ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၁ ရက်
( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် )
[သောကြာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် လောလောဆယ် လိုအပ်လျက်ရှိသော အထက်တန်းပြဆရာ(၁၁)ဦး နှင့် ဝန်ထမ်း(၄)ဦး အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အထက်တန်းပြ ရာထူးတိုး/ အပြောင်းအရွှေ့များ ဆောင်ရွက်သည့်အချိန်တွင် ဆရာ၊ ကျောင်းသား အချိုး အပိုအလိုအရ ဆန္ဒပြုဒေသ နှင့်ကိုက်ညီပြီး ဘာသာရပ်လိုအပ်ချက်အပေါ်မူတည်၍ စိစစ်ဖြည့်ဆည်းခန့်ထားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်း/ရုံး ဝန်ထမ်းလစ်လပ် ရာထူးနေရာများတွင် ဆန္ဒပြုဒေသနှင့်ကိုက်ညီပြီး ရာထူးတိုး/အပြောင်းအရွှေ့ တန်းစီဇယားရမှတ် အများ/ အနည်းအရ စိစစ်ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ပညာရေးကောလိပ်ကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ တည်ထောင်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဆရာနှင့်ကျောင်းသား အချိုးအရ ဆရာခန့်ထားမှုသည် လုံလောက်မှုရှိသဖြင့် ပညာရေးကောလိပ် အသစ် (၁)ခု ထပ်မံတိုးချဲ့ဖွင့်လှစ်၍ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စိုက်ပျိုးရေးသိပ္ပံကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေမှာ လုံလောက်မှုရှိနေခြင်း၊ စိုက်ပျိုးရေးသိပ္ပံများကို ကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ရန် ပိုမိုသင့်လျော်မည်ဖြစ်ခြင်း၊ စိုက်ပျိုးရေးသိပ္ပံများမှ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးရာတွင် အရေအတွက်ထက် အရည်အချင်းပြည့်ဝသူများကို လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ဟင်္သာတမြို့တွင် စိုက်ပျိုးရေး သိပ္ပံကျောင်းသစ်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဖြေကြားချက်အား ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။
( ဂ )ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘဲလမုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သတ်မှတ်မူ နှင့်ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအဆင့် တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အမှုတွဲတင်ပြလျှောက်ထားစေပြီး သတ်မှတ်မူနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မှောင်ကွန်(၂)ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က သတ်မှတ်မူနှင့်ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အမှုတွဲ တင်ပြလျှောက်ထားစေပြီး သတ်မှတ်မူနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( င )ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ပန်ဝိုင်မြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး ဖွင့်လှစ်သင်ကြားနေရ သော စာသင်ကျောင်းများကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က စီကန်လိုက်၊ လိုင်ကင်း၊ ရောင်ပလျှက်၊ ပြန်လန်း ကိုယ့်အားကိုယ်ကိုး မူလတန်း ကျောင်းတို့သည် သတ်မှတ်မူနှင့်ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အမှုတွဲ တင်ပြလျှောက်ထားစေပြီး သတ်မှတ်မူနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( စ ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ရမ်းဗြဲမြို့နယ်၊ သစ်ပုတ်တောင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အြေခခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က သတ်မှတ်မူနှင့်ကိုက်ညီမှုမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးကြောင်း၊ အထက်တန်းပညာရပ်များကိုလည်း သင်ယူခွင့်ရရှိနေသည့် အခြေအနေတွင်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
( ဆ ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ (၁၈)ကြိမ်မြောက် အထိ မိမိတို့နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မှုနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ယခု(၁၉)ကြိမ်မြောက် အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုများအား သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အားကစားအမျိုးအစားအလိုက် တက္ကသိုလ်များ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဇုန်အဆင့်/ ဇုန်အလိုက်၊ ဦးစီးအဆင့်သတ်မှတ်၍ အဆင့်တိုင်းတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူ အားကစားသမားများကို ရွေးချယ်ခဲ့ပြီး အားကစားအဖွဲ့ချုပ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် စခန်းသွင်းလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် တားမြစ်ဆေးသုံးစွဲမှု စိစစ်ရေးကော်မတီဖွဲ့စည်း၍ အားကစားသမားအားလုံးနှင့် ပြိုင်ပွဲအတွက် တာဝန်ထမ်းဆောင်သူများအားလုံးကို ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ကြောင်း၊ သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ပေးအပ်၍ ဝန်ကြီးဌာနများမှ ပံ့ပိုးကူညီခဲ့ကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၃။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုး (အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၄။ အစည်းအဝေးကို ၁၁၂၃ နာရီ အချိန်တွင် ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်းအဝေးကို ၁၈-၂-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်