ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး
ပထမနေ့ အစည်းအဝေးအနှစ်ချုပ်
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၅ ရက်
( ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက် )
[ တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့်ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -
(က) ဦးယောနာ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကချင်ပြည်နယ်၊ ဆော့လော် မြို့နယ်၊ လာချင်ကျေးရွာအုပ်စု၊ လာချင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိရေးအတွက် အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ညှိနှိုင်း၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန) များသို့လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်များတောင်းခံ၍ ပြန်ကြားချက်(ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်းဖြေကြားသည်။
( ခ ) ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြစ်ဝကျေးရွာ၊ ကျေးလက် ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးလက် ကျန်းမာရေးဌာန တိုးချဲ့ဖွင့်လှစ်ရန် အခြေခံမူ (၅)ချက်နှင့် ကိုက်ညီမှုရှိပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း ထောက်ခံတင်ပြ ထား၍ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့လည်း ညှိနှိုင်းတောင်းခံ ထားပြီးဖြစ်ပါသဖြင့် ပြန်ကြားချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြပြီး ခွင့်ပြုချက်ရရှိလျှင် လုပ်ထုံး လုပ်နည်းများနှင့် အညီ စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဖြေကြားသည်။
( ဂ ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရွှေညိုမအုပ်စု၊ ကွမ်းချောင်းကျေးရွာတွင် ကျန်းမာရေး ဌာန သို့မဟုတ် ကျန်းမာရေးဌာနခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ရန် အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားကျန်းမာရေးစီမံကိန်း နှင့် ညှိနှိုင်း၍ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)များသို့ လည်းကောင်း ပေးပို့ပြီး သဘောထားမှတ်ချက်များ တောင်းခံ၍ ပြန်ကြားချက် (ထောက်ခံချက်) ရရှိလျှင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက် တင်ပြပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
(ဃ) ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် လစ်လပ်ပြီး အရေးတကြီး လိုအပ်နေသော အထူးကု ဆရာဝန်၊ သမားတော်နှင့် လက်ထောက်ဆရာဝန်များ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ထောက်ဆရာဝန်(အရိုး) (၁)ဦးအား အမြန်ဆုံး ခန့်ထားပေးမည် ဖြစ်ကြောင်း နှင့် ပြည်ပသင်တန်းသွားနေသော မေ့ဆေးဆရာဝန် (၁)ဦး အမြန်ဆုံး စီစဉ်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
(င) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်တွင် မြို့အဆင့်မီ ခေတ်မီအားကစားကွင်း နှင့် လေ့ကျင့်ရေးစင်တာတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြို့အဆင့်မီ ခေတ်မီအားကစား ကွင်းနှင့် လေ့ကျင့်ရေးစင်တာ ဖော်ဆောင်ရန်အတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် အမည်ပေါက် မြေဂရန်ရရှိပါက ဘဏ္ဍာရေးနှစ် အလိုက် ဘတ်ဂျက်ထည့်သွင်း လျာထားတောင်းခံပြီး ခွင့်ပြုငွေရရှိလျှင် ေဆာင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။
၄။ အစည်းအဝေးကို နေ့လယ် ၁၁၀၀ နာရီအချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်း အဝေးကို ၁၅-၅-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်