Share this

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ

Friday, May 6, 2016 - 15:35
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ

(၂၀၁၆  ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်          ။)

၁၃၇၈  ခုနှစ်၊               လ၊                ရက်

(၂၀၁၆  ခုနှစ်၊                  လ၊               ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(ဂ)ကို အောက်ပါ အတိုင်း အစားထိုးရမည် -

“၅။(ဂ) အနိမ့်ဆုံးအခြေခံပညာအလယ်တန်းအဆင့် ပညာအရည်အချင်းရှိသူဖြစ်ခြင်း၊”

၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(ဃ)ကို ပယ်ဖျက် ရမည်။

၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(ည) တို့ကို အောက်ပါအတိုင်းအစားထိုးရမည် -

“၅။(င) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ငါးနှစ် နေထိုင်လျက်ရှိသူဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တကယ် နေထိုင်မည့်သူဖြစ်ခြင်း၊

      (ည) တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း မဟုတ်ခြင်း၊”

၅။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၆။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိ သည့်အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ သဘော ဆန္ဒဖြင့် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည့် ရပ်မိရပ်ဖ ငါး ဦးကို ကြီးကြပ်ရေး အဖွဲ့အဖြစ် သတ်မှတ်အတည်ပြုပေးရမည်။ ”

၆။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(စ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၇။(က)ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေစာရင်းကို အစဉ်လိုက် ရယူ၍ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာ အလိုက် ဆယ်အိမ်စုအဖွဲ့များ ဖွဲ့စည်းရမည်။ 

(စ)ပုဒ်မခွဲ(င)အရ ပြုစုသော အမည်စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို အိမ်ထောင်စု တစ်စုစီမှ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ် ပြည့်ပြီးသူ အိမ်ထောင်စုဝင်တစ်ဦးက လျှို့ဝှက်ဆန္ဒမဲ ပေး၍ ရွေးချယ်စေရမည်။ ရရှိသော မဲစာရင်းကို ရေတွက်၍ ကြေညာရမည်။”

၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)ကို အောက်ပါ အတိုင်း အစားထိုးရမည် -

“၉။(က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။ ယင်း၏ သက်တမ်းသည် တစ်ဆက်တည်း နှစ်ကြိမ်ထက်မပိုစေရ၊”

၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဆ)ကို အောက်ပါ အတိုင်း အစားထိုးရမည် -

“၁၂။(ဆ)ဤဥပဒေပါ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ် ရယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း။”

 

၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ(စ)၊ ပုဒ်မခွဲ(ည)၊ ပုဒ်မခွဲ(ဍ)၊ ပုဒ်မခွဲ(ဎ)၊ ပုဒ်မခွဲ(ဓ)နှင့် ပုဒ်မခွဲ(ဝ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၁၃။(စ) ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ဖြစ်စေ၊ ယင်းတို့၏ တာဝန်ပေးချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းကဖြစ်စေ   ဦးစီးကျင်းပသည့်   အခမ်းအနားများနှင့်  ပွဲများမှအပ  အခမ်းအနားများ၊   အများပြည်သူသို့   ဖျော်ဖြေသည့်ပွဲများ၊    ပြပွဲများ၊    ပြိုင်ပွဲများ၊   ရိုးရာဓလေ့အရ ပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံကျင်းပစေခြင်း၊

(ည)အများပြည်သူနှင့် သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေ အနားယူမှုလုပ်ငန်းများ တည်ထောင်ခွင့် တောင်းခံလာပါက သဘောထားမှတ်ချက်ဖြင့် သက်ဆိုင်ရာသို့ တင်ပြခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လျှင်ဖြစ်စေ၊ စည်းကမ်းချက် မလိုက်နာလျှင် ဖြစ်စေ အရေးယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်း၊

(ဍ)လက်ပူးလက်ကြပ်ဖမ်းဆီးရမိခြင်းမရှိသော လူဆိုး၊ သူခိုးများအား ဖမ်းဆီးခြင်း၊ အရေး ယူရန် အကြောင်းကြားခြင်း၊

(ဎ)တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် စစ်ဆေးရန် လိုအပ် သော နေရာများကို ခိုင်လုံသော အကြောင်းပြချက်ဖြင့် စစ်ဆေးခြင်း၊

(ဓ)ဖွားသေမှတ်ပုံတင်စာရင်းနှင့် အိမ်ထောင်စုပြောင်းရွှေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ ရောက်ရှိခြင်းနှင့် လူဦးရေစာရင်းများကို အချိန်နှင့် တစ်ပြေးညီ ပြုစုခြင်း၊

(ဝ)အများပြည်သူအကျိုးနှင့် ဒေသခံပြည်သူများ၏ အကျိုးကို လက်တလောထိခိုက် စေမည့် ဘေးအန္တရာယ်များ ကျရောက်သဖြင့် အရေးပေါ်အခြေအနေပေါ်ပေါက် သည့်အခါ ဒေသခံပြည်သူတို့အတွက် အရေးကြီးပြီး တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းကို ချက်ချင်းဆောင်ရွက်ခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခြင်း၊”

၁၀။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ(ဆ) ကို ပယ်ဖျက် ရမည်။ 

၁၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၅ ခြေဆင်းကို အောက်ပါ အတိုင်း အစားထိုးရမည် -

“၁၅။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးဦးနှင့်ပတ်သက်၍ အောက်ပါအကြောင်း တစ်ရပ်ရပ်ပေါ်ပေါက်လျှင် စုံစမ်း စစ်ဆေးမှုပြုရန်  လိုအပ်ပါက  အဖွဲ့ဖြင့်  စုံစမ်းစစ်ဆေးမှုပြုပြီး  ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်သည်-”

၁၂။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၇ ကို ပယ်ဖျက်ရမည်။

၁၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၀ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၂၀။ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အများပြည်သူနှင့် သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေအနားယူမှုလုပ်ငန်းများ တည်ထောင်လိုပါက သက်ဆိုင်ရာ တာဝန်ရှိသူထံမှ ခွင့်ပြုချက်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။”

၁၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၁ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၂၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အခမ်းအနားများ၊ အများပြည်သူဖျော်ဖြေသည့် ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရ ပြုလုပ် သည့် ပွဲများကို ကျင်းပလိုပါက သက်ဆိုင်ရာ တာဝန်ရှိသူထံ အသိပေး တင်ပြရမည့် အပြင် သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။”

၁၅။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၄ ‌ြေခဆင်းကို အောက်ပါ အတိုင်း အစားထိုးရမည် -

“၂၄။ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများသည် အောက်ပါအခွင့် အရေးများကို ခံစားပိုင်ခွင့်ရှိသည် -”

၁၆။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၂၇။မည်သူမဆို ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနှစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာ တရား ရုံးက ချမှတ်ရမည်။”

၁၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၃၃ ကို ပယ်ဖျက်ရမည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

                                                             

(ပုံ) ထင်ကျော်

 နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်