Share this

ဒုတိယနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၁၇.၁.၂၀၁၈)

Wednesday, February 28, 2018 - 11:15
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး

ဒုတိယနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် 

 

၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

( ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် )

[ဗုဒ္ဓဟူးနေ့]

 

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇  ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် - 

(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ အပေါက်ဝ - ကြောင်ဖိုလမ်းပေါ်ရှိ အပေါက်ဝ ကျေးရွာအနီး၌ (၃၀  x ၁၄ x ၁၂) ပေ တံတားတစ်စင်းနှင့် ဘရဝါကျေးရွာ တွင် (၄၀ x ၁၄ x ၂၀) ပေ တံတားတစ်စင်း၊ စုစုပေါင်း တံတားနှစ်စင်းကို ကွန်ကရစ်တံတားအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်  ရှိ/မရှိ မေးခွန်းနှင့် စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က အပေါက်ဝ - ကြောင်ဖိုလမ်းပေါ်ရှိ အပေါက်ဝတံတားနှင့် ဘရဝါတံတား တို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

( ခ )ဦးသိန်းလွင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နှင့် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တို့ကို ဆက်သွယ်ထားသော ပြည်နယ်ချင်းဆက် မဟာဗျူဟာကျသည့်ကားလမ်းကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က နယ်မြေလုံခြုံရေး အခြေအနေအရ သွားလာ၍ မရသော မန်ဝိန်းကြီးကျေးရွာမှ မဒန်ယန်ရွာအထိအား နယ်မြေလုံခြုံရေး အခြေအနေကောင်းမွန်လာပါက ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

( ဂ )ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ယူးချောင်းတံတား အသစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဥ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က တမူး-စေတီ-နန်းအောင်မော်လမ်းပေါ်ရှိ ယူးချောင်း တံတား (တံတားအမှတ် ၁/၄၄) (၄၇၀)ပေ ကို သံကူကွန်ကရစ် တံတားအဖြစ် တည် ဆောက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် လျာထား တင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း နှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ ဒေါက်တာမျိုးအောင်၊ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပါသည်။

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြ လက်မှတ် ရေးထိုးပြီး ၂၂-၁-၂၀၁၈ (တနင်္လာနေ့)ထက် နောက်မကျစေဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။ 

ဆွေးနွေးခြင်း

၅။ ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံတွင် သူငယ်တန်းမှ စ၍ တက္ကသိုလ်ဝင်တန်း(အထက်တန်း) အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာကို မသင်မနေရ ဘာသာရပ် တစ်ခုအဖြစ် ပြဋ္ဌာန်း သင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေး ပြီးဆုံးချိန်တွင် ကျောင်းသူ/ကျောင်းသား အများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် (Grade 9) အဋ္ဌမတန်း မှစတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုး ညွှန်းတမ်းများနှင့် သင်ကြားပုံ နည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ)ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည် ၄ မျိုး (4 skills – reading, writing, speaking, listening) ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦး က ဆွေးနွေးပါသည်။

၆။ အစည်းအဝေးကို  ၁၁၀၈ နာရီအချိန်တွင် ရပ်နားပါသည်။ တတိယနေ့ အစည်းအဝေးကို  ၁၈-၁-၂၀၁၈ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပရန် လျာထားပါသည်။

အမျိုးသားလွှတ်တော်