Share this

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၄.၂.၂၀၁၉)

Thursday, February 14, 2019 - 14:06
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၀ ရက်

( ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် )

[ကြာသပတေးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)  ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း အသေးစား SME လုပ်ငန်းစုများပါဝင်သည်‌့ စက်မှုဇုန်တစ်ခု ထူထောင်ပေးရန် မည်ကဲ့သို့ကူညီဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း မေးခွန်း နှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က မွန်ပြည်နယ်အတွက် လိုအပ်သည့် စက်မှုကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွေး ထုတ်ပေးနိုင်ရန် စက်မှုသင်တန်းကျောင်း(သထုံ)ကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက် လျက်ရှိကြောင်း၊ ဘီးလင်းမြို့၏ (၂၅)မိုင်ခန့်အကွာရှိ ဌာနပိုင်မြေနေရာတွင် MSME လုပ်ငန်းများပါဝင်သည့် စက်မှုနယ်မြေ (သထုံ)  Eco- Industry Park (Thaton) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )ဦးအောင်မျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ကျေးလက်နေ ပြည်သူ လူထုကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေ သော မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာများအတွင်းရှိ စပါးခွံလောင်စာ (Gas-Fired)သုံး ဆန်စက်များအား အမြန်ဆုံးကြပ်မတ်စစ်ဆေး အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က ပြည်သူများ၏ ကျန်းမာရေးမထိခိုက်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စက်မှုဝန်ကြီးဌာနအနေဖြင့် Gasifier သုံး ဆန်စက်များအား စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး ဒေသဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက သင့်လျော်ရာနေရာများ သို့ ပြောင်းရွှေ့စေခြင်းနှင့် မွမ်းမံပြင်ဆင်စေခြင်းတို့ကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့်အတူ ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် အကျဉ်းသားများ ထူထပ်ကြပ်တည်းနေသဖြင့် အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးနစ်နာနေခြင်း၊ ထောင်ဝန်ထမ်းဦးရေသည်လည်း ဖွဲ့စည်းပုံ အင်အားပြည့်မီခြင်း မရှိသဖြင့် ဥပဒေနှင့်အညီ ကြပ်မတ်ထိန်းသိမ်းအုပ်ချုပ်ရန် အခက်အခဲဖြစ်နေသည့် လက်ရှိအခြေအနေများအားဖြေရှင်းရန် မည်ကဲ့သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က အကျဉ်းသားအခွင့်အရေး နစ်နာဆုံးရှုံးမှုမရှိစေရန် အိပ်ဆောင်အသစ်များ၊ နှစ်ထပ်အိပ်ဆောင်များနှင့် အကျဉ်းထောင်/အချုပ်ထောင်အသစ်များ ထပ်မံဆောက်လုပ်လျက်ရှိကြောင်း၊ ဝန်ထမ်းအင်အား ပြည့်မီစေရန် အကျဉ်းထောင်ဝန်ထမ်း ခန့်ထားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေနှင့်အညီ တာဝန်ရှိသူများမှ အကျဉ်းသားများ ကို ကြပ်မတ်ထိန်းသိမ်းနိုင်ရန် နည်းပညာအထောက်အပံ့များ ဖြည့်တင်းဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ဃ )ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မူးယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေး ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ အင်အားပြည့်စုံရန်နှင့် ခေတ်မီအထောက်အကူပြု ပစ္စည်းပစ္စယများဖြည့်တင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား တိုးချဲ့ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အားပြည့်မီလာသည့် အခြေအနေအပေါ်မူတည်၍ ထပ်မံတိုးချဲ့ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး (ONCB)၊ သြစတြေးလျနိုင်ငံရဲတပ်ဖွဲ့ (AFP)၊ တရုတ်နိုင်ငံအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့(NNCC)တို့မှ ထောက်ပံ့ပေးသည့် ခေတ်မီအထောက်အကူပြုပစ္စည်းများအပြင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့်လည်း ခေတ်မီအထောက်အကူပြုပစ္စည်းများကို ဝယ်ယူ၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဦးကျော်ဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ဌာနဆိုင်ရာများ တွင်ရှိသော ယာဉ်အို၊ ယာဉ်ဟောင်းများကို မည်သို့ဆောင်ရွက်ရန် စီစဉ်ထားသည်ကို သိရှိလိုခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ အသုံးပြုနိုင်ရန် သင့်လျော်သော ယာဉ်၊ မော်တော်ဆိုင်ကယ်များ ထောက်ပံ့ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ထုတ်လုပ်သည့်ခုနှစ် ကြာမြင့်သည့်ဌာနပိုင် ယာဉ်အို၊ ယာဉ်ဟောင်းများနှင့် ပြုပြင်သုံးစွဲရန် မသင့်အဆင့်သတ်မှတ်သည့် ယာဉ်များကို သံရည်ကျိုဖျက်ဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာသိမ်းယာဉ် ရရှိမှုအပေါ် မူတည်၍ ဌာန၊ အဖွဲ့အစည်းများ၏ ယာဉ်လိုအပ်ချက်များကို လက်ခံထုတ်ပေးလျက်ရှိခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ လုပ်ငန်းလိုအပ်ချက် အရ မြို့နယ်အဆင့် ဌာနဆိုင်ရာများအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ တင်ပြတောင်းခံလာပါက စိစစ်၍ ခွဲဝေပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( စ )ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာပြည်တစ်ပြည်လုံး ဝန်ကြီးဌာနများရှိ ဝန်ထမ်းများ၏ အပြောင်းအရွှေ့ ရာထူးတိုးများကို ဗဟိုချုပ်ကိုင်မှုစနစ် (Centralization) လျှော့ချ၍ ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က အပြောင်းအရွှေ့ကိစ္စရပ်များနှင့် စပ်လျဉ်၍ ရာထူးလစ်လပ်မှု၊ အလှည့်ကျစနစ်၊ ဒေသခံဝန်ထမ်းများ၊ မိသားစုအခက်အခဲရှိသော ဝန်ထမ်းများ၊ အနေကြာဝန်ထမ်း များ၊ ဖွဲ့စည်းပုံလစ်လပ်မှု အခြေအနေအပေါ်မူတည်၍ ရာထူးတိုးဝန်ထမ်းများအား ပြောင်းရွှေ့တာဝန်ပေးခြင်းနှင့်   ဌာနဆိုင်ရာအကြီးအကဲများ ပြောင်းရွှေ့တာဝန် ချထားခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အရည်အချင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ဟု ဖြေကြားချက်များပေးပို့ချက်အရ ဝန်ကြီးဌာနအားလုံး နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး က ၂၀၁၆ ခုနှစ်၊ အမျိုးသားမြေအသုံးချမူဝါဒ (National Land Use Policy) ရှိသော်လည်း မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွန်စွာအရေးကြီးပါသဖြင့် ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သော အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမူဝါဒကို ပြန်လည်သုံးသပ်၍ မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေအသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း  အဆို တင်သွင်းရာ လွှတ်တော် က လက်ခံဆွေးနွေးရန်    ဆုံးဖြတ်ပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၄။ အစည်းအဝေးကို ၁၁၂၉ နာရီ အချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၁၅-၂-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်