Share this

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၁၁ - ၁၂ - ၂၀၁၈)

Tuesday, December 11, 2018 - 13:46
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း  ၄ ရက်

( ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် )

[အင်္ဂါနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  ဒသမပုံမှန်အစည်းအဝေး   (၁၂)ရက်မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးနိုင်ကိုကို၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းထားသော မြို့နယ် တည်ဆောက်ရေး လုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီကို ပြည်ထောင်စုအစိုးရမှ ဖျက်သိမ်းပြီး မြို့နယ်များတွင် နယ်ပယ်အလိုက် တတ်သိပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သော Third Party ကို ပြည်ထောင်စုအစိုးရမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က သက်ဆိုင်ရာ ကဏ္ဍအလိုက် Construction Management, Safety, Quality Control, Fire Protection and Inspection နှင့် ပတ်သက်သည့် Inspection Teams များ ဖွဲ့စည်းဆောင်ရွက်ပြီးပါက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းထားသော မြို့နယ်တည်ဆောက်ရေး လုပ်ငန်း အရည်အသွေးစစ်ဆေးရေး ကော်မတီများကို ဖျက်သိမ်းသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။ 

( ခ )ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ယခုအခါတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ သို့မဟုတ် ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ သို့မဟုတ် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ ဥပဒေဆိုင်ရာ အထောက်အကူဥပဒေ၊ နည်းဥပဒေများတွင် ပြစ်မှုကျူးလွန်သူများ ရှေ့နေရှေ့ရပ်များ မငှားနိုင်ပါက လိုက်နာဆောင်ရွက်ပေးရန်သာဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် တရားမလမ်းကြောင်းအရ တရားမဥပဒေများဖြင့် စွဲဆိုရမည် ဆိုပါက ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့များမှ လိုက်ပါဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မည်သို့ လမ်းညွှန်မှု၊ အကြံပေးနိုင်မှုများ ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း က ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေပါ ပြဋ္ဌာန်းချက် အရ ဥပဒေဆိုင်ရာ အထောက်အကူအဖွဲ့များအနေဖြင့် လိုက်ပါဆောင်ရွက်ခွင့် မရှိကြောင်း ဖြေကြားသည်။

( ဂ ) ဦးဇော်မင်းလတ်(ခ)ဦးကိုလတ်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁)၏ ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပြည်ထောင်စု ကျောက်တိုင်ကွင်းသို့ လာရောက်လေ့လာကြသော ခရီးသွားဧည့်သည်များ၊ တိုင်းရင်းသားပြည်သူများ အတွက် သမိုင်းဝင် ပင်လုံစာချုပ် ပေါ်ပေါက်လာပုံ သမိုင်းနှင့် ပင်လုံကျောက်တိုင် တည်ဆောက်ခဲ့သော ရည်ရွယ်ချက်များကို သမိုင်းနောက်ခံ ပန်းချီကားချပ်များ၊ ဓာတ်ပုံများ၊ အထောက်အထား စာရွက်စာတမ််း မှတ်တမ်းများ၊ မှတ်တမ်းရုပ်ရှင် များဖြင့် စီစဉ်ချိတ်ဆွဲပြသနိုင်စေရန် Mini Cinema တစ်ခု၊ ပြခန်းတစ်ခု၊ ပြည်သူများ စုဝေးခန်းတစ်ခုနှင့် နားနေခန်း တစ်ခုပါဝင်သော ပြတိုက်တစ်ဆောင်ကို ပြည်ထောင်စုအစိုးရ အနေဖြင့်ဖြစ်စေ၊ ရှမ်းပြည်နယ်အစိုးရ အနေဖြင့်ဖြစ်စေ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း က ပြည်ထောင်စုအစိုးရအနေဖြင့် ရှမ်းပြည်နယ် အစိုးရက တင်ပြလာခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။

(ဃ) ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ရှိ ရှေးမြန်မာမင်းများ တူးဖော်ခဲ့သော ဝက်သည်းကန်ကြီးအတွင်းမှ ရွှံ့နွံများဆယ်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်က ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နှစ်အလိုက်ဆောင်ရွက်ရမည့်လုပ်ငန်း ပမာဏ နှင့် ကုန်ကျစရိတ်ကို တွက်ချက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ တိုင်းဒေသကြီးရန်ပုံငွေတွင် ထည့်သွင်း လျာထားတောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ရှင်းလင်း ဖြေကြားသည်။

(င)ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း ရှေးယခင်အတိုင်း လူနှင့်တိရစ္ဆာန်များ သောက်သုံးရေ အဖြစ် အသုံးပြုခဲ့ရသော မြေသားရေကန်(၁၂)ကန်အား ရေစီးရေလာကောင်းရန်၊ ရေသိုလှောင်ထားနိုင်ရန်အတွက် ပြင်ဆင်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဆားတောင်ကျေးရွာနှင့် မကျီးပင်တက်ရွာမှ သောက်ရေကန်(၂)ကန် ပြုပြင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း၊ ကျန်ရှိသော သောက်ရေကန်(၁၀)ကန်အား ခန့်မှန်းကုန်ကျငွေ တွက်ချက်ပြီး  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။ 

(စ)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ ဝါကြိတ်စက်ရုံနှင့် အဆောက်အအုံ (၃၄)လုံး ပါဝင်သော (၉.၇၈)ဧက ကျယ်ဝန်းသည့် ဝါစက်ဝင်းကြီးအား (၄-၇-၂၀၁၂)မှ နှစ်ရှည်  နှစ်(၃၀)ငှားရမ်းလုပ်ကိုင်နေသော Thein Min Industry Group Co.ltd မှ မူလပင်မစာချုပ်ကြီးနှင့် လိုသလိုပြင်ဆင်၍ အကြိမ်ကြိမ် ထပ်မံချုပ်ဆိုထားသော စာချုပ်များဖြင့် နိုင်ငံတော်အတွက် လည်းကောင်း၊ ဒေသအတွက်လည်းကောင်း အကျိုးလုံးဝမရှိဘဲ ငှားရမ်းသူ စီးပွားရေးသမားကုမ္ပဏီအတွက်သာ အကျိုးရှိနေ သော ဝါလုပ်ငန်း အမှန်တကယ် လုပ်ကိုင်ခြင်းမရှိသည့် အဆိုပါ ကုမ္ပဏီအား စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်မှ (၁၄-၃-၂၀၁၇)နေ့တွင် ငှားရမ်းစာချုပ်အား ဖျက်သိမ်းပြီး ငှားရမ်းခြင်းရပ်စဲကြောင်း အတည်ပြုထားခဲ့သော်လည်း ဖျက်သိမ်း ရပ်စဲခြင်း မရှိ၍ မည်သည့်အချိန်တွင် ဖျက်သိမ်းရပ်စဲရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  Thein Min Industry Group Co., Ltd သို့ စာချုပ်ချုပ်ဆိုငှားရမ်းခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် ခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်နှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဖြစ်သည့်အတွက် ကုမ္ပဏီ၏ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုအပေါ် မူတည်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်း၊ အဆိုတင်သွင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၃။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည် (ဥပဒေ ကြမ်းကော်မတီဝင်)က စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏  အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။ 

၅။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းနှင့် စပ်လျဥ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲ သည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး က အဆို တင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌ က ကြေညာသည်။

ဥပဒေကြမ်းတင်သွင်းခြင်း

၆။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း 

၇။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် (ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်)က ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း  တင်သွင်းနိုင်ကြောင်း  ကြေညာသည်။

၈။ အစည်းအဝေးကို ၁၁၃၁ နာရီ အချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၁၂-၁၂-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

     အမျိုးသားလွှတ်တော်