Share this

၁၅ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၅.၆.၂၀၁၉)

Wednesday, June 5, 2019 - 13:40
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၃ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံတစ်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် အားကစားကွင်း အဖြစ် မြေနေရာသတ်မှတ်ထားခြင်းမရှိသေးသဖြင့်   လတ်တလောအခြေအနေ တွင် တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်း မီးဝကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ပြိုင်းတိုင်ကျေးရွာ၊ ရွှေလှိုင် ကျေးရွာ၊ ကျင်ကြီးကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) တစ်ခုစီကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်လှမ်းမီစွာ လွှမ်းခြုံမှုပေးနိုင်သောကြောင့် မီးဝကျေးရွာ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)အား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ရန် မလိုအပ်သေး ကြောင်း၊ ပြိုင်းတိုင်ကျေးရွာနှင့် ရွှေလှိုင်ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများအဖြစ် အသစ်တိုးချဲ့ဖွင့်လှစ်ပေးသင့်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တင်ပြထားခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်နိုင် ရန်အတွက်  လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုအစီရင်ခံစာအပေါ်အခြေခံသော အမိန့်ကြော်ငြာစာတွင်ပါရှိသော သတ်မှတ်ချက်များနှင့်အညီ စိစစ်တင်ပြရန် လမ်းညွှန်ချက်ထုတ်ပြန်ပြီးမှသာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွဲ့စည်းပုံခွင့်ပြုမိန့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျင်ကြီးကျေးရွာသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လက်လှမ်းမီစွာ ဆောင်ရွက်နိုင် သောကြောင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန် မလိုအပ်သေးကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ နေရာခင်းကျေးရွာအုပ်စု၊ နေရာခင်း ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လက်လှမ်းမီစွာ လွှမ်းခြုံမှုပေးလျက်ရှိသဖြင့် ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကူတောင် ကျေးလက်ကျန်းမာရေးဌာန လက်အောက်ခံ ဇီးကိုင်းကျေးလက် ကျန်းမာရေးဌာန(ခွဲ)ကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးပြီး ရွှေလောင်းတင်၊ ကံပြင်၊ ကပ်ချောင်း၊ ညောင်ပင်လယ်၊ ဖြူချောင်းကျေးရွာအုပ်စုတို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) တစ်ခုစီ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဇီးကိုင်း ကျေးရွာနှင့် ရွှေလောင်းတင်ကျေးရွာတို့သည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို လက်လှမ်းမီစွာ လွှမ်းခြုံမှုပေးနိုင်သောကြောင့် လတ်တလောအခြေအနေ တွင် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် မလိုအပ်သေးကြောင်း၊ ကပ်ချောင်းကျေးရွာ နှင့်ဖြူချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ်တစ်ခု ဖွင့်လှစ် ပေးရန်အတွက် အမျိုးသားကျန်းမာရေးစီမံကိန်းနှင့်ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)များသို့လည်းကောင်း ပေးပို့ပြီး သဘောထား မှတ်ချက်များတောင်းခံပြီး ပြန်ကြားချက်(ထောက်ခံချက်)ရရှိလျှင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့တင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကပ်ချောင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဖွင့်လှစ်ခွင့်ရရှိပါက ကပ်လျက်ရှိသော ကံပြင်ကျေးရွာအား ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည်ဖြစ်ကြောင်း၊ ညောင်ပင်လယ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ပေးသင့်ကြောင်း ရှင်းလင်းဖြေကြား သည်။

(င)ဦးဇော်မင်းလတ်(ခ)ဦးကိုလတ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ (၁၆)ခုတင်ဆံ့ တိုက်နယ် ပြည်သူ့ဆေးရုံကို (၂၅)ခုတင်ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ခုတင်အဆင့်မြှင့်တင်ရန် ရှိရမည့် အချက်နှင့် ကိုက်ညီမှုရှိသဖြင့် (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်း မုဒူး - ဒေါင်းရပ် အနောက်လမ်းမပေါ်ရှိ တံတား အမှတ်(၁)အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက် အရ Class(A) ဦးစားပေးအဆင့်(၁)တွင်ပါဝင်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီးဖြစ်သဖြင့် ခွဲဝေ ရရှိမှုအပေါ်မူတည်၍ ကွန်ကရစ်တံတားအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အသိပေးတင်ပြခြင်း

၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၉)အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် မပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း

၄။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုး (အတွင်းရေးမှူး၊ ဥပဒေကြမ်း ကော်မတီ) က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းရာ ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး စီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်လွင် (ဥပဒေကြမ်းကော်မတီဝင်)က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရာ ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၆။ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်လွီးဇာ (အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်)က အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်ပြီး ဥက္ကဋ္ဌ က ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၇။ အစည်းအဝေးကို ၁၂:၁၆ နာရီ အချိန်တွင် ရပ်နားပြီး (၁၆)ရက်မြောက်နေ့ အစည်းအဝေးကို ၆-၆-၂၀၁၉ ရက်နေ့(ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်