Share this

(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၈.၂.၂၀၁၉)

Monday, February 18, 2019 - 11:54
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၄ ရက်

( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် )

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

( က )ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ကျေးရွာမှ အထက်ပိုင်းရှိ သွားလာရခက်ခဲသော ကျေးရွာများသို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင်ရန် လိုအပ်သော ချောင်းကူးတံတားများနှင့် ကွန်ကရစ်လမ်း များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး တည်ဆောက်ဖောက်လုပ်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ဒေသခံများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များက သတ်မှတ်လမ်းအကျယ်ရရှိစေရန် အသေးစိတ်ကွင်းဆင်းလေ့လာစိစစ် ညှိနှိုင်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြေယာကိစ္စများ ပြီးပြတ်အောင်ဆောင်ရွက်၍ စိစစ်ထောက်ခံ တင်ပြလာပါက ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းတွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်လမ်းခွဲ - မှောင်ကွန်(ရွာဟောင်း) - မှောင်ကွန်(ရွာသစ်) - လေးလက်လမ်းအား (၂၄)ပေအကျယ် လမ်းတာချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် အဆိုပြုလျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ မီးဇာကျေးရွာတွင် သန့်ရှင်းသောရေရရှိရေးအတွက် စိမ့်စမ်းရေ သွယ်ယူပေးရေးလုပ်ငန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၆)လ ဘတ်ဂျက် တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒေသခံပြည်သူလူထုပူးပေါင်း၍ ရေထွက်တည်ရှိသည့်နေရာမှ ရေစုကန်၊ ရေစစ်ကန် တည်ဆောက်မည့်နေရာ၊ ရေသွယ်ယူရမည့် မိုင်အကွာအဝေးတို့ကို ကွင်းဆင်း စိစစ်စေမည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိပါက ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ သင့်တော်သည့် ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်နယ်)ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ မိုပိုင်းလွတ်မြို့နှင့် ဆွမ္မရာမြို့ မြို့ချင်းဆက်လမ်း ဖောက်လုပ်ရာတွင် ကျန်ရှိသော မြေသားလမ်း (၁၀)မိုင်ခန့်နှင့် ထိုလမ်းပိုင်းပေါ်ရှိ တံတား(၆)စင်းအား ဆက်လက်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တို့တွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအုပ်စုရှိ သင်္ဃန်းကျွန်း - ပိုင်ဝမ်းကျေးရွာချင်းဆက် မြေသားလမ်း နှင့် စိန်ကြီး-သာယာကုန်း ကျေးရွာချင်းဆက် မြေသားလမ်းတို့ကို ရာသီမရွေးသွား လာနိုင်သော ကျောက်ခင်းလမ်းများအဖြစ် လာမည့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က သတ်မှတ်လမ်း အကျယ်ရရှိစေရန် ဒေသခံများနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ဦးစွာ ပထမ ကွင်းဆင်းလေ့လာစိစစ်ညှိနှိုင်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေယာကိစ္စများ ပြီးပြတ်စေရန် စိစစ်ထောက်ခံတင်ပြလာပါက ဒေသအတွက်အကျိုးရှိထိရောက်မှု ဦးစားပေးအဆင့်သတ်မှတ်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံ ပေးမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

( စ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၏ တောင်ဘက် မာရာတောင်ကြောရှိ ကျေးရွာများ၏ ကျေးရွာချင်းဆက် လမ်းများနှင့် လအိုသိုးတောင်ကြောရှိ ကျေးရွာများ၏ ကျေးရွာချင်းဆက် လမ်းများအား (၂၄)ပေ အကျယ် လမ်းတာချဲ့ပေးရန်နှင့် ရာသီမရွေးသွားလာ နိုင်သောလမ်းများအဖြစ်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ခွဲဝေ ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်နယ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွင့်ပြုရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဆ ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ နာဘုန်းကျေးရွာအုပ်စု ဒါရ်စုံးကျေးရွာနှင့် ဒိုင်ဒင်းကျေးရွာ အုပ်စု၊ ရွှေတောင်ကျေးရွာကြား (၁၆)မိုင်ခန့်အား ကုန်ထုတ်လမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လမ်းအူကြောင်း ကွင်းဆင်းစစ်ဆေးခြင်း၊ မိုင် အကွာအဝေး တိုင်းတာစစ်ဆေးခြင်းတို့ကို ကွင်းဆင်းစစ်ဆေးစေမည်ဖြစ်ပြီး ဒေသ အတွက် အမှန်တကယ်ဆောင်ရွက်ရန်လိုအပ်ပြီး အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ထောက်ခံတင်ပြလာပါက ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်မူတည်ပြီး သင့်တော်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်း ဖြေကြားသည်။

ဥပဒေကြမ်း အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း 

၄။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင် (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။ အစည်းအဝေးကို ၁၀၅၄ နာရီ အချိန်တွင် ရပ်နားပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀-၂-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်