ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၈ ရက်
( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက် )
[ဗုဒ္ဓဟူးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက် နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-
(က) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာရှိ ယခင်စက္ကူစက် (စစ်တောင်း) ပိုင် စိုက်ခင်းမြေ(၉၇၅၀)ဧကနှင့် ပတ်သက်၍ စစ်တောင်းစက္ကူစက် မရှိ တော့သဖြင့် ယခု ၎င်းစိုက်ခင်းမြေကို မည်သို့အသုံးပြုနေသည် သို့မဟုတ် မည်သို့အသုံးပြုရန် စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဧရိယာ (၉၇၅၀)ဧက အား မွန်ပြည် နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တို့မှ မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ထိန်းသိမ်းလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှစာရင်းရေးသွင်း၍ မှတ်တမ်းထိန်းသိမ်း ထားပြီး မြေဧရိယာ(၉၇၅၀)ဧကအား စိုက်ပျိုးလုပ်ကိုင်ခွင့်လျှောက် ထားလာ ပါက ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်၍ အနီးပတ်ဝန်းကျင်ရှိ ခရွှဲ ကျေးရွာအုပ်စု၊ မုက္ခမော့ကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုတို့မှ မြေယာပိုင်ဆိုင်မှုမရှိသေးသော အိမ်ထောင်စုများထံ တစ်အိမ်ထောင်လျှင်(၂)ဧကနှုန်းဖြင့် ရာသီသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ချထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(ခ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည် နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ရဲစခန်းကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က စွန်တောင်ရဲကင်းစခန်းမှာ ဖွဲ့စည်းပုံ အရခွင့်ပြုပြီးဖြစ်သော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုရှိခြင်း၊ မှုခင်း ဖြစ်ပွားမှုနည်းပါးခြင်း၊ မင်းတပ်မြို့မရဲစခန်းမှ လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးလုပ်ငန်းများအား နိုင်နင်းစွာဆောင်ရွက်နိုင်ခြင်းနှင့် မင်းတပ်မြို့မ ရဲစခန်းမှ ဒုရဲအုပ်ဦးစီးအင်အား (၆)ဦး ဖြင့် ၁၂-၂-၂၀၁၈ ရက်နေ့ မှစတင်၍ တစ်ပတ်လျှင်(၂)ကြိမ် ရွာစဉ်ကျယ်လှည့်ကင်းဆောင်ရွက် ပေးလျက်ရှိပါ သဖြင့် စွန်တောင်ရဲကင်းစခန်း ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေး ပါကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည် နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာအုပ်စုနှင့် တစ်ဆက်တစ်စပ်တည်း ရှိသော ညောင်ပင်သာကျေးရွာအုပ်စုမှ ညောင်ပင်သာကျေးရွာ၊ ခရုချောင်း ကျေးရွာတို့ပူးပေါင်း၍ နန်းမားမြို့အဖြစ် အဆင့်မြှင့်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူ က နန်းမားကျေးရွာ အုပ်စုနှင့် ညောင်ပင်သာ ကျေးရွာအုပ်စုရှိ ညောင်ပင်သာကျေးရွာနှင့် ခရုချောင်းကျေးရွာတို့ပူးပေါင်း၍ နန်းမားမြို့အဖြစ် အဆင့်မြှင့်တိုးမြှင့်ဖွဲ့စည်းပေးနိုင်ရေးအတွက် ကွင်းဆင်း စိစစ်ခဲ့ရာ မြို့အင်္ဂါရပ်(၂၁)ချက်အနက် (၂၀)ချက်မှာ ကိုက်ညီမှုရှိခြင်း၊ မိလ္လာစွန့်ရန် မြောင်းတူးသည့်မြေနေရာ(၅)ဧကမရှိသော်လည်း ယင်လုံ အိမ်သာ၊ ရေလောင်းအိမ်သာများအသုံးပြုလျက်ရှိပြီး ဒေသခံပြည်သူများမှ သဘောတူကြောင်း သဘောထားထောက်ခံချက်များရရှိပြီးဖြစ်ပါသဖြင့် ညောင်ပင်သာကျေးရွာနှင့် ခရုချောင်းကျေးရွာတို့ကိုစုစည်း၍ နန်းမားမြို့ အဖြစ် သတ်မှတ်ပေးရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၀၈ခု နှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၅၄)နှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ရခိုင်ပြည် နယ်၊ မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ (န.တ.လ) ကျေးရွာများ၌ နေထိုင်ကြသည့် နိုင်ငံသား/တိုင်းရင်းသားများ၏ လူဦးရေနှင့် အိမ်ထောင်စုပုံစံ ၆၆/၆ စာရင်းများအား နိုင်ငံခြားသားများ မတရားဝင်ရောက် ကာကွယ်တားဆီးရေးအဖွဲ့ (မကဖ)မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ မည်သည့်အချိန်၌ စနစ်တကျ လွှဲပြောင်းပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ရခိုင်ပြည် နယ်၊ မောင်တောခရိုင် (န.တ.လ)ကျေးရွာများရှိ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ အား လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၄)မှလည်းကောင်း၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦး စီးမှူးရုံးတို့မှ အသီးသီးထုတ်ပေးထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက် ခွန်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့မှ ဝန်ထမ်းများဖြင့်ဖွဲ့စည်း ထားသော အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့တွင် တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၄)နှင့် ယင်းအောက် ရှိ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ်တားဆီးရေးအဖွဲ့ (မကဖ)တွင် ထိန်းသိမ်းထားရှိသော အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ သည် နှစ်စဉ် (၃)မျိုးစာရင်းကောက်ယူရာတွင် လူဦးရေစာရင်း သိရှိနိုင်ရန်အတွက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ၎င်း၏ လုပ်ငန်းတာဝန်ဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆ ဆောင်ရွက်မှုအပေါ် ထိခိုက်နှောင့်ယှက်မှုမရှိဘဲ အခြေအနေအရပ်ရပ်အရ ဆောင်ရွက်ရန်လိုအပ်သဖြင့် သီးခြားထပ်မံဆောင်ရွက်ခြင်းသာဖြစ်ပါသော ကြောင့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဒေါက်တာမောင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ နိုင်ငံတော်အဝှမ်း၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာများထဲရှိ လိုင်စင်မဲ့အရက် ပုန်းဆိုင်များကို ယစ်မျိုးဥပဒေအရ အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် လိုင်စင်မဲ့ အရက်ပုန်းဆိုင်များနှင့် တရားမဝင် ယစ်မျိုး လုပ်ငန်းများကို ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးစီမံချက် ကာလ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်းပေးတိုင်ကြားမှုအပေါ် အလေးထားဖော်ထုတ် ဖမ်းဆီးလျက်ရှိပါကြောင်းနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့(Task Force) များမှလည်း နယ်မြေအလိုက် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
အတည်ပြုခြင်း
၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၄။ ဦးဇော်မင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။ ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၅။ အစည်းအဝေးကို ၁၁၀၀ နာရီအချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်း အဝေးကို ၈-၆-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်