ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ( /၂၀၁၆)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေ
၁၃၇၇ ခုနှစ်၊ လ၊ ရက်
(၂၀၁၆ ခုနှစ်၊ လ၊ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် စျေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရန်လည်းကောင်း၊ ပြည်သူများ လိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်နိုင် ရန်လည်းကောင်း ပြည်ထောင်စုလွှတ်တော်က ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
(က) “ နိုင်ငံတော် ” ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုလိုသည်။
(ခ) “ အတိုင်ပင်ခံ ပုဂ္ဂိုလ်” ဆိုသည်မှာ အခန်း(၂)ပါ ရည်ရွယ်ချက်များ အောင်မြင်စေရန် အတွက် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသူကို ဆိုလိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ (က) ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး။
(ခ) စျေးကွက်စီးပွားရေးစနစ်ပီပြင်ရေး။
(ဂ) ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေး။
(ဃ) ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။
အခန်း(၃)
တာဝန်ပေးအပ်ခြင်း
၄။ ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်။
အခန်း(၄)
တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
၅။ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
(က) ဖွဲ့စည်းပုံအြေခခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များ ပေးရမည်။
(ခ) အကြံပြုချက်များ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည်။
(ဂ) အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ နှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။
(ဃ) အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရာထူးအလျောက်ရရှိသည့် လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်။
(င) အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ခွဲဝေသတ်မှတ်ထားရှိရမည်။
အခန်း(၅)
အထွေထွေ
၆။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်း ဖြစ်သည်။
၇။ ဤဥပဒေသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် တာဝန် ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်းကာလအတွက်သာ ဖြစ်စေရမည်။
၈။ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ လိုအပ် သော နည်းဥပဒေများကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်