ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)
[ သောကြာနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်-
(က) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံတော်၏ ငွေကြေး ကဏ္ဍအခြေအနေ ပွင့်လင်းမြင်သာစေရေးအတွက် နိုင်ငံတော်၏ အရန်နိုင်ငံခြား သုံးငွေ (Foreign Exchange Reserve) အရန်ရွှေပမာဏ (Gold Reserve)နှင့် ငွေကြေးဖောင်းပွမှုညွှန်းကိန်း (Inflation Index)တို့ကို သုံးလတစ်ကြိမ်ထုတ်ပြန် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း က နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ(Foreign Exchange Reserves)ပြောင်းလဲမှုအခြေအနေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သုံးလတစ်ကြိမ် ထုတ်ပြန်သည့် ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်း(Quarterly Financial statistics Bulletin) တွင် ထည့်သွင်းဖော်ပြထားပြီး စီးပွားရေး၊ ငွေကြေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များစွာကို စာအုပ်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (Website)တွင်လည်းကောင်း အများပြည်သူသိရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ “လစဉ်စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ” (Monthly Inflation Report)အဖြစ် ပြုစုထုတ်ပြန်လျက်ရှိပြီး www.mmsis.gov.mm Website တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဦးကျော်သန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့၊ မြို့မရဲစခန်း အဆောက်အဦအား အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ဦးစားပေးအစီအစဉ်အလိုက် နောင်လာမည့် ဘဏ္ဍာရေးနှစ်များ၏ ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် ထည့်သွင်းလျာထား တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(ဂ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး နှင့် ရဲဝန်ထမ်းအိမ်ရာအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် အသစ်ပြင်ဆင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က (၆) ခန်းတွဲ (၂) ထပ် (၁)လုံး နှင့် လူ (၃၀)ဦးဆံ့ လူပျိုဆောင် (၁) ဆောင်တို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံထားရှိပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (၁)ထပ် (၁)လုံး ဆောက်လုပ်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မှုခင်းသတင်း ပရဟိတအဖွဲ့ ဖွဲ့စည်းထားခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ် အဆင့်ဆင့် နှင့်တကွ မည်သည့်ဌာနမှ တာဝန်ခံ ချိတ်ဆက်၍ ကြီးကြပ် ကွပ်ကဲနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က အခက်အခဲကြုံတွေ့နေသူများအား အခမဲ့ကူညီရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်အား ကာကွယ်စောင့်ရှောက်ပေးလျက် ရှိသော လုံခြုံရေးအဖွဲ့အစည်းများ၏ အရန်အင်အားတစ်ရပ်အဖြစ် ဆောင်ရွက် ရန်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ အသင်းအဖွဲ့များဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (Myanmar Crime Reporters Association-MCRA) သည် သီးခြားအဖွဲ့အစည်းတစ်ရပ်ဖြစ်၍ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်မည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာနိုင်ငံ အတွင်းရှိ မြို့ပြနှင့်ဝေးကွာပြီး အချက်အချာကျသည့် ကျေးရွာများတွင် နယ်မြေ မီးသတ်စခန်းများ တိုးချဲ့တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က ဖွဲ့စည်းပုံခွင့်ပြုထားပြီး ကျန်ရှိနေသော နယ်မြေမီးသတ်စခန်းတို့အား ဖွင့်လှစ် နိုင်ရေးအတွက် မြေနေရာရရှိရေး၊ အဆောက်အဉီ ဆောက်လုပ်နိုင်ရေးနှင့် မီးသတ်ယာဉ်၊ စက်ပစ္စည်းကိရိယာများဖြည့်တင်းနိုင်ရေးတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်မီးသတ်ဦးစီးမှူးများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များထံ တင်ပြဆောင်ရွက်လျက်ရှိကြောင်း ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၃။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးသည်။
၄။ အစည်းအဝေးကို ၁၁:၄၅ နာရီ အချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ၆-၈-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်