ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
[တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။
(က) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ရှိ ဖုတ်ကုန်း-နေရာခင်း-ရွာသစ်-ကိုင်း ကျေးရွာချင်း ဆက်လမ်းအား မြေသားပေါင်တင် ဖောက်လုပ်ရန်အတွက် မည်သည့်ဘဏ္ဍာရေး နှစ်တွင် ထည့်သွင်းလျာထားပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအဆင့် သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့်(၁)၌ ပါဝင်သဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကရင် ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်မှ ကရင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ် များသို့ ဖာပွန်မြို့မှတစ်ဆင့် သွားလာနိုင်ရန် သံတောင်ကြီး-ဖာပွန် ကားလမ်းမကြီး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က နယ်မြေအခြေအနေအရ ဝင်ရောက် သွားလာခွင့် ရမည်ဆိုပါက Survey တိုင်းတာဆောင်ရွက်ခြင်း၊ စက်ယာဉ် ယန္တရားများပေးပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး အမြန်ဆုံးဖောက်လုပ်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဒေါ်မေသန်းနွဲ့၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာလမ်းပေါ်ရှိလမ်းနှင့် ဆည်မြောင်း တာထပ်နေသည့် အပိုင်းများအား မည်သည့်ဌာနက မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က လမ်းအူကြောင်းတစ်လျှောက်ရှိ မြေယာလျော်ကြေးကိစ္စများအား လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပြီးပြတ်ပါက မြေယာလျော်ကြေးငွေနှင့် လမ်းတည်ဆောက်ခြင်းလုပ်ငန်းများ အတွက် လျာထားရန်ပုံငွေများကို နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံ သွားမည်ဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဒေါ်သီရိရတနာ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေး အဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှု အခြေအနေ၊ အကောင်အထည်ဖော် ပြီးစီးမှုရာခိုင်နှုန်းနှင့် မည်သည့်ကာလတွင် ဝန်ထမ်းများ လက်ဝယ်သို့ ပေးအပ်နိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ အကြား အချိုးကျခွဲဝေရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောက်လုပ်၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ရောင်းချရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(င) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ငါ့သရောက်မြို့နှင့် တောင်ဇင်း - ကန်စောင့် ကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ဘဏ္ဍာရေးနှစ်အလိုက်ပိုင်း၍ အဆင့်တိုးမြှင့် ဖောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မြေသားလမ်းမှာ (၁၃)မိုင်ရှိပြီး ကျေးလက်လမ်း စာရင်းတွင်ပါဝင်ခြင်းမရှိသေးသော (၉)မိုင် (၂)ဖာလုံအား ကျေးလက်လမ်းအဖြစ် ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်လမ်းပိုင်းအရှည် (၃)မိုင်(၆)ဖာလုံအား ကျေးလက်လမ်းဖွံ့ဖြိုးရေး (၁၃)နှစ် စီမံကိန်းအရ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အဆုံးအဖြတ် ရယူခြင်း
၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထား သော စကားရပ် ပြောင်းလဲသတ်မှတ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။
အဆိုတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း
၄။ ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)က မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင် ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်သည်။
၅။ အစည်းအဝေးကို ၁၀:၄၉ နာရီအချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို ၅-၁၁-၂၀၁၉ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်