Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၀ - ၁၁ - ၂၀၁၈)

Tuesday, November 20, 2018 - 13:54
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒသမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်

( ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် )

[အင်္ဂါနေ့]

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -

     (က)    ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နိုင်ငံပိုင်ငွေကြေး ပိုမိုခိုင်မာလာစေရန်နှင့် တရားမဝင် ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန် နိုင်ငံခြား သုံးငွေအား မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပြည်တွင်း၌ ကျပ်ငွေအဖြစ် လဲလှယ်သုံးစွဲ စေရန် တွန်းအားပေးမည့် အစီအမံများ ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် က ငွေကြေးဖြင့် ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းတို့ကို ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန်နှင့် နိုင်ငံခြားငွေဖြင့် ဆောင်ရွက်ရန်လိုအပ်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို တောင်းခံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံခြား ငွေဖြင့် လက်ခံရယူမှုများအတွက် ကြပ်မတ်ကွပ်ကဲရန်လိုအပ်ပြီး ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ သုံးစွဲရန် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက မည်သို့အရေးယူ ဆောင်ရွက်မည်၊ ထိုကဲ့သို့ အရေးယူခြင်းကို မည်သည့်ကာလမှ စတင်မည်တို့ကို ပြည်သူလူထုသို့ အသိပေးပြီး ပညာပေးကာလတစ်ခုအဖြစ် သတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဖြေကြားသည်။

     ( ခ )   ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေ တက္ကသိုလ်တွင် အင်္ဂလိပ်စာ မဟာဘွဲ့သင်တန်း M.A (English) ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က စစ်တွေတက္ကသိုလ် အင်္ဂလိပ် စာဌာနမှ ဒေသခံ ဝါရင့်ကထိကနှင့် လက်ထောက်ကထိက ဆရာ၊ဆရာမများကို ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် အင်္ဂလိပ်စာအရည်အသွေးမြင့်မားရေး အတွက် တွဲဖက်၍ တာဝန်ချထားမည်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် စစ်တွေတက္ကသိုလ်၌ အင်္ဂလိပ်စာ မဟာတန်းဖွင့်လှစ်ရန် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

     ( ဂ )   ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ရှမ်း ပြည်နယ်၊ ကျိုင်းတုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပျက်စီးယိုယွင်း နေသည့် ဟောခန်းမကိုဖျက်ပြီး အသစ်တည်ဆောက်ပေးရန်နှင့် လိုအပ်နေသည့် သန့်စင်ခန်းများကို ထပ်မံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပျက်စီးယိုယွင်းနေသည့် ဟောခန်းမဆောင် ဖျက်သိမ်းခွင့်အား လုပ်ထုံးလုပ်နည်း နှင့်အညီ စီစစ်ဆောင်ရွက်စေပြီး ဟောခန်းမဆောင်အသစ် ဆောက်လုပ်ရန် အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် အခြေအ‌နေအပေါ် မူတည်လျက်   ဦးစားပေးအဆင့်အလိုက် ထည့်သွင်းလျာထားနိုင်ရေး စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထပ်မံလိုအပ်သော သန့်စင်ခန်း(၂)ခန်းတွဲ (၅)လုံး ဆောက်လုပ်ရန် အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပညာရေးမှူးရုံးသို့ ခွဲဝေပေးထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

              (ဃ)    ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မြန်မာပြည် တစ်ပြည် လုံး အခြေခံပညာ အထက်တန်းကျောင်းတွင် (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) သိပ္ပံဘာသာရပ်များကို သိပ္ပံခန်းတွင် လက်တွေ့သင်ကြားခြင်းများကို ပြန်လည်၍ အလေးပေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အချို့သော အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များတွင် သိပ္ပံလက်တွေ့စမ်းသပ်ချက် ပြုလုပ်နိုင်မည့် ဆရာ၊ ဆရာမ များ၏ အရည်အသွေးအားနည်းခြင်းတို့ ရှိနေသေးသောကြောင့် အားဖြည့် ဆောင်ရွက်မည့်အစီအစဉ်များဖြစ်သော လိုအပ်သည့် သိပ္ပံခန်းသုံး ပစ္စည်း၊ ဓာတ်ဆေးများဖြည့်ဆည်းခြင်း၊ အရည်အသွေးမြှင့် သင်တန်းပေးခြင်း တို့ကို ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိမည့် ရန်ပုံငွေအပေါ်မူတည်၍ ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

              (င)     ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ပညာရပ်ဝေါဟာရများ (Scientific and Technical Terms) အတွဲများကို ပြန်လည်ဆန်းစစ်ခြင်း၊ ပြန်လည်တည်းဖြတ်ခြင်းနှင့် ဖြည့်စွက်ခြင်းများပြုကာ ပိုမိုခေတ်မီပြည့်စုံသော ပညာရပ်ဝေါဟာရ အဘိဓာန်အဖြစ် ထုတ်ဝေဖြန့်ချိပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က  မူလပညာရပ်ဝေါဟာရ(၈)တွဲအား အကိုးအကား အထောက် အကူပြုမည့်စာအုပ်များ ထွက်ပေါ်လာနိုင်ရေးအတွက် ထုတ်ဝေခဲ့ပြီးဖြစ်သော မူရင်း စာအုပ်(၈)အုပ်ပါဝေါဟာရများ (Scientific and Technical Terms) အတွဲများကို ပြန်လည်ဆန်းစစ်ခြင်း၊ တည်းဖြတ်ခြင်းနှင့် ဖြည့်စွက်ခြင်းများ ပြုကာ ပိုမိုခေတ်မီပြည့်စုံသော အဘိဓာန်အဖြစ် ထုတ်ဝေဖြန့်ချိပေးရန် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ သိပ္ပံဘာသာရပ်ဌာန များ၊ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်း၊ ပညာရှင်များနှင့်ညှိနှိုင်း၍ လိုအပ်သောအဖွဲများ ဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။           အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာပေနှင့် အနုပညာ မူပိုင်ခွင့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။           ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင် က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် အတည်ပြုပြီး ပေးပို့လာသော လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

၅။           အစည်းအဝေးကို ၁၁၂၃ နာရီအချိန်တွင် ရပ်နားပြီး ဆဋ္ဌမ‌နေ့ အစည်းအဝေးကို ၂၇-၁၁-၂၀၁၈ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်