Share this

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၂ - ၁၂ - ၂၀၁၈)

Wednesday, December 12, 2018 - 13:41
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း  ၅  ရက်

( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် )

[ဗုဒ္ဓဟူးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး   (၁၃)ရက်မြောက်နေ့ ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် - 

(က)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်ရာ မြို့အသီးသီးတို့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အခန်း(၆) ပုဒ်မ ၃၆(က)(ခ) တို့အရ ဖွဲ့စည်းနိုင်သော ရုံးခွဲများကို ပြဋ္ဌာန်းထားသော ဥပဒေပါရည်ရွယ်ချက်များ ထိရောက်အောင်မြင်နိုင်ရေး အတွက် ပြည်ထောင်စု အစိုးရအနေဖြင့် ကော်မရှင်ရုံးခွဲများ ဖွဲ့စည်းနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ အတွင်းရေးမှူး ဦးစန်းဝင်း က ကော်မရှင်အနေဖြင့် ဘဏ္ဍာငွေ ခွင့်ပြုနိုင်မှုနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် မူတည်ရွေးချယ်ပြီး နှစ်စဉ် ကော်မရှင်ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။ 

( ခ )ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ဘက်စုံသုံး ခန်းမဆောင် ပါဝင်သော မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အအုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ် စီမံကိန်းများတွင် ရန်ပုံငွေရရှိရေးအတွက် ဦးစားပေး အစီအစဉ်ဖြင့် လျာထားတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

    ( ဂ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာ့အားကစား စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်နှင့် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အားကစားဆိုင်ရာ အထူးကုဆရာဝန် များ၊ အားကစားကျွမ်းကျင် ဆေးဘက်ပညာရှင်များ မွေးထုတ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အားကစားဆေးပညာဖြင့် သိပ္ပံနည်းကျ လေ့လာဆန်းစစ်ပြီး မြန်မာ့အားကစား လောက တိုးတက်မြင့်မားရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားနိုင်ရန် အတွက် ဆက်လက်အကောင်အထည်ဖော် ကြိုးစား သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

  (ဃ) ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ)အသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန (ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာန)များသို့လည်းကောင်း ပေးပို့ပြီး သဘောထား မှတ်ချက်များတောင်းခံ၍ ပြန်ကြားချက်(ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက် ရရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ (၁၆)ခုတင်ဆံ့တိုက်နယ် ဆေးရုံကို (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် သို့မဟုတ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ် တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပုံထွက် မကောင်းတော့သည့် လက်ရှိဓာတ်မှန်စက်ကို မော်ဒယ်ကောင်းမွန်သည့် ဓာတ်မှန်စက်ဖြင့် အမြန်ဆုံး အစားထိုးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လိုအပ်လျက်ရှိသော  X-ray machine (100 mA)-(1)Unit အား ကုသရေးဦးစီးဌာန၏ (၁၇-၉-၂၀၁၈) ရက်စွဲပါစာအမှတ်၊ ကုသ/ဖြန့်ဖြူးရေး/၂၀၁၈(၈၃၃)ဖြင့် ထောက်ပံ့ပေးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။ 

(စ)ဒေါ်နွယ်နွယ်အောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်ရှိ မော်လမြိုင်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင်‌့မီ လေယာဉ်ကွင်းအဖြစ် အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ရန်အတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေချမှတ်ပေးရန် အစီအစဉ် ရှိ/မရှိ သို့မဟုတ် နိုင်ငံတော်မှ အခြားသော နိုင်ငံခြားလုပ်ငန်းရှင်ဖြင့်ဖြစ်စေ၊ ကုမ္ပဏီဖြင့်ဖြစ်စေ အကျိုးတူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင်သည့်စနစ် (Public Private Partnership-PPP) ဖြင့် နိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးကို လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြား သည်။

(ဆ)ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ယနေ့ လူမှုကွန်ရက် စာမျက်နှာ (Facebook) ပေါ်တွင် ရေးသားအသုံးပြုကြသူများအနက် အချို့မှာ Account (၂)မျိုး၊ (၃)မျိုးသုံးပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဆဲဆိုခြင်း၊ မိသားတစ်စု၊ မောင်နှင့်နှမ မဖတ်သင့် သည့် အလွန်ညစ်ညမ်းသောအသုံးအနှုန်းနှင့် အမနာပ ဝေဖန်ပုတ်ခတ် တိုက်ခိုက် လာခြင်း၊ ၎င်းကို Like လုပ်ပေးခြင်း၊ Comment ပေးခြင်း စသည်ဖြင့် အတင့်ရဲစွာ လုပ်ဆောင်လာကြခြင်းသည် ကြာလျှင် အရိုင်းကို အယဉ်မှတ်ထင်လာပြီး ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ရပ်ဟုပင် လွဲမှားစွာ ခံယူထင်မြင် ကျင့်သုံးလာခြင်းမျိုး မဖြစ်စေရန် အတွက် သက်ဆိုင်ရာမှ ကန့်သတ်ထိန်းချုပ် တားမြစ်ပေးရန် သို့မဟုတ် အရေးယူ ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က  ဆိုရှယ်မီဒီယာ အသုံးပြုရာတွင် လိုက်နာ သင့်သည့်အချက်များ၊ သတိပြုရမည့်အချက်များကို ပြည်သူလူထုမှ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေခြင်း၊ မိုဘိုင်းတယ်လီဖုန်း သုံးစွဲမှုဆိုင်ရာ နည်းပညာ များကို အသိပညာပေးဆွေးနွေးခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြပွဲများနှင့် လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာခြင်း 

၄။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က မြန်မာ့ ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

၅။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုး (ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး)က မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

၆။ အစည်းအဝေးကို ၁၁၂၉ နာရီ အချိန်တွင် ရပ်နားပြီး (၁၄)ရက်မြောက်နေ့ အစည်းအဝေးကို   ၁၄-၁၂-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

  အမျိုးသားလွှတ်တော်