူခွင့်၊ သယ်ယူခွင့်၊ လက်ဝယ် ထားရှိခွင့်၊ ကျောက်မျက်ရတနာ အချောထည် ပြုလုပ်ခွင့်၊ လက်ဝတ်ရတနာပြုလုပ်ခွင့်နှင့် ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်း ပြုလုပ်ခွင့်များရှိသည်။
(ခ) ပုဒ်မခွဲ (က) အရ ဝယ်ယူထားသည့် ကျောက်မျက်ရတနာ အရိုင်းကိုလည်းကောင်း၊ ပြုလုပ်ထားသော ကျောက်မျက်ရတနာ အချောထည်ကိုလည်းကောင်း၊ လက်ဝတ် ရတနာကို လည်းကောင်း၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကို လည်းကောင်း တည်ဆဲဥပဒေများနှင့် ဤဥပဒေ အရ ထုတ်ပြန်သည့် နည်းဥပဒေ ပါ သတ်မှတ်ချက်များနှင့်အညီ -
(၁) ပြည်တွင်း၌ လွတ်လပ်စွာ သယ်ယူခွင့်ရှိသည်။
(၂) ပြည်တွင်း၌ မြန်မာကျပ်ငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသုံး ငွေဖြင့်ဖြစ်စေ လွတ်လပ်စွာ ရောင်းချခွင့်ရှိသည်။
(၃) ပြည်ပသို့ နိုင်ငံခြားသုံးငွေဖြင့် တင်ပို့ရောင်းချခွင့် ရှိသည်။
အခန်း(၈)
တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၂၉။ ဝန်ကြီးဌာနသည်-
(က) ကျောက်မျက်ရတနာဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် အခြား သင့်လျော်သူများ ပါဝင်သော တန်ဖိုးဖြတ် အဖွဲ့များကို လိုအပ်သည့် နေရာဒေသ အလိုက် ဖွဲ့စည်းရမည်။
(ခ) တန်ဖိုးဖြတ်အဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၃၀။ အစိုးရဝန်ထမ်းမဟုတ်သော တန်ဖိုးဖြတ်အဖွဲ့ဝင်များသည် ဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ခံစားခွင့်ရှိသည်။
၃၁။ တန်ဖိုးဖြတ်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ် သည်-
(က) ခွင့်ပြုမိန့်ရရှိသူက ပုဒ်မ ၂၁ ပုဒ်မခွဲ (ဂ) အရ မိမိထံ ပြသသော ကျောက်မျက် ရတနာ အရိုင်းများ၏ အရည်အသွေး၊ အရေ အတွက်၊ အလေးချိန်နှင့် အရွယ်အစားတို့ကို သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ထားရှိခြင်း၊
(ခ) မှတ်ပုံတင်ထားပြီးသော ကျောက်မျက်ရတနာအရိုင်းကို သတ်မှတ်ချက်များနှင့် အညီ တန်ဖိုးသတ်မှတ်ခြင်း၊
(ဂ) ပုဒ်မခွဲ (ခ) အရ တန်ဖိုးသတ်မှတ်ချက်အပေါ် ရတနာခွန် ကောက်ခံနိုင်ရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဃ) ခွင့်ပြုမိန့်ရရှိသူက ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာ အရိုင်းများကို တန်ဖိုးဖြတ်အဖွဲ့သို့ ပြသမှတ်ပုံတင်ခြင်း မပြုဘဲ မသမာမှုပြုကြောင်း သတင်းရရှိ ပါက ဤဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခြင်း၊
(င) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန် များကို ထမ်းဆောင်ခြင်း။
အခန်း(၉)
ရတနာခွန် နှင့် ဝန်ဆောင်ခပေးဆောင်ခြင်း
၃၂။ ခွင့်ပြုမိန့်ရရှိသူသည် ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံတင် ပြီးနောက် တန်ဖိုးဖြတ် အဖွဲ့က ပုဒ်မ ၃၁ ပုဒ်မခွဲ (ခ) အရ သတ်မှတ်သော တန်ဖိုးအပေါ် အခြေပြု၍ အောက်ပါ ရာခိုင်နှုန်းအတိုင်း မြန်မာငွေဖြင့် ရတနာခွန် ပေးဆောင်ရမည် -
(က) ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန် ဖြစ်ပါက ၂၀ ရာခိုင်နှုန်း၊
(ခ) ပုဒ်မခွဲ (က) ပါ ကျောက်မျက်ရတနာများမှအပ အခြား ကျောက်မျက်ရတနာ ဖြစ်ပါက ၁၀ ရာခိုင်နှုန်း။
၃၃။ ခွင့်ပြုမိန့်ရရှိသူသည် ပုဒ်မ ၃၂ အရ ရတနာခွန်ပေး ဆောင်ပြီးသည့် ကျောက်မျက်ရတနာ အရိုင်းကို ဝန်ဆောင်ခပေးဆောင်ရမည့်နေရာတွင် ရောင်းချပါက အမှန်တကယ်ရောင်းချသည့် တန်ဖိုး၏ သုံးရာခိုင်နှုန်းကို ဝန်ဆောင်ခ အဖြစ် ပေးဆောင်ရမည်။
၃၄။ ခွင့်ပြုမိန့်ရရှိသူသည် ပုဒ်မ ၃၂ အရ ရတနာခွန် ပေးဆောင်ပြီးသည့် ကျောက်မျက်ရတနာ အရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်းပြုလုပ်ပြီးသော ကျောက်မျက်ရတနာ အချောထည် ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့်ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ဝန်ဆောင်ခပေးဆောင်ရမည့်နေရာတွင် ရောင်းချပါက အမှန်တကယ် ရောင်းချသည့်တန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ဝန်ဆောင်ခ ပေးဆောင်ရမည်။
၃၅။ လိုင်စင်ရရှိသူသည် ဤဥပဒေအရ ရတနာခွန် ပေးဆောင်ပြီးသော -
(က) ကျောက်မျက်ရတနာအရိုင်းကို ဝန်ဆောင်ခပေးဆောင်ရမည့်နေရာတွင် ရောင်းချ ပါက အမှန်တကယ် ရောင်းချသည့် တန်ဖိုး၏ သုံးရာခိုင်နှုန်းကို ဝန်ဆောင်ခ အဖြစ် ပေးဆောင်ရမည်၊
(ခ) ကျောက်မျက်ရတနာအရိုင်းကို ဖြတ်တောက်ခြင်း၊ သွေးခြင်း ပြုလုပ်ပြီးသော ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာ ကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ဝန်ဆောင်ခ ပေးဆောင် ရမည့်နေရာတွင် ရောင်းချပါက အမှန်တကယ် ရောင်းချသည့် တန်ဖိုး၏ တစ်ရာခိုင်နှုန်းကို ဝန်ဆောင်ခ အဖြစ် ပေးဆောင်ရမည်။
အခန်း(၁၀)
ကျောက်မျက်ရတနာ ကြီးကြပ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၃၆။ ဝန်ကြီးဌာနသည် -
(က) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တာဝန်ရှိသူများ၊ ကျောက်မျက်ရတနာဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ ပါဝင် သည့် ကျောက်မျက်ရတနာ ကြီးကြပ်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းရမည် ။
(ခ) ပုဒ်မခွဲ (က) အရဖွဲ့စည်းသော ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်း နိုင်သည်။
၃၇။ အစိုးရဝန်ထမ်း မဟုတ်သော ဗဟိုကော်မတီဝင်သည် ဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ခံစားခွင့်ရှိသည်။
၃၈။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မြန်မာနိုင်ငံမှထွက်ရှိသော ကျောက်မျက်ရတနာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် အတွင်း ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာခိုင်နှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံဖြိုး တိုးတက်လာစေရန်အတွက် ဆောင်ရွက်သင့်သည်များကို ဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊
(ခ) ရတနာနယ်မြေ သတ်မှတ်ခြင်း၊ ကျောက်မျက်ရတနာ လုပ်ကွက်အမျိုးအစား သတ်မှတ်ခြင်း၊ ကြမ်းခင်းဈေးနှုန်း သတ်မှတ်ခြင်း၊ ပုဒ်မ ၁၉ အရ အများသုံးမြေစာပစ်ရန် နေရာသတ်မှတ်ခြင်း၊ ပုဒ်မ ၂၀ ပါ လုပ်ငန်းသုံး နေရာ အတွက် မြေအသုံးပြုခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ မြေအသုံးပြုခွင့်ပြုမိန့် အတွက် မြေငှားရမ်းခ သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနသို့ အကြံပြု တင်ပြခြင်း၊
(ဂ) ကျောက်မျက်ရတနာထုတ်လုပ်ခြင်း၊ ရောင်းချခြင်းလုပ်ငန်းများ ချောမွေ့ အောင်မြင်စေရန်အတွက် အစိုးရက ပံ့ပိုးကူညီသင့်သည်များကို ဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊
(ဃ) ကျောက်မျက်ရတနာ အမျိုးအစားအလိုက် ရတနာခွန် စည်းကြပ်ခြင်းနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ သတ်မှတ်သင့်သော ရာခိုင်နှုန်းကို ဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်း၊
(င) ရတနာခွန်စည်းကြပ်ရန်အလို့ငှာ တန်ဖိုးဖြတ်အဖွဲ့က ကျောက်မျက်ရတနာတန်ဖိုး သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ မကျေနပ်သူကပြင်ဆင်ပေးရန် တင်ပြချက်အပေါ် အပြီးသတ်အဆုံး အဖြတ်ပေးခြင်း၊
(စ) တန်ဖိုးဖြတ်အဖွဲ့က ကျောက်မျက်ရတနာ တန်ဖိုးကို အမှန်တကယ် ဖြစ်ထိုက် သည့် တန်ဖိုးထက် လျော့နည်း၍ လည်းကောင်း၊ ပိုမို၍လည်းကောင်း သတ်မှတ် ထားကြောင်း သိရှိရပါက လိုအပ်သလို ပြင်ဆင်သတ်မှတ်ခြင်း၊
(ဆ) ကျောက်မျက်ရတနာများကို ပြည်တွင်း၌ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန် သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များနှင့် မညီဘဲ တူးဖော်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ သယ်ဆောင်ခြင်း၊ ရောင်းချ ခြင်းများကို ကာကွယ်တားဆီး နှိမ်နှင်းရေးအတွက် နည်းလမ်းများရှာကြံ၍ ဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊
(ဇ) နိုင်ငံတော်အတွင်း ကျောက်မျက်ရတနာ၊ ကျောက်မျက်ရတနာအချောထည် နှင့် လက်ဝတ်ရတနာဈေးကွက် ရာခိုင်နှုန်းပြည့်ဖြစ်ထွန်းပြီး ဖွံ့ဖြိုး တိုးတက်လာ စေရေးနှင့် ရတနာခွန်များ အပြည့် အဝပေးဆောင်စေရန် အထောက်အကူ ပြုစေရေး တို့အတွက် ကျောက်မျက်ရတနာပြပွဲများကို ဗဟို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကျင်းပစေခြင်းနှင့် ဝန်ကြီးဌာနက ခွင့်ပြုသည့် နယ်စပ်မြို့ များတွင် နယ်စပ်ကုန်သွယ်ရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျောက်မျက် ရတနာပြပွဲများကို အသင်းချုပ်၏ ကြီးကြပ်မှုဖြင့် ကျင်းပခွင့်ပြုခြင်း၊
(ဈ) ကျောက်မျက်ရတနာ ထွက်ရှိပြီး ဈေးကွက်ဖွံ့ဖြိုးနိုင်သော နေရာဒေသ များတွင် ဖြစ်စေ၊ ကျောက်မျက်ရတနာ ထွက်ရှိမှု မရှိသော်လည်း ဈေးကွက်ဖွံ့ဖြိုးနိုင်ဖွယ် ရှိသော နေရာဒေသများတွင် ဖြစ်စေ ကျောက်မျက်ရတနာ အရောင်းအဝယ် ပြုလုပ်ရာနေရာများအား ကျောက်မျက်ရတနာ ဈေးအဖြစ် သတ်မှတ်ပေးနိုင်ရန် ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြခြင်း၊
(ည) ကျောက်မျက်နည်းပညာနှင့် ပတ်သက်သော သင်တန်းကျောင်းများ၊ နိုင်ငံတကာ အဆင့်မီ ကျောက်မျက်ဈေးများ၊ ကျောက်မျက်ပြတိုက်များအား ဖွင့်လှစ် ပေးခြင်း၊
(ဋ) ကျောက်မျက်ရတနာ စျေးကွက် ကျယ်ပြန့်ဖြစ်ထွန်းစေရန် ပုဂ္ဂလိက ကျောက်မျက် ရတနာပြပွဲများကို ကျင်းပရန် တင်ပြခြင်းနှင့် ပြည်တွင်း လုပ်ငန်းရှင်များမှ ပြည်ပတွင် ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ် ရတနာ ပြပွဲများ ကျင်းပခြင်းကို အားပေးကူညီခြင်း။
အခန်း(၁၁)
စစ်ဆေးရေးအရာရှိချုပ်၏ လုပ်ငန်းတာဝန်များ
၃၉။ ဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေ အလို့ငှာ စစ်ဆေးရေး အရာရှိချုပ်ဖြစ်သည်။
၄၀။ စစ်ဆေးရေးအရာရှိချုပ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
(က) ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လည်းကောင်း၊ ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြု ခွင့်ပြုမိန့် စည်းကမ်း များကိုလည်းကောင်း၊ ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြု ခွင့်ပြုမိန့် ရရှိသူက လိုက်နာခြင်းရှိမရှိ စစ်ဆေးခြင်း၊
(ခ) ကျောက်မျက်ရတနာထုတ်လုပ်ခြင်းလုပ်ငန်းတွင် လုပ်ကိုင် လျက်ရှိသော ဝန်ထမ်း များ၊ အလုပ်သမားများ၏ ကျန်းမာ သန့်ရှင်းရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရေး၊ သက်သာချောင်ချိရေး၊ စည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးခြင်း၊
(ဂ) ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် သတ်မှတ်ချက်နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း၊
(ဃ) စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း၊
(င) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
၄၁။ စစ်ဆေးရေးအရာရှိချုပ်သည် -
(က) ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုတွင်း ဦးစီးဌာန သို့မဟုတ် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းတစ်ခုခုမှ သင့်လျော်သော အရာရှိ များကို ဤဥပဒေ အလို့ငှာ စစ်ဆေးရေးအရာရှိများအဖြစ် တာဝန်ပေးအပ်နိုင် သည်၊
(ခ) မိမိလုပ်ပိုင်ခွင့်များကို စစ်ဆေးရေးအရာရှိများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင် သည်။
အခန်း(၁၂)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း
၄၂။ ခွင့်ပြုမိန့်ရရှိသူကဖြစ်စေ၊ လိုင်စင်ရရှိသူကဖြစ်စေ၊ ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် လိုင်စင် ရရှိသူ၏ ကိုယ်စား စီမံအုပ်ချုပ်သူ တစ်ဦးဦးကဖြစ်စေ၊ မြေ အသုံးပြုခွင့်ပြုမိန့်ရရှိသူကဖြစ်စေ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေ အသုံးပြုခွင့်ပြုမိန့်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော် လည်းကောင်း၊ ဝန်ကြီးဌာနသည် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ၊ အမိန့် တစ်ရပ်ရပ် ထက်ပို၍ ဖြစ်စေ ချမှတ်နိုင်သည် -
(က) ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြုခွင့်ပြုမိန့်ကို ကာလ သတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊
(ခ) ဒဏ်ကြေးပေးဆောင်စေပြီး လုပ်ငန်းကို ဆက်လက်လုပ်ကိုင် ခွင့်ပြုခြင်း၊
(ဂ) ခွင့်ပြုမိန့်၊ လိုင်စင် သို့မဟုတ် မြေအသုံးပြုခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း၊
(ဃ) ခွင့်ပြုမိန့်ရရှိသူ၊ လိုင်စင်ရရှိသူ သို့မဟုတ် မြေအသုံးပြု ခွင့်ပြုမိန့်ရရှိသူအား လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြားခြင်း။
အခန်း(၁၃)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၄၃။ မည်သူမဆို ကျောက်မျက်ရတနာအရိုင်းကိုဖြစ်စေ၊ ကျောက်မျက် ရတနာ အချောထည်ကို ဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ ပြည်ပသို့ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ ထုတ်ဆောင် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး ငါးနှစ်မှ အများဆုံးတစ်ဆယ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
၄၄။ ခွင့်ပြုမိန့်ရရှိသူကဖြစ်စေ၊ ခွင့်ပြုမိန့်ရရှိ သူ၏ ဒါရိုက်တာတစ်ဦးဦးကဖြစ်စေ၊ ခွင့်ပြုမိန့် ရရှိသူ ကိုယ်စား စီမံအုပ်ချုပ်သူကဖြစ်စေ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနှစ်နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်-
(က) လုပ်ကိုင်ခွင့်ရရှိသော ကျောက်မျက်ရတနာ လုပ်ကွက်မှတစ်ပါး အခြားလုပ်ကွက် သို့မဟုတ် နေရာတွင် ကျောက်မျက် ရတနာထုတ်လုပ်ခြင်း၊
(ခ) ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အမှန်တကယ် ထုတ်လုပ်ရရှိသော ကျောက်မျက်ရတနာအရိုင်းကို မှတ်ပုံမတင်ဘဲ အခြား ကျောက်မျက်ရတနာအရိုင်းဖြင့် လဲလှယ်၍ မှတ်ပုံတင် ခြင်း။
၄၅။ မည်သူမဆို ကျောက်မျက်ရတနာဖြင့် ပြုလုပ်သောပစ္စည်းကို ပြည်ပသို့ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့် မညီဘဲ သယ်ဆောင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
၄၆။ မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနှစ်နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် -
(က) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုမိန့် မရရှိဘဲ လုပ်ကိုင်ခြင်း၊
(ခ) ကျောက်မျက်ရတနာအရိုင်းကို ခွင့်ပြုချက်မရှိဘဲ ရှာဖွေခြင်း သို့မဟုတ် စမ်းသပ် တိုင်းတာခြင်း။
၄၇။ မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် -
(က) ကျောက်မျက်ရတနာအရိုင်းကို ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် တစ်နည်း နည်းဖြင့်ရယူခြင်း၊ လွှဲပြောင်းခြင်း၊
(ခ) ပုဒ်မ ၂၅ ပါ လုပ်ငန်းတစ်ရပ်ရပ်ကို လိုင်စင်မရရှိဘဲ လုပ်ကိုင်ခြင်း။
၄၈။ ခွင့်ပြုမိန့်ရရှိသူကဖြစ်စေ၊ ယင်းခွင့်ပြုမိန့်ရှိသူ၏ ကိုယ်စား စီမံအုပ်ချုပ် သူကဖြစ်စေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဆ) နှင့် စပ်လျဉ်း၍ ထုတ်ပြန်သည့် နည်းဥပဒေများနှင့် အမိန့်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ထောင်ဒဏ် သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၄၉။ မည်သူမဆို ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲမြေ အသုံးပြုခွင့်ပြုမိန့် ရရှိထားသည့် လုပ်ငန်းဧရိယာအတွင်း ကျောက်မျက်ရတနာထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တစ်ရပ်ရပ်ကို ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး တစ်လမှ အများဆုံး သုံးလအထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
၅၀။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်ခြင်း၊ ပူးပေါင်း ကြံစည်ခြင်းပြုလျှင် သို့မဟုတ် ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်ရာတွင် အားပေးကူညီခြင်းပြုလျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထား သည့်ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။
၅၁။ တရားရုံးသည် ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြစ်မှု ထင်ရှားတွေ့ရှိလျှင် သက်ဆိုင်ရာပြစ်မှုအတွက် ချမှတ်ရမည့် ပြစ်ဒဏ်အပြင် -
(က) ပြစ်မှုနှင့် သက်ဆိုင်သော ကျောက်မျက်ရတနာ၊ လက်ဝတ် ရတနာနှင့် ငွေကြေးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။
(ခ) ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ယာဉ်၊ ယန္တရား၊ တိရိစ္ဆာန်နှင့် အခြား စက်ပစ္စည်း ကိရိယာတန်ဆာပလာများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်နိုင် သည်။
အခန်း(၁၄)
အထွေထွေ
၅၂။ ခွင့်ပြုမိန့်ရရှိသူသည် -
(က) ကျောက်မျက်ရတနာထုတ်လုပ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက် ရာတွင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန်နှင့် ဒေသခံပြည်သူ များ၏ လူမှုစီးပွား ထိခိုက်မှု မရှိစေရန် အလေးထားဆောင်ရွက်ရမည်။
(ခ) ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကို ပိတ်သိမ်းသည့်အခါ ပြန်လည် ထိန်းသိမ်းရေး လုပ်ငန်းများ၊ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို သတ်မှတ် ချက် နှင့်အညီ ဆောင်ရွက်ပေးရမည်။
(ဂ) လုပ်ငန်းဆောင်ရွက်ရာဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှု၏ နှစ်ရာခိုင်နှုန်း ထက် မနည်းသော ရန်ပုံငွေတစ်ရပ် ထူထောင်ထားရှိ ဆောင်ရွက်ရမည်။
(ဃ) အထက်ပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို စစ်ဆေးရာတွင် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ်များ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ( Myanmar Extractive Industries Transparency Initiative – MEITI ) အပါအဝင် ဒေသခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။
၅၃။ ဝန်ကြီးဌာနက တာဝန်ပေးအပ်သော အရာရှိသည် ဤ ဥပဒေအရ ရရန်ရှိသော ငွေများကို တည်ဆဲဥပဒေများပါ ကော်လိတ်တော် အရာရှိ၏ လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အရ ကောက်ခံရမည်။
၅၄။ (က) ဤဥပဒေ မပြဋ္ဌာန်းမီက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ထုတ်ပေးထားသည့် သက်တမ်း မကုန်ဆုံးသေးသော လိုင်စင် သို့မဟုတ် မြေအသုံးပြုခွင့်ပြုမိန့်သည် သက်တမ်း ကုန်ဆုံးသည့် နေ့အထိသာ အတည်ဖြစ်စေရမည်။
(ခ) ပုဒ်မခွဲ (က) အရ သက်တမ်းမကုန်ဆုံးသေးသော ကာလ အတွင်း ကျောက်မျက် ရတနာ ထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသော ဖက်စပ်လုပ်ငန်း များနှင့် ပုဂ္ဂလိက တစ်ဦးချင်း လုပ်ကိုင်နေသော လုပ်ငန်းများကို ဤဥပဒေပါ ပြဋ္ဌာန်းချက် များအလို့ငှာ ဝန်ကြီးဌာနက ထုတ်ပြန်သော ညွှန်ကြားချက်များနှင့် အညီ ဆက်လက် ဆောင်ရွက်ရမည်။
၅၅။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံ ပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန်မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်း သက်သေခံ ပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ထိန်းသိမ်းထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြား စာရွက်စာတမ်း အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့် အညီ စီမံခန့်ခွဲခြင်းပြုနိုင်သည်။
၅၆။ ဝန်ကြီးဌာနသည် ကျောက်မျက် ရတနာအချောထည်ပြုလုပ်ခြင်းနှင့် လက်ဝတ် ရတနာ ပြုလုပ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ် ရတနာ၊ ကျောက်မျက် ရတနာဖြင့် ပြုလုပ်သောပစ္စည်း ရောင်းချခြင်းလုပ်ငန်းကိုလည်းကောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လိုသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်သည်။
၅၇။ ဝန်ကြီးဌာနသည် ဤဥပဒေအရ မိမိအားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို မိမိကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန သို့မဟုတ် လုပ်ငန်းအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။
၅၈။ ပြည်ထောင်စုအစိုးရ အဖွဲ့သည် နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ စည်းကမ်းချက်များ သတ်မှတ်လျက် မည်သည့် ကုမ္ပဏီ၊ အသင်း သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို ကျောက်မျက်ရတနာ ထွက်ရှိနိုင်သည့် ဒေသအတွင်း သင့်လျော်သည့် နယ်မြေတွင် ကျောက်မျက်ရတနာ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် ခွင့်ပြုနိုင်သည်။
၅၉။ ဝန်ကြီးဌာနသည် ပြည်တွင်း ဈေးကွက် လိုအပ်ချက်အရ ကျောက်မျက် ရတနာအရိုင်း သို့မဟုတ် အချောထည်ကို ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် ပေးနိုင်သည်။
၆၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် -
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်း များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ) သတ္တုတွင်းဦးစီးဌာနနှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း တို့သည် အမိန့်နှင့် ညွှန်ကြားချက်များကို ဝန်ကြီးဌာန၏ သဘောတူညီချက် ဖြင့် ထုတ်ပြန်နိုင်သည်။
__________________________________________
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်