Share this

(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၁၈.၁၂.၂၀၁၉)

Wednesday, December 18, 2019 - 01:26
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၇)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်အတွင်းရှိ ဟောက်ဆင်ကျေးရွာအတွက် သောက်သုံးရေရရှိရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ရေလှောင်ကန် (၂)လုံး၊ ရေပိုက်သွယ်တန်းခြင်း၊ ပန့် အင်ဂျင်ဝယ်ယူ တပ်ဆင်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဆိုင်ကကျေးရွာအုပ်စု၊ ဆိုင်ကကျေးရွာနှင့် ရွာဘုတ်ကျေးရွာအကြား ကျေးရွာချင်းဆက်လမ်း (၆)မိုင်နှင့် ရွာခွါကျေးရွာနှင့် ဆိုင်ကကျေးရွာကြား ကျေးရွာချင်းဆက်လမ်း(၈)မိုင်၊ ဆိုင်ဆီချောက်လမ်း၊ ဘုန်တလန်ကျေးရွာသစ်မှ ဘုန်တလန်ကျေးရွာဟောင်း (၂)မိုင်တို့အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က သက်ဆိုင်ရာ ဒေသခံတာဝန် ရှိသူများက ပူးပေါင်းကွင်းဆင်းစိစစ်ရန် လိုအပ်မည်ဖြစ်ပြီး ချင်းပြည်နယ်အစိုးရ အဖွဲ့မှ သတ်မှတ်စီမံကိန်းအဆိုပြုလွှာပုံစံဖြင့် တင်ပြလာပါက ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်ပြီး အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ရခိုင်ပြည်နယ်၌ အရန်ရိက္ခာဆန် သိုလှောင်ရေးနှင့် ဖြန့်ဝေရေးကို မည်ကဲ့သို့ စီစဉ်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က အရန်ရိက္ခာဆန်အား သီးသန့်အစီအစဉ်ဖြင့် သိုလှောင်ထားမှုမရှိသော်လည်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် ပြည်နယ် အတွင်း ပိုလျှံဆန်များ ဝယ်ယူထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ဆန် ဖြင့် ထောက်ပံ့ခြင်း၊ UN, INGO, NGO များ၏ ထောက်ပံ့မှုတို့ဖြင့် ဖြေရှင်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

အဆုံးအဖြတ် ရယူခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ ထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆို ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၄။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အသီးသီးတွင် အစိုးရအဆက်ဆက် အသုံးပြုခဲ့သော လက်ရှိ အသုံးပြုခြင်းမရှိတော့ဘဲ တဖြည်းဖြည်း ဟောင်းနွမ်းယိုယွင်းပျက်စီးနေပြီဖြစ်သည့် အဆောက်အဦ များတည်ရှိရာ ဝန်ကြီးဌာနပိုင် မြေများ၊ ကျေးရွာများရှိ စပါးဒိုင်အဆောက်အဦနှင့် မြေနေရာများ အား မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အများပြည်သူ အကျိုး ဖြစ်ထွန်းသော လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြို့ပြမြေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် လည်းကောင်း၊ မြို့စီမံခန့်ခွဲခွင့်ရ မြေနေရာများ(City Land) အဖြစ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်စွန့်လွှတ် လွှဲပြောင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦး က ဆက်လက်ဆွေးနွေးသည်။

၅။ ယင်းအဆိုနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၆။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးသည်။

၇။ အဆိုပါ အစီရင်ခံစာကို သဘောတူလက်ခံရန် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိမ်းဆွေ (ဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ) က အဆို တင်သွင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၈။ အစည်းအဝေးကို ၁၂:၁၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၈)ရက်မြောက်နေ့ အစည်းအဝေးကို ၁၉-၁၂-၂၀၁၉ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်