Share this

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ် (၃၁.၁.၂၀၁၉)

Thursday, January 31, 2019 - 15:16
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်

( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် )

[ကြာသပတေးနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် - 

(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်းရှိ ကြိမ်ချောင်းကျေးရွာ၊ မင်းသားတောင်ကျေးရွာနှင့် သရက်အုပ်ရွာသစ် ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တစ်ခုစီကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကြိမ်ချောင်း ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တစ်ခု ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လောလောဆယ်မလိုအပ်သေးကြောင်း၊ မင်းသားတောင်ကျေးရွာအား ကျေးလက် ကျန်းမာရေးဌာနခွဲအဖြစ်သို့ အသစ်တိုးချဲ့ဖွင့်လှစ်ရန် လျာထားပြီးဖြစ်ကြောင်း၊ င/တပေါင်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို လက်လှမ်းမီစွာ ဆောင်ရွက်နိုင်သောကြောင့် သရက်အုပ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တစ်ခုထပ်မံတိုးချဲ့ဖွင့်လှစ်ရန် လောလောဆယ် မလိုအပ်သေးကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ သဘောထားမှတ်ချက်ပြုတင်ပြထားပါသဖြင့် အစီအစဥ်မရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။ 

( ခ )ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွက်အတွင်း အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ စာကြည့်တိုက်နှင့် သောက်သုံး ရေကန်တို့၏ ကြားတွင်ရှိနေသော အလျား (၄၂၀)ပေ၊ အနံ (၁၃၀)ပေရှိ မြေကွက်လပ် ကို ရပ်ကွက်အားကစားကွင်းအဖြစ် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လူနေမြေကွက် ဖော်ထုတ်ချထားပေးသည့် မြေနေရာဖြစ်ပါ သဖြင့် ရပ်ကွက်အားကစားကွင်းအဖြစ် ဖော်ဆောင်ပေးရန် အစီအစဉ်မရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖာရွန်းကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ထန်တလန်မြို့နယ်တွင် ဆေးရုံ(၅)ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ခြင်း၊ ဖာရွန်းကျေးလက်ကျန်းမာရေးဌာနအောက် တွင် လွှမ်းခြုံနိုင်မည့် လူဦးရေနည်းပါးခြင်းတို့ကြောင့် တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် သင့်လျော်မှုမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

 ဥပဒေကြမ်း အသိပေးတင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီး ပေးပို့ထားသော တီထွင်မှု မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၄။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၇)ဦး က ဆွေးနွေးသည်။

၅။ အစည်းအဝေးကို ၁၁၁၀ နာရီ အချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ၄-၂-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်