ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒုတိယနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်)
[ အင်္ဂါနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။
(က)ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ထန်းတပင်ကျေးရွာ၊ ချောင်းကန်ကျေးရွာ၊ သလဲဦးကျေးရွာ၊ ပျဉ်းတော်ကျေးရွာတို့မှ တောင်သူ(၁၈၃)ဦး၏ လယ်ယာမြေ များကို MEC သကြားစက်ရုံ (ကန့်ဘလူ)မှ သိမ်းယူခဲ့ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မြေပြန်စစ်ကော်မတီများက ပိုလျှံမြေဧက (၁၀၀)ကို ပြန်လည် စွန့်လွှတ်သင့်ပါကြောင်းနှင့် အသုံးပြုထားသောမြေများကို လျော်ကြေးငွေ ပြန်လည်တွက်ချက်ပေးနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထား တောင်းခံခဲ့ရာ ကြန့်ကြာနေမှုအား အမြန်ကူညီ ဆောင်ရွက်နိုင်ရန်နှင့် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထဲရေးအမိန့်ရရှိပြီးသော မြေများဖြစ်ခြင်း၊ လက်ရှိသကြားစက်ရုံ လည်ပတ် ဆောင်ရွက်လျက်ရှိခြင်း၊ မျိုးကြံစိုက်ပျိုးမြေများဖြစ်ခြင်း၊ မျိုးကြံစိုက်ပျိုးမြေများ အား မြေလဲလှယ်စိုက်ပျိုးရေးစနစ်ဖြင့် ဆောင်ရွက်ထားရှိခြင်းတို့ကြောင့် ပိုလျှံ မြေမရှိခြင်း၊ စက်ရုံအတွက် မြေစတင်သိမ်းဆည်းစဉ်ကပင် ၄င်းခေတ်ကာလနှင့် လျော်ညီသော လျော်ကြေးငွေများ ပေးလျော်ပြီးဖြစ်ခြင်းတို့ကြောင့် လျော်ကြေးငွေ ထပ်မံပေးလျော်ရန် မရှိကြောင်းနှင့် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးပါက မိမိနေထိုင်ရာ မြို့နယ်များတွင် ပင်စင်လစာများကို ထုတ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လစဉ်ထုတ်ယူနိုင်ရေး မြန်မာ့စီးပွားရေးဘဏ်နှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးနိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ)ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ မြေယာသိမ်းဆည်းခြင်း ကိစ္စရပ်များနှင့် မြေယာအငြင်းပွားမှုကိစ္စရပ်များ မဖြစ်ပွားမီ ရှေးကာလများကပင် ထုတ်ပေးထားသည့် မြေခွန်ပြေစာပါ ကွင်းအမည်၊ ကွင်းအမှတ်၊ ဦးပိုင် အမှတ်ပါ မြေတည်နေရာမှာ မြေသိမ်းဆည်းခြင်းကိစ္စရပ်များနှင့် မြေယာ လုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာပြီးနောက်ပိုင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)မှ ၎င်းတို့၏ မှတ်တမ်းများအရ တောင်သူမှ တင်ပြလာသည့် မြေနေရာနှင့် တောင်သူလက်ဝယ်ရှိ မြေခွန် ပြေစာပါ မြေတည်နေရာမှာ ကွဲလွဲမှုများရှိနေသည်ဟု ဆိုလာပါသဖြင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ကာယကံရှင်များအနေဖြင့် မိမိတို့လုပ်ကိုင်ခဲ့သည့် မြေတည်နေရာနှင့် နယ်နိမိတ်ကို အနီးစပ်ဆုံးအထိ လိုက်လံ ကွင်းဆင်းပြသခြင်း၊ ကန်သင်းတင် တောင်သူ လယ်သမားများ၏ မှန်ကန်ကြောင်း ထောက်ခံတင်ပြခြင်းတို့နှင့် ဌာနတွင် ထိန်းသိမ်းထားရှိသည့် မှတ်ပုံစာရင်းနှင့် မြေပုံတို့ကို အခြေခံပြီး ကွဲလွဲချက်များ အပေါ် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ဧရာဝတီမြစ်ရေလွှမ်းခြင်းမှ ကာကွယ်နိုင်ရန် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ ကချင်စု ရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်နှင့် လယ်ကုန်းရပ်ကွက်များ၏ မြစ်ကမ်းပါး တစ်လျှောက် ရေထိန်းကမ်းပါးဘောင်အား သံကူကွန်ကရစ် ကျောက်စီခြင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အကြိုဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်မည့်ရန်ပုံငွေများကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ နှစ်အလိုက်ကျခံဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။
(င)ဒေါက်တာခွန်ဝင်းသောင်း၊ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ Asean University Games ပြိုင်ပွဲများ၌ မြန်မာ့တက္ကသိုလ် ရေကူးအသင်းသည် ယခုအခါ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် ယခင်ကကဲ့သို့ မြန်မာ့တက္ကသိုလ်ပေါင်းစုံ ရေကူးပြိုင်ပွဲများ ကျင်းပ၍ ရေကူးအားကစား လောက ယခုထက် ပိုမိုမြှင့်တင်ပေးနိုင်ရန် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် လက်ရှိမြန်မာ့ရေကူးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ နုတ်ထွက်သွားပြီးနောက် အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်မှုကို မည်သည့်ကာလ၌ မည်သို့ အစားထိုးရွေးချယ်နိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က တက္ကသိုလ် ရေကူးအားကစားလောက ယခုထက် ပိုမိုမြှင့်တင်ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နှစ်စဉ်နွေရာသီ အခြေခံရေကူးအားကစား သင်တန်းနှင့် အဆင့်မြင့် ရေကူးအားကစားသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးခြင်း၊ အခြေခံပညာအဆင့်မှစ၍ တက္ကသိုလ် ပေါင်းစုံအဆင့်အထိ ရေကူးအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီမှ အတည်ပြုဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(စ)ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းနှင့် ကိုးသိန်းအားကစားကွင်းတို့အား ဝန်ကြီးဌာန အနေဖြင့် ပြန်လည်ရယူ၍ မျိုးဆက်သစ်လူငယ်များ အားကစား ပြုလုပ် နိုင်ရန် တိုင်းအားကစားကွင်းနှင့် မြို့နယ်အားကစားကွင်းအဖြစ် ပြန်လည် သတ်မှတ် ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျောက်တိုင်အားကစားကွင်း (တိုင်းအားကစားကွင်း)သည် Myanmar National League ရာသီပွဲစဉ် တစ်လျှောက်အိမ်ကွင်းပွဲစဉ်အဖြစ်သာ ကျင်းပသည့်အတွက် ကိုးသိန်းအားကစား ကွင်းတွင် ဘောလုံးအကယ်ဒမီသင်တန်းကျောင်းမှ သင်တန်းသားများ နေ့စဉ် (၂)ကြိမ်ခန့်လေ့ကျင့်ခြင်းအား ကျောက်တိုင်အားကစားကွင်း၌ ဆောင်ရွက်သွား မည်ဆိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွက် အားကစားကွင်း (၁)ကွင်းသာ လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကိုးသိန်း အားကစားကွင်းအား တိုင်းအားကစားကွင်းအဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းအပ်နှံမှသာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် လွှဲပြောင်း/ လက်ခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၃။ ဒေါ်ကျိန်ငိုက်မန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။
အစီရင်ခံစာ ဖတ်ကြား တင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၄။ စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်)က ကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချြခင်း ဆိုင်ရာ လေ့လာစိစစ်မှု” အစီရင်ခံစာကို အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၅။ အစည်းအဝေးကို ၁၂:၁၇ နာရီ အချိန်တွင် ရပ်နားပြီး တတိယနေ့ အစည်းအဝေးကို ၁၅-၇-၂၀၂၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်