ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၀ ပြည့်နှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်
( ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် )
[အင်္ဂါနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က)ဦးစောစိန်ထွန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းကို အခြေခံပညာမူလတန်း(လွန်)ကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။
( ခ )ဦးဝင်းကြိုင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု၊ ဖိုးခေါင်စု အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အမှုတွဲလျှောက်ထားတင်ပြစေပြီး သတ်မှတ်မူနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
( ဂ ) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ မိုင်းမောမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် ဖွင့်လှစ် သင်ကြားနေသော အခြေခံပညာ မူလတန်းအဆင့်ကျောင်းများကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အမှုတွဲလျှောက်ထားတင်ပြစေပြီး သတ်မှတ်မူနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းရှိ မော့ကနင်ကျေးရွာအုပ်စု၊ မော့ကနင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ အန္တရာယ်ရှိသော ကျောင်းဆောင်ဟောင်းကို ဖျက်သိမ်း၍ ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လိုအပ်သော ရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခေါင်းစဉ်အောက်မှ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် ခွဲခြားသတ်မှတ်ပြီး ထည့်သွင်း လျာထားနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
(င)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မှောင်တလန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သတ်မှတ်မူနှင့် ကိုက်ညီမှုရှိပါသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်း အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် အမှုတွဲတင်ပြလျှောက်ထားစေပြီး သတ်မှတ်မူနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ဥပဒေကြမ်း ဆွေးနွေးခြင်း
၃။ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦး က ဆွေးနွေးသည်။
၄။ အစည်းအဝေးကို ၁၀၅၇ နာရီအချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၂၃-၁-၂၀၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်