ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး
(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၃ ရက်
( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် )
[ကြာသပတေးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ မြန်မာ့မီးရထားကဏ္ဍ အောင်မြင် ဦးမော့လာနိုင်စေရေးအတွက် လက်ရှိရင်ဆိုင်နေရသော အရှုံးများနှင့် ကျဆင်းနေရမှုတို့ကို ရပ်တန့်ကျော်လွှားပြီး ရှေးယခင် အစဉ်အလာကောင်းများရရှိခဲ့သည့် မြန်မာ့မီးရထားကို ပြည်သူများ နှစ်ခြိုက်ချမ်းမြေ့စွာ ပြန်လည်အားပေးလာကြစေရေးအတွက် အစီအစဉ်ကောင်းများ ပြုလုပ်ဆောင်ရွက်ပေးရန် စီမံကိန်းများ ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လက်ရှိရင်ဆိုင်နေရသော အရှုံးများ နှင့် ကျဆင်းနေရမှုတို့ကို ရပ်တန့်ကျော်လွှားပြီး ရှေးယခင် အစဉ်အလာကောင်းများ ရရှိခဲ့သည့် မြန်မာ့မီးရထားကို ပြည်သူများ နှစ်ခြိုက်ချမ်းမြေ့စွာ ပြန်လည်အားပေး လာကြစေရေးအတွက် အချိန်ယူဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဖြေကြားသည်။
( ခ )ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အတွင်းရှိ တိလပ်(Tilak)ကျေးရွာတွင် သောက်သုံးရေကန် တိုးချဲ့ပေးခြင်းနှင့် နောက်ထပ် ရေလှောင်ကန်အသစ်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က သောက်သုံးရေ (၃)မိုင် သွယ်တန်းခြင်းနှင့် ဂါလန် (၅၀၀၀) ဆံ့ ရေလှောင်ကန် တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၁၂)လ၊ ပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွင် ခွင့်ပြုပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ ) ဒေါ်ရှားမူ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကယားပြည်နယ်၊ လွိုင်ကော် ခရိုင်၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ ပလိုဒေးခိုမှ ပရက်စောခူထိ ၅ မိုင် ၄ ဖာလုံ၊ ပရက်စောခူမှ သော်ခူထိ ၂ မိုင် ၅ ဖာလုံ၊ သော်ခူမှ ခေါပရာထိ ၂ မိုင်၊ စုစုပေါင်း ၁၀/၁ မိုင်အား မြေသားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က တော်ခူရွာသစ်မှ - ခေါပရာကျေးရွာအထိ (၁၄/၁)မိုင် လမ်းအဆင့်မြှင့်တင်ခြင်း တွင် ဆောင်ရွက်ရန်ကျန်ရှိသည့် ပလိုဒေးခိုမှ ခေါပရာအထိ စုစုပေါင်း (၉/၄) မိုင် မြေလမ်းဖောက်လုပ်ခြင်းအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (၅)နှစ်စီမံကိန်းလျာထားချက်တွင် ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်း လျာထားသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီ ခရိုင်နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တို့ကို ဆက်သွယ်ထားသော လမ်းပိုင်း ဖြစ်သည့် တိန်ဆီး - ရမ်စီးလမ်း (၅၆)မိုင် လမ်းပေါ်ရှိ အဓိကလိုအပ်သော တံတား (၆)စင်းအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ချင်းပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ (၁၃)နှစ်စီမံကိန်းအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပေ(၄၀) တံတား(၃)စင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပေ(၅၀) တံတား(၂)စင်း နှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပေ(၁၀၀) တံတား(၁)စင်းတို့အား ခွင့်ပြု ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။
(င)ဦးဟန်ဝင်းသိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ထားသော တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ လမ်း/တံတားများသည် စံချိန်စံညွှန်း အရည်အသွေး ပြည့်မီမှုမရှိခြင်းကြောင့် ပျက်စီးယိုယွင်းနေမှုများကို လုပ်ဆောင်သော ကုမ္ပဏီများအား စာချုပ်ပါ အချက်အလက် အရည်အသွေးအတိုင်း ပြန်လည်ပြုပြင်စေခြင်း ရှိ/မရှိနှင့် နောင်ဘဏ္ဍာရေးနှစ်များတွင်လည်း ဆောက်လုပ်မည့် ကုမ္ပဏီများအား တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်၊ ပျက်ကွက်ပါက အရေးယူခြင်း၊ အရည်အသွေး စစ်ဆေးခြင်းနှင့် စိစစ်လက်ခံခြင်းတို့အား တိကျခိုင်မာသော စီမံမှုစနစ်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လုပ်ငန်းပျက်စီးမှုများ ဖြစ်ပေါ်လာပါက ကုမ္ပဏီများကို စာချုပ်စည်းကမ်းများအတိုင်း ပြန်လည်ဆောင်ရွက်စေပြီး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ခြင်းမရှိပါက အဆိုပါကုမ္ပဏီကို Black List စာရင်းသွင်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသရှိ ဖောက်လုပ်ပြီးမြေသားလမ်းများ မိုးရွာသွန်းမှု ကြောင့် လမ်းပျက်စီးမှုများ လျော့နည်းစေရန် မြေသားအပေါ်မှ ကျောက်ရောမြေ သို့မဟုတ် ဂျင်းမြေ သို့မဟုတ် မြေနီ သို့မဟုတ် ဂဝံ သို့မဟုတ် ဗြုန်းမြေ သို့မဟုတ် ချောင်းကျောက်စရစ်များဖြင့် ဒေသအတွင်း ရရှိနိုင်မှုအပေါ်မူတည်၍ မိုးရေခံအလွှာ ထပ်ပိုးခင်းပေးရန် စီစဉ်ထားရှိပြီး ဒေသတွင်းမရရှိနိုင်ပါက ဘဏ္ဍာရေးနှစ်အလိုက် ကျောက်လမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးစိုင်းပန်ဖ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကယားပြည်နယ်၊ မယ်စဲ မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စုအတွင်းရှိ လမ်းဆုံ - လယ်တော လမ်းပိုင်း ၄ မိုင် ၄ ဖာလုံ အနက် ကျောက်ခင်းပြီး ၂ မိုင်ကို ကတ္တရာခင်းခြင်း၊ မြေသား ၂ မိုင် ၄ ဖာလုံကို ကတ္တရာလမ်းအဖြစ် တိုးမြှင့်ခင်းခြင်းနှင့် ထိုလမ်းပေါ်ရှိ (၁၅)ပေ တံတားတစ်စင်း၊ Box Culvert သုံးစင်း အပါအဝင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ဦးစားပေး အလိုက် ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လျာထားပေးမည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ပြန်လည် ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော စက်မှုဒီဇိုင်း မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့်အဆုံးအဖြတ် ရယူခြင်း
၄။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် (ဥပဒေကြမ်း ကော်မတီဝင်)က ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။
၅။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်