Share this

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၁.၅.၂၀၁၉)

Tuesday, May 21, 2019 - 14:12
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်)

[ အင်္ဂါနေ့ ]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က)ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရပြီး ကုန်ထုတ်စခန်း(ယခင်ရဲဘက်စခန်း)များတွင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ကြရ သည့် အကျဉ်းသားများ၏ တစ်ရက်လုပ်အားခနှုန်းထားများကို ၂၀၀/- ကျပ်မှ ပြင်ပ တစ်ရက်လုပ်အားခ ၄၈၀၀/-ကျပ်၏ သုံးပုံတစ်ပုံခန့်သို့ တိုးမြှင့်သတ်မှတ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများ၊ ကုန်ထုတ်စခန်းများတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော ရဲဘက်အကျဉ်းသားများ လွတ်မြောက်သည့်အခါ လုပ်အားဆုငွေအဖြစ် ရဲဘက် အကျဉ်းသားတစ်ဦးကို တစ်ရက်လျှင် ၂၅၀/- ကျပ်နှုန်းသို့ တိုးမြှင့်ပေးထားခြင်း သည် ရဲဘက်အကျဉ်းသားများအတွက် သင့်လျော်သော လုပ်ခနှုန်းထားဖြစ်ခြင်း ကြောင့် ပြင်ပလုပ်ခ တစ်ရက်လျှင် ၄၈၀၀/- ကျပ်၏ သုံးပုံတစ်ပုံခန့်သို့ တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ်မရှိကြောင်း၊ ဌာနအနေဖြင့် ရဲဘက်အကျဉ်းသားများ ကို လုပ်အားခဆုငွေ ထုတ်ပေးမှုနှင့်ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ပေးသော မူဝါဒလမ်းညွှန်ချက်များနှင့်အညီ လိုက်နာလျက်ရှိကြောင်း ရှင်းလင်းဖြေကြား သည်။

(ခ)ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား နိုင်ငံတကာရဲတပ်ဖွဲ့များကဲ့သို့ အဆင့်မီတပ်ဖွဲ့ဖြစ်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က တပ်ဖွဲ့ဝင်များကို တိုးချဲ့ စုဆောင်းခြင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ချက် များကို ဘက်စုံဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ နေအိမ်လိုင်းခန်းများကိုလည်း ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ ခေတ်မီမောင်းပြန်သေနတ်များနှင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များကို တပ်ဆင်ပေးခြင်း၊ မှုခင်းများ စုံစမ်းဖော်ထုတ်မှုအတွက် အထောက်အကူပြု ပစ္စည်းများကို အသုံးပြုဆောင်ရွက်လျက်ရှိခြင်း၊ ပိုမိုတိုးချဲ့အသုံးပြုနိုင်ရန် စီစဉ်၍ အကောင်အထည်ဖော်ခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေ အတည်ပြုပြဋ္ဌာန်း ပေးနိုင်ရေးအတွက် ရေးဆွဲလျက်ရှိကြောင်း ရှင်းလင်းဖြေကြား သည်။

(ဂ)နော်လှလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု မြင့်မားတိုးတက်လာစေရန် တာဝန်ရှိ မြန်မာနိုင်ငံ ပြည်သူ့ ရဲတပ်ဖွဲ့အား ကျား/မ ဆိုင်ရာ အကဲခတ်မှုဆိုင်ရာ အသိပညာပေးရန် (Gender Sensitivity Awareness) အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ရဲလေ့ကျင့်ရေးသင်တန်း ကျောင်းများတွင် သင်ကြားပို့ချပေးခြင်း၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်း ဆိုင်ရာရုံး (UNODC)တို့နှင့်ပူးပေါင်း၍ သင်တန်းများဖွင့်လှစ် သင်ကြားပို့ချခြင်း တို့ကို ဆောင်ရွက်လျက်ရှိပြီး ကျား/မ အခြေပြု(Gender Base)ဖြစ်ပေါ်လာသော မှုခင်းများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများနှင့် ပြည်သူများကြား အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း အထူးပြု၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR)” ဒုတိယ အကျော့သုံးသပ်မှုခံယူစဉ် မြန်မာနိုင်ငံအနေနှင့် ဖော်ဆောင်ရန် လက်ခံခဲ့သည့် အကြံပြုချက်များအပေါ် နောင်လာမည့် (UPR) တတိယအကျော့၌ အစီရင်ခံစာ တင်ပြရန် အဆင်သင့် ဖြစ်/မဖြစ် လက်ရှိအနေအထား၏ လိုအပ်မှု သို့မဟုတ် ပြည့်စုံမှုအခြေအနေအရပ်ရပ်အား သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က National Report ပြုစုရေးသား၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လနောက်ဆုံးထား၍ ကုလသမဂ္ဂသို့ တတိယအကျော့အစီရင်ခံစာအဖြစ် တင်သွင်းရမည်ဖြစ်ကြောင်း၊ UPR လုပ်ငန်းစဉ် သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာ က သိစေရန် စနစ်တကျဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုရှိစေရေး ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပါဝင်သင့်သည့်ကိစ္စရပ်များ ကျန်ရှိမှုမရှိ ပါဝင်စေရေး အထူးဂရုပြုဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(င)ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံ၏ အရေးကြီးဆုံး အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးအား ရေရှည်တည်တံ့စေရန်အတွက် ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် ထိန်းသိမ်းသွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် စီမံကိန်းနောက်အဆင့်များ ဆောင်ရွက်နိုင်ရေး တင်ပြညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံ၊ အဖွဲ့အစည်းများ၏အကူအညီဖြင့် ဆောင်ရွက်နိုင်မည့် မြစ်ကြောင်းဖွံ့ဖြိုးရေး၊ သဲနုန်းပို့ချမှုလေ့လာရေး၊ ရေအရည်အသွေးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို လေ့လာသွားမည်ဖြစ်ပြီး  ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း၏ Component 1 မှ ရရှိသည့် မြစ်ဝှမ်းဒေသပင်မစီမံချက် Basin Master Plan အရဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီမြစ်ကို ရေရှည်တည်တံ့စေရန်အတွက် ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ) ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာ အုပ်စု၊ အုန်းတောကမ်းကျေးရွာရှိ လေယာဉ်ကွင်းဟောင်းမြေနေရာအား ဘုတ်ပြင်း မြို့နယ် အများပြည်သူပိုင် ပင်လယ်ကမ်းခြေ အပန်းဖြေဥယျာဉ်အဖြစ် သတ်မှတ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က လေယာဉ်ကွင်းသစ်တည်ဆောက် ထားရှိပြီး လေယာဉ်ကွင်းဟောင်းသည် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထိန်းသိမ်းထားသော လေယာဉ်ကွင်းများစာရင်းတွင် မပါဝင်ခြင်း၊ လေယာဉ်ကွင်းဟောင်းမြေနေရာကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က တရားဝင်ပိုင်ဆိုင်မှုမရှိခြင်းတို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပါ မြေနေရာကို အများပြည်သူပိုင် ပင်လယ်ကမ်းခြေ အပန်းဖြေဥယျာဉ်အဖြစ် အဆင့်ဆင့်တင်ပြ၍ ဆောင်ရွက်ခြင်းအပေါ် ကန့်ကွက်ရန်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

(ဆ)ဦးဇုန်လှယ်ထန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ချင်းတိုင်းရင်းသားစာကို မည်ကဲ့သို့ သင်ကြား ပေးနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လက်ရှိအချိန်တွင် ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူရှိုင်း(ချင်း)စာပေ၊ လူရှိုင်း(ချင်း-လူရှည်) စာပေ၊ ဇို(ချင်း)စာပေ၊ ဟွွာလ်ငို(ချင်း)စာပေ၊ ထာဒိုစာပေ၊ တီးတိန်(ချင်း)၊ ဖလမ်း (ချင်း)၊ ဟားခါး(ချင်း) တို့ကိုလည်းကောင်း၊ ချင်းပြည်နယ်ရှိ အခြေခံပညာ ကျောင်းများတွင် တီးတိန်(ချင်း)၊ ဖလမ်း(ချင်း)၊ ဟားခါး(ချင်း)၊ ဇို၊ ထာဒို၊ ချိုး၊ အု(ဉ်)ပူး၊ ရာ့ ၊ ဒါရင်ဒူး၊ ဒိုင်၊ မတူပီ(ချင်း)၊ ဇိုတုန်၊ မရာ၊ လောက်တူ၊ ခူမီး၊ လေမီ၊ ရခိုင်၊ ခေါင်စို၊ လေးတူ၊ ဟွာလ်ငိုတို့ကိုလည်းကောင်း သင်ကြားဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဇ)ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ မြန်မာနိုင်ငံရှိ အခြေခံပညာမူလတန်းကျောင်းများမှ လုပ်သက်(၁၂)နှစ်အထက်ရှိ မူလတန်း ကျောင်းအုပ်ကြီးများ၏ အပြောင်းအရွှေ့နှင့် လုပ်သက်ရင့် လယ်ပြ-၂၊ လယ်ပြ-၃ ဆရာ/ဆရာမများ၏ ရာထူးတိုး/အပြောင်းအရွှေ့ကိစ္စများနှင့် ပတ်သက်၍ မည်သို့မူဝါဒ ချမှတ်ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လုပ်သက်(၂)နှစ် ပြည့်မီသူများ ဒေသစရိတ်ခံစားခွင့်ရသော ဒေသများတွင် လုပ်သက်(၁)နှစ် ပြည့်မီသူများ အပြောင်းအရွှေ့လျှောက်ထားနိုင်ပြီး မူလတန်းကျောင်းအုပ် အလယ်တန်းပြ-၁၊ ၂၊ ၃ တို့သည် B.Ed ဘွဲ့ရရှိပါက အထက်တန်းပြရာထူးတိုးသို့ လျှောက်ထားစေပြီး ဆန္ဒပြုဒေသ၊ ဘာသာရပ်ကိုက်ညီမှု လုပ်သက်ရမှတ်တန်းစီ ဇယားအရ နေရာလစ်လပ်မှုအပေါ်မူတည်၍ အထက်တန်းပြရာထူးတိုးသို့ တိုးမြှင့် ပေးလျက်ရှိကြောင်း၊ မူလတန်းကျောင်းအုပ်ကြီးများအား လုပ်သက်ရမှတ် (၉)မှတ် ပေါင်း၍ တန်းစီဇယားအရ ဆန္ဒပြုဒေသ၏ နေရာလစ်လပ်မှုအပေါ်မူတည်၍ ပြောင်းရွှေ့ဆောင်ရွက်ပေးလျက်ရှိပြီး ဆန္ဒပြုဒေသလစ်လပ်မှုမရှိပါက လက်ရှိ တာဝန်ထမ်းဆောင်နေသောကျောင်းနှင့် အနီးဆုံးကျောင်း သို့မဟုတ် အခြေချ နေထိုင်ရာ နေရပ်လိပ်စာနှင့် အနီးဆုံးကျောင်းများသို့ ပြောင်းရွှေ့ဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဈ)ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ပန်ဝိုင်အခြေခံပညာမူလတန်း (လွန်)ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့် ပေးရန်နှင့် ဆရာ/ဆရာမဦးရေ ထပ်မံတိုးချဲ့ ခန့်အပ်ပေးနိုင်မည့် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က  ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးမြှင့် ပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် ရာထူးတိုး/ အပြောင်းအရွှေ့များ ဆောင်ရွက်ချိန်တွင် ဆန္ဒပြုဒေသ အပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ည)ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ် ကျောင်းဆောင် အကြီးစားပြင်ဆင်သည့် လုပ်ငန်းတစ်ရပ်လုံးနှင့် ပတ်သက်ပြီး ဆောင်ရွက်သည့်ကုမ္ပဏီနှင့် တာဝန်ရှိသူများကို စစ်ဆေးဖော်ထုတ် အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က နှစ်ထပ်ကျောင်းဆောင် အကြီးစား ပြင်ဆင်မှုလုပ်ငန်းများအားလုံး ပြီးစီးခဲ့ပြီဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း  

၃။ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။

၄။ အစည်းအဝေးကို ၁၂:၃၆ နာရီ အချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို ၂၂-၅-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်