ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
( ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် )
[ သောကြာနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -
(က) စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နှင့် ကျိုက်ဒုံမြို့တို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အားလိုင်းများ အပြီးသတ် သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ကော့ကရိတ်မြို့နယ်၊ ကိုးတိုင် 66 KV Switching Station မှ ကျိုက်ဒုံသို့ ၆၆ KV ဓာတ်အားလိုင်း ၄၄ မိုင်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ကျိုက်ဒုံတွင် ၆၆/၁၁ KV ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံတည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင်လည်းကောင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရန် လျာထားပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ရှမ်းရွာသစ်မြို့သို့ မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က လှိုင်းဘွဲ့(ဒိုင်းပြ) ၆၆/၃၃ KV ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံတွင် 33 KV Outgoing Switchbay (၁)စုံ၊ လှိုင်းဘွဲ့-ရှမ်းရွာသစ် ၃၃ KV ဓာတ်အားလိုင်း (၂၇)မိုင်နှင့် ရှမ်းရွာသစ်မြို့တွင် ၃၃/၁၁ KV ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံတည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ပေးနိုင်ရန် စီမံချက်လျာထားရေးဆွဲ ထားပြီး ခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ၂၀၃၀ ပြည့်နှစ်တွင် တစ်ပြည်လုံး မီးလင်းရေး ရည်မှန်းချက်နှင့်အညီ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိနိုင်ရေးနှစ်အလိုက် မည်ကဲ့သို့ စီမံကိန်း ရေးဆွဲထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အထိ ဖလမ်းမြို့နယ်အတွင်း စီမံချက်အရ စာရင်းရှိကျေးရွာတချို့ကို ဓာတ်အား စနစ်ဖြင့် မီးလင်းနိုင်ရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ကျန်ကျေးရွာများသည် ပြန့်ကျဲစွာ တည်ရှိနေခြင်းနှင့် မြေပြင်အနေအထားအရ နေရောင်ခြည် သို့မဟုတ် အသေးစား ရေအားလျှပ်စစ်စက်ရုံကဲ့သို့သော ဓာတ်အားစနစ်ပြင်ပ အခြား နည်းလမ်းများဖြင့် မီးလင်းရေးဆောင်ရွက်ရမည့် ကျေးရွာများဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း (Clean Coal) နည်းပညာကို အသုံးပြု၍ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော် တည်ဆောက်ပေး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝ မြို့နယ်အတွင်းနှင့် မြန်မာနိုင်ငံအတွင်း အခြားသင့်လျော်သည့် နေရာများတွင် Clean Coal Technology အသုံးပြု၍ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ များအား နိုင်ငံတော်၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် နိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(င) နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ လျှပ်စစ်ဝန်ထမ်းများ လုပ်ငန်းခွင် မတော်တဆ ထိခိုက်နစ်နာ အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက် ကြိုတင်ကာကွယ်မှုများ၊ အကာအကွယ်ပစ္စည်းများ အသုံးပြုရန်အတွက် အသိပညာပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က Personal Protection Equipments (PPE)များနှင့် Safety Equipment များကို မြို့နယ် အသီးသီးသို့ ဖြန့်ဝေထောက်ပံ့ပေးထားပြီး စနစ်တကျသုံးစွဲခြင်း ရှိ/မရှိကို ရုံးချုပ်မှ အကြီးတန်းကြီးကြပ်အင်ဂျင်နီယာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့မှ လစဉ်စစ်ဆေး ကြပ်မတ်လျက်ရှိပြီး လျှပ်စစ်အန္တရာယ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက အသိပညာ ပေးစာ၊ ညွှန်ကြားစာများကို အချိန်နှင့်တပြေးညီ ထုတ်ဝေညွှန်ကြားလျက်ရှိပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်စေရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ထိရောက်စွာ အရေးယူအပြစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၃။ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင် (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အခြေခံပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၄။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က စကားရပ် ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၅။ ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦး က ဆွေးနွေးသည်။
၆။ အစည်းအဝေးကို ၁၁:၂၉ နာရီ အချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀-၈-၂၀၁၉ ရက်နေ့(အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်