ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်
( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
( က )ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကယားပြည်နယ်၊ လွိုင်ကော် မြို့တော်တွင် ပြေးလမ်းတိုးချဲ့လျက်ရှိသော လေယာဉ်ကွင်းအား မည်သည့်ခုနှစ် တွင် ပြီးစီးအောင် ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ညွှန်ကြားချက်ပါ စည်းမျဉ်းနှင့် စံသတ်မှတ်ချက်များအရ စိစစ်မှုခံယူ၍ ပြည့်မီပါက နိုင်ငံတော်ကချမှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ လေ့လာဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်ခြင်း၊ လက်ရှိ လေဆိပ်အဆောက်အအုံကို အတိုင်ပင်ခံကုမ္ပဏီငှားရမ်းကာ တန်ဖိုးဖြတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး EOI ခေါ်ယူခြင်း၊ RFP ရေးဆွဲ၍ တင်ဒါအဆိုပြုချက်များ ဖိတ်ခေါ်စိစစ်ရွေးချယ် ဆောင်ရွက်ပြီး စာချုပ်ညှိနှိုင်းချုပ်ဆို၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တောင်ကျရေများ ဖြတ်သန်းစီးဆင်းသွားသော ချောင်းများတစ်လျှောက် ရေတိုက်စားမှုဖြစ်ကာ ချောင်းကမ်းပါးပြိုကျမှုများအား မည်သို့စီစဉ်ဆောင်ရွက်ထား သည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ အသေးစိတ်လုပ်ငန်းအစီအမံနှင့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းရေးဆွဲနိုင်ရေး တင်ပြသွားမည်ဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
( ဂ )ဦးအေးမင်းဟန်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မော်လမြိုင် - ရန်ကုန် မီးရထား သံလမ်း အဆင့်မြှင့်တင်မှုကို အမြန်ဆုံးပြီးဆုံးအောင် ဆောင်ရွက်ပေးရန်နှင့် မီးရထား လမ်းတစ်လျှောက် ကြံ့ခိုင်မှုမရှိတော့သည့် တံတားများကို ပြန်လည်ပြုပြင်ပေးရန်၊ ခေတ်မမီတော့သည့် ရထားတွဲများ၊ မီးရထား စက်ခေါင်းများနေရာတွင် ခေတ်မီ စက်ခေါင်းသစ်များ၊ တွဲများဖြင့် ပြောင်းလဲပြေးဆွဲပေးရန်နှင့် ရထားလက်မှတ်များကို လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ရထားသံလမ်းများနှင့် တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ရထားတွဲဆိုင်းများတွင် စက်ခေါင်းနှင့်တွဲသစ်များ အစားထိုးဖြည့်တင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း၊ ခေတ်မီသော ဆက်သွယ်ရေးနှင့် အချက်ပြစနစ်သစ်များ ပြောင်းလဲအသုံးပြုခြင်း စသည့်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ရထားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးလာမှုနှင့်အမျှ ခရီးသည်များ လက်မှတ်ဝယ်ယူမှု အဆင်ပြေစေမည့်ကိစ္စအပါအဝင် ရထားဖြင့် ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှုအဆင့်အတန်း တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဃ)ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေ ဦးစီးဌာန ၏ ဆည်ရေခွန်ကြွေးကျန်များ ပြေကြေစွာကောက်ခံရရှိရေးကို မည်သို့ထိန်းကျောင်း ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရေခွန်နှင့်တာတမံခွန် ဥပဒေအသစ်ပါ ပြဌာန်းချက်များနှင့်အညီ ရေခွန်စည်းကြပ်ကောက်ခံရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းပြီး ဌာန၏ ယခင်ရေခွန်ကြွေးကျန်များနှင့် ထပ်မံစည်းကြပ်ကောက်ခံရမည့် ရေခွန်များ အပြေအကြေကောက်ခံရရှိရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဒေါ်မေသန်းနွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စုရှိ လယ်ဧက (၂၂၆၀၀) ကျော်ထဲသို့ ရေငန်မဝင်ရောက်နိုင်ရန်အတွက် ရေငန်တားတမံဆည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေခွဲဝေရရှိခဲ့မှုအပေါ် ကျွန်းပတ်တာ၏ ပေတိုင်(၀)မှ (၁၅၀၅၀)ပေအထိအပိုင်းကို တင်ဒါခေါ်ယူပြီးဖြစ်၍ လုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့်အပိုင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားတင်ပြ၍ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို စီမံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။
( စ ) ဦးဖြေရယ်(ခ) ဦးမြင့်သန်းထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကယား ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာ၊ ဘုရားဖြူစေတီအနီးရှိ ဘီလူးချောင်းကူး တံတားမှ မိုင်နာ(၁၉)အထိ အရှည်(၁၇၃၅၈)ပေရှိသော တာပေါင်လမ်းအား ကျေးရွာကုန်ထုတ်လမ်းအဖြစ် ကျောက်ချောလမ်း သို့မဟုတ် ကွန်ကရစ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကယားပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။
(ဆ)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တရုတ်နိုင်ငံ သွင်းကုန်/ထုတ်ကုန်ဘဏ်မှ ချေးယူသော ဒေါ်လာသန်း (၁၀၀)ကို သမဝါယမ ဦးစီးဌာနက စိုက်ပျိုးရေးချေးငွေ အစီအစဉ်ဟု အမည်တွင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မူလမတည်ငွေရင်း၊ ချေးငွေအမျိုးမျိုး၊ အတိုးအရင်း၊ ပြန်လည် ပေးဆပ်မှုအခြေအနေနှင့် စပ်လျဉ်းသည့် ဘဏ္ဍာရေးနှင့် ငွေကြေးနှစ်ချုပ် အစီရင်ခံစာ၊ လုပ်ငန်းအောင်မြင်မှု အတိုင်းအတာနှင့် မည်သူတွေက တာဝန်ယူ၊ တာဝန်ခံမှုအဆင့်ဆင့်ဖြင့် ဆောင်ရွက်သည် စသည့်အခြေအနေ အရပ်ရပ်အား သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဥ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မူလမတည်ငွေရင်းကို (၆)လတစ်ကြိမ် ထုတ်ချေးပြန်ဆပ်စနစ်ဖြင့် (၁၀)ကြိမ်မြောက်အထိဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ဇန်နဝါရီလ (၂၁)ရက်နှင့် ဇူလိုင်လ (၂၁)ရက်မတိုင်မီ ပျက်ကွက်မှုမရှိပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း၊ ချေးငွေအမျိုးမျိုးကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ သက်ဆိုင်ရာ ချေးငွေ လုပ်ငန်းကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေဆုံးရှုံးမှုမရှိစေရေးအတွက် ကြွေးဆုံးလျာထားချက်များ၊ စာရင်းဇယားကြီးကြပ်မှုများ၊ ညွှန်ကြားလွှာအပြင် သီးခြားညွှန်ကြားချက်များ ထုတ်ပြန်ပြီး အသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ (၆)လတစ်ကြိမ် ဘဏ္ဍာရေး ရှင်းတမ်းများစစ်ဆေးခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ China EXIM Bank ချေးငွေလုပ်ငန်းကို ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော တံတားကြီးများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အဆိုတင်သွင်းခြင်း ၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၄။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် မြေယာအုပ်ချုပ်ရေးကဏ္ဍတွင် ပိုမိုထိရောက်စွာနှင့် ရှင်းလင်းလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် ခိုင်မာမှန်ကန်သော မြေယာဆိုင်ရာ အချက်အလက်များရရှိရေး မြေယာမှတ်ပုံတင်လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ထိုသို့ဆောင်ရွက်ရန် မူလအခြေခံ လိုအပ်ချက်ဖြစ်သည့် တစ်မျိုးတည်းသော မြေပုံစနစ်ဖြင့် မြို့မြေ၊ ရွာမြေနှင့် မြေယာအားလုံးကို ပြုစု မှတ်တမ်းတင်ထားနိုင်ရေး ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာမှ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ အကူအညီများ ရယူလျက် တစ်မျိုးတည်းသော မြေပုံစနစ်ပြုစုရေးနှင့် မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းတို့ကို နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော် က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၅။ အစည်းအဝေးကို ၁၁၂၇ နာရီအချိန်တွင် ရပ်နားပြီး (၁၆)ရက်မြောက်နေ့ အစည်းအဝေးကို ၂၂-၂-၂၀၁၉ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်