ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
( ၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက် )
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက် နေ့ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဥ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် - ဖာကျွတ် - လွယ်လင်လျှံ - ပန်လုံ မြေသားလမ်းကို ကတ္တရာလမ်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ဟိုပန်-ဖာကျွတ်-လွယ်လင်လျှံ-ပန်လုံလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ စီမံခန့်ခွဲသောလမ်းဖြစ်၍ အချို့ လမ်းများကို ကတ္တရာလမ်းများအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာစဉ် တစ်လျှောက်ကျန်ရှိနေသော လမ်းပိုင်းများအနက် (၁)မိုင်(၀.၃)ဖာလုံအား အဆင့်မြှင့်တင်ရန် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်(၁၂)လရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် လမ်းပိုင်းများ ကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
(ခ) ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ချင်းပြည်နယ်၊ ဟားခါး မြို့နယ်အတွင်းရှိ ဆူရ်ခွား-ဒွမ်ဗား-ဖာဟော ရွာချင်းဆက် ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ဆူရ်ခွား- ဒွမ်ဗား-ဖာဟော လမ်းသည် စုစုပေါင်း လမ်းအရှည်(၂၈)မိုင်ရှိပြီး နယ်မြေ ခွဲဝေသတ်မှတ်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် နယ်မြေဖြစ်၍ အဆိုပါလမ်းအား လမ်းအဆင့်မြှင့် တင်ရန်အတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့၏ မေတ္တာရပ်ခံချက်အရ ဆောက်လုပ် ရေးဝန်ကြီးဌာနမှ (၁၄)မိုင်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ကျန်(၁၄)မိုင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ (၂၄)ပေ အကျယ် မြေသားလမ်း ဖောက်လုပ်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေတွင် ထည့် သွင်းလျာထားရန် လုပ်ငန်းစီမံချက်ရေးဆွဲပေးပို့ထားပြီး လုပ်ငန်းစီမံချက် တွင် ဖော်ပြထားသော ဘဏ္ဍာရေးနှစ်များထက် ပိုမိုစောနိုင်သမျှစော၍ ရန်ပုံငွေထည့်သွင်း လျာထားနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဂ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ပင်မလမ်းမကြီးများ၌ လိုအပ်သည့် လမ်းပိုင်းများတွင် လမ်းအဆင့်မြှင့်တင်ရန် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေနှစ်ရပ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်အားဖြည့် ပူးပေါင်းလုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ရမ်းဗြဲ မြို့နယ်အတွင်းရှိ လမ်း၊ တံတားလုပ်ငန်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၁၈)ပေအကျယ် ကွန်ကရစ်လမ်း(၂)မိုင်(၄)ဖာလုံ မြေသားတာဘောင်မြှင့်တင်၍ ဒု-အခြေခံလွှာခင်းခြင်း (၃)မိုင်(၁)ဖာလုံ ပေ(၅၀)နှင့် အထက် သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက် နိုင်ရန် ပြည်နယ်ရန်ပုံငွေဖြင့်လည်းကောင်း၊ ကင်းချောင်းတံတားတည်ဆောက်ခြင်းကို ပြည်ထောင်စုရန်ပုံငွေသို့ တင်ပြ တောင်းခံထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဃ) ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ကြီးတွင် မုန်တိုင်းကြောင့် ပျက်စီးနေသော မင်းဂံခန်းမကို ပြန်လည်ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က မင်းဂံခန်းမဟောင်း မြေနေရာအား အစိုးရအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် ရပ်ကွက် နေပြည်သူများရေရရှိရေးလုပ်ငန်းတွင် ရေစက်ရုံ၊ ရေလှောင်ကန်များ တည်ဆောက်ပေးနိုင်ရန်အတွက် JICA မှ မြေနေရာသုံးပုံ တစ်ပုံခန့် မင်းဂံရေပေးရေးအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်မြေနေရာအား ရပ်ကွက်နေပြည်သူလူထုမှတင်ပြသည့် မင်းဂံခန်းမ တည်ဆောက်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ထည့်သွင်း ရေးဆွဲပြီး ရန်ပုံငွေခွဲဝေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
(င) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်း(သံလမ်းကူး)၏ တောင်ဘက်ကပ် လျက် အမှတ်(၂) ပြည်ထောင်စုလမ်းမကြီး (အများသွားလာရန်လမ်း) ပေါ်နှင့် အထက်မှ ပင်မလျှပ်စစ်ကြိုးကြီး တည့်တည့်အောက်၌ ကျူးကျော် ဆောက်လုပ်နေထိုင်အသုံးပြုနေသော ယခင်က စစ်ပြန်ကြီး စောဘလင်း ထန်းရည်ဆိုင်၊ ယခုအရက်ဆိုင်နှင့် ငှားရမ်းထားသော ဆိုင်ခန်း(၄)ခန်း တို့အား ဖယ်ရှားရန် ခေတ်အဆက်ဆက် အကြောင်းကြားစာများ ထုတ်ဆင့်ခဲ့သော်လည်း လက်တွေ့ဖယ်ရှားခဲ့ခြင်းမရှိဘဲ အစိုးရအဆက် ဆက် လျစ်လျူရှုနေခဲ့သဖြင့် အခြားစျေးသည်များမှ ၄င်းနည်းအတိုင်း ကျူးကျော်ဆောက်လုပ်ရန် ပြင်ဆင်နေပါသောကြောင့် အဆိုပါကျူးကျော် အဆောက်အအုံကို ယခုအစိုးရလက်ထက်၌ အပြီးအပြတ်ဖယ်ရှားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က မုံရွာမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တရား လိုပြုလုပ် တရားစွဲဆိုခဲ့သော်လည်း စစ်ပြန်ကြီးစောဘလင်းနှင့် ငှားရမ်းထား သော ဆိုင်ခန်း(၄)ခန်းသည် မြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ မီးရထားမြေပေါ်တွင် ဆောက်လုပ်ထားကြောင်းပေါ်ပေါက်သဖြင့် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ -၂၄၅(၁)အရ အမှုမှ အပြီးအပြတ် လွတ်မြောက် ခဲ့ပြီး အဆိုပါ ကျူးကျော်အဆောက်အဦများတည်ရှိသည့် မြေနေရာသည် မီးရထားနယ်မြေဖြစ်သည့် စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသည့် အတွက် မြန်မာ့မီးရထားမြေပေါ်တွင် အဆောက်အဦ ဆောက်လုပ်နေထိုင်မှု အပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာ မြန်မာ့မီးရထား အင်ဂျင်နီယာမှူး(မြို့ပြရုံး) တိုင်းအမှတ် (၂) ရွာထောင်မှ ကျူးကျော် ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် Notic စာထုတ်ပြန် ဆောင်ရွက် နိုင်ရေး တိုင်းတာဝန်ခံ (တိုင်း-၂) ရွာထောင်သို့ ညှိနှိုင်းဆာင်ရွက်ဆဲ ဖြစ်ပါ ကြောင်း ဖြေကြားသည်။
(စ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေး ရုံးနှင့် ကပ်နေသည့် စိန်ပန်းလမ်းနှင့်ကံ့ကော်ရပ်ကွက် လမ်းမကြီးပေါ်တွင် ကျူးကျော်၍ ဆောက်လုပ်တည်ခင်းရောင်းချနေသည့် ဆိုင်ခန်းပေါင်း (၄၀)ခန့်နှင့် ပတ်သက်၍ မည်သို့စီမံဆောင်ရွက်ထားပြီး ကျိုက်ထိုမြို့၏ မူလစျေးဟောင်း မြို့မစျေးနှင့်ပတ်သက်၍ မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း က ကံ့ကော်ရပ်ကွက် စိန်းပန်းလမ်းရှိ လမ်းမကြီး ပေါ်တွင် ကျူးကျော်ဆောက်လုပ်ရောင်းချနေသော ပျံကျစျေးဆိုင်ခန်းများ အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျိုက်ထိုမြို့၊ မြို့မစျေး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက မူလလမ်းမကြီးမှ ဖယ်ရှား ရှင်းလင်း၍ မြို့မစျေးကြီးအတွင်းသို့ ရွှေ့ပြောင်းနေရာချထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ များကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာခြင်းအား အမျိုးသားလွှတ်တော်သို့ အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။
၄။ အစည်းအဝေးကို ၁၀၄၈ နာရီအချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၆-၆-၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်