မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)
၁၃၇၉ ခုနှစ်၊ လ ရက်
(၂၀၁၇ ခုနှစ်၊ လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို“မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကိုပြင်ဆင်သည့်ဥပဒေ”ဟု ခေါ်တွင်စေရမည်။
၂။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(င)တွင်ပါရှိသော“ ပြည်ထောင်စုအစိုးရ ကျန်းမာရေးဝန်ကြီးဌာန”ဆိုသည့်စကားရပ်ကို “ပြည်ထောင်စုအစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန” ဆိုသည့်စကား ရပ်ဖြင့် အစားထိုးရမည်။
၃။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(ည)၏ နောက်တွင် ပုဒ်မခွဲ(ဋ)နှင့် (ဌ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဋ) မတော်တဆဖြစ်မှုများ၊ အကြမ်းဖက်မှုများ၊ သဘာဝဘေးအန္တရာယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကြုံတွေ့ရသည့် ထိခိုက်ဒဏ်ရာရရှိသူများကို လူသားချင်းစာနာထောက်ထားခြင်အပေါ် အခြေခံကာ ရှေးဦးပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်၊
(ဌ) ရှေးဦးပြုစုခြင်းပညာရပ် ပြန့်ပွားရေးအတွက် အမျိုးသားအဆင့်အစီအမံများ ဆောင်ရွက်ရန်။”
၄။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေ ပုဒ်မ ၁၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(က) ကောင်စီသည် ကောင်စီဝင်များထဲမှ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦးနှင့် အချိန်ပိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ ဦး၊ စုစုပေါင်းအဖွဲ့ဝင် ၁၁ ဦးပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ရ မည်။
(ခ) ပုဒ်မခွဲ(က)အရ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦးအနက်မှ ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးကို ရွေးကောက်တင်မြှောက်ရမည်။”
၅။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(ထ)၏ နောက်တွင် ပုဒ်မခွဲ(ဒ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“(ဒ) အသင်း၏ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးကို အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ရမည်။”
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်